နာဂလူမျိုးတွေရဲ့ ပထမဆုံး အမျိုးသားညီလာခံ ကျင်းပမည်

Tuesday, November 11, 2014








နာဂတိုင်းရင်းသားတို့ရဲ့ ပထမဆုံးအကြိမ် နာဂအမျိုးသားညီလာခံကို ၂၀၁၄ ခုနှစ်၊  နိုဝင်ဘာလ ၂၇ ရက်ကနေ ၃၀ ရက်အထိ ပြုလုပ်သွားပါမယ်။


နာဂလူမျိုးများ (ဓာတ်ပုံ- The Irawwaddy)

 လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေမယ့် နာဂတိုင်းရင်းသားရေးရာဆိုင်ရာ ရုံးချုပ်တွေ ရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်မှာ ပြုလုပ်သွားမှာပါ။

“မြန်မာနိုင်ငံမှာနေထိုင်တဲ့ နာဂတွေအနေနဲ့ တစ်ခါမှ ဒီလိုတွေ့ဆုံပြီး ကျွန်တော်တို့ရဲ့ အနာဂတ်၊ ရပ်တည်ချက်တွေ ဘယ်လိုသွားကြမလဲဆိုတဲ့ဟာမျိုး အတူတူထိုင်ပြီး မပြောကြဖူး ဘူး။ ဒါပထမဆုံးအကြိမ်ပါ” လို့ နာဂအမျိုးသားညီလာခံဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးရှုမောင်က ဧရာဝတီကို ပြောတာပါ။        

ညီလာခံမှာ နာဂတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့်ဆိုင်တဲ့ ကိစ္စရပ်တွေ နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်တွေ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ နာဂတိုင်းရင်းသားတို့ရဲ့ ရှင်သန်ရပ်တည်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဒီမှာဌာနေတိုင်းရင်းသားတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေး၊ လူမျိုးရေးဆိုင်ရာကိစ္စရပ်တွေအတွက်လည်း တိတိကျကျ မူဘောင်လေး ရှိ စေချင်တာပေါ့နော်။ အဲဒီအပိုင်းလေးတွေဆွေးနွေးဖြစ်မယ်လို့မျှော်လင့်ထားပါတယ်” လို့ ဦးရှုမောင်က ဆက်ပြောပါတယ်။

ပထမဆုံးအကြိမ်ပြုလုပ်မယ့် နာဂအမျိုးသားညီလာခံကနေ ပြောင်းလဲနေတဲ့ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းအတွက် အပြုသဘောဆောင်တဲ့ အကျိုးရလဒ်တွေ ရလာ နိုင်မယ်လို့လည်း နာဂမျိုးနွယ်စုခေါင်းဆောင်တို့က မျှော်လင့်ထားကြပါတယ်။

“သမိုင်းစဉ်ဆက်ဘိုးဘွားတွေကတည်းက  ဒီလိုမျိုးနာဂအမျိုးသားရေးကိုစုပြီး မဆွေး နွေးဖူးဘူး။ ပထမဆုံးဖြစ်တဲ့အတွက် အတွေ့အကြုံတွေယူပြီးတော့ နောက်ကိုဘာတွေဆက် လုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ကြမယ်” ဟု နာဂရိုးရာယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ဦး မြတ်ကို ကပြောပါတယ်။

နာဂအမျိုးသားညီလာခံမှာ နာဂမျိုးနွယ်စုဝင်တွေနဲ့အတူ မျိုးနွယ်စုဝင်တွေ မဟုတ်တဲ့ အစိုးရ၊ လွှတ်တော်အဆင့်ဆင့်က ပုဂ္ဂိုလ်တွေပါ ဖိတ်ကြားသွားမှာပါ။

ညီလာခံကို လူဦးရေ ၃၀၀ မှ ၅၀၀ ခန့်အထိ တက်ရောက်မယ်လို့ မျှော်လင့်ထားကြောင်း လည်း ညီလာခံဖြစ်မြောက်ရေး ကော်မတီဆီက သိရပါတယ်။

နာဂလူမျိုးတွေဟာ မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ နာဂဒေသတွေဖြစ်တဲ့ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ တ မူးမြို့နယ်နှင့် ကချင်ပြည်နယ်မှာရှိတဲ့ ရှင်ဘွေယန်မြို့နယ်၊ တနိုင်းမြို့နယ်၊ မြစ်ကြီးနားမြို့တွေမှာပါ နေထိုင်နေကြပြီး လူဦးရေသုံးသိန်းခွဲလောက်ရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံအရ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအဖြစ် သတ်မှတ်ပေးခဲ့တာပါ။ 


ဇူးဇူး

 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved