ဆွဲဆောင်မှု အကောင်းဆုံး ပုံစံနဲ့ Suzuki Swift တွေရှိတယ်

Tuesday, November 11, 2014





Swift ဆိုတာက နိုင်ငံတကာ ဈေးကွက်အနေနဲ့ပါ ပြောရမယ်ဆိုရင် Suzuki ရဲ့ ကယ်တင်ရှင် မော်ဒယ်တခုပါ။ အကြောင်းကတော့ တခြားကုမ္ပဏီထုတ် မော်ဒယ်တွေက ဈေးကွက်မှာ ဒီလောက်ကြီး အောင်မြင်မှုမရသလို  Suzuki ကိုယ်တိုင်က ဈေးကွက်မှာ နေရာရမယ်လို့ မျှော်မှန်းထားတဲ့  Alto တောင်မှ  Swift လောက် အောင်မြင်မှု မရတာကြောင့် ဖြစ်ပါတယ်။

ကောင်းပါပြီ၊ ဒါဆို ပြည်တွင်းဈေးကွက်မှာရော Swift က နေရာရရဲ့လား၊ ဟုတ်ကဲ့၊ ရပါတယ်။ ပြည်တွင်းအနေအထားမှာတော့  Suzuki ရဲ့ အအောင်မြင်ဆုံး မော်ဒယ်က Swift ပါ။ Swift က ဘယ်နေရာကြည့်ကြည့် တွေ့နေရတဲ့ မော်ဒယ်လ်တခု ဖြစ်လာပါတယ်။

ဘာဖြစ်လို့ပါလဲ၊ အဖြေကတော့ ရိုးရိုးလေးပါ။ မော်ဒယ်က ဆွဲဆောင်မှုကောင်းလို့၊ ဒါကြောင့် ဝယ်မယ့်သူက မော်ဒယ်လ်ကို လေ့လာဖြစ်တယ်။ နောက်တဆင့် ဈေးနှုန်းသက်သာလို့၊ ဝယ်တဲ့သူက ကားဈေးတွေ ဆက်တိုက်ကျနေတာကြောင့် ငွေအများကြီး မသုံးချင်ဘူး။ ဒီမှာလည်း Swift က တန်ကြေးနည်းနည်းနဲ့ ရနိုင်တော့ ဝယ်မယ့်သူက ထပ်ပြီး စိတ်ဝင်စားသွားပြန်ပြီ။

နောက်တချက် ထပ်စဉ်းစားလိုက်တယ်။ အင်ဂျင်ပိုင်း၊ မော်ဒယ်လ်ရဲ့ တန်ကြေးနည်းနေရုံနဲ့ မပြီးသေးဘူး၊ အင်ဂျင်ပိုင်း အရွယ်သေးမယ်ဆိုရင် အခွန်လျှော့ထားသေးတဲ့အတွက် စရိတ်ပိုပြီး သက်သာမယ်မဟုတ်လား။ ဒီတချက်လည်း  Swift က အားသာသွားပြန်ပြီ။ ၁ ဒသမ ၃ လီတာသုံး အင်ဂျင်တပ်ဆင်ထားတာ ဆိုတော့ အခွန့်လျှော့ထားတဲ့ အခြေအနေနဲ့ သွားပြီးကိုက်နေပြန်တယ်။

ဒါဆိုရင်တော့ ကားလှလှလေးကို ဈေးနည်းနည်းနဲ့ဝယ်ဖို့ စဉ်းစားနေပါပြီ။ ဒါပေမယ့် နေဦးဗျ။ လှတာမက်လို့ ညစာခက်နေဦးမယ်။ ဒါကြောင့် ဝယ်မယ့်သူက အရည်အသွေးပိုင်း စိတ်ချရမှု ရှိ၊ မရှိကို စုံစမ်းတယ်။ ဈေးကွက်မှာ ပြိုင်ဘက်လို့ ဆိုနိုင်မယ့် Mazda ထဲကဆို  Demio ၊  Toyota ထဲကဆိုရင် Ratics ၊ Honda ထဲကဆိုရင် Fit တွေထက် အားသာချက် ဘယ်လောက်ရှိလဲ၊ စိတ်ချရမှု ဘယ်လောက်ရှိလဲဆိုတာ တချက်တွေးကြည့်တယ်။

မော်ဒယ်နိမ့်  Swift တွေကတော့ အားနည်းချက် များတယ်။ ဒါပေမယ့် မော်ဒယ်မြင့်တွေကတော့ Suzuki ရဲ့ အကောင်းဆုံးဖန်တီးမှုတွေ တွေ့နေရတယ်။ နောက်ပြီး အစောကပြောတဲ့ မော်ဒယ်သုံးမျိုးထက်ကတော့ စွမ်းဆောင်ရည် အပိုင်းမှာရော၊ နောက်ပြီး စိတ်ချရမှုအပိုင်းမှာပါ အားမနည်းတာ တွေ့ရပါတယ်။

ဒါဆို ကြိုက်သွားပြီ။ အဲဒီ မော်ဒယ်သုံးခုထက်လည်း ရုပ်ထွက်ပိုလှတဲ့  Swift ကို ဝယ်သူက စိတ်ကြိုက်တွေ့သွားပြီ။ နေဦး၊ တချက်ကျန်နေသေးတယ်၊ ဆင်ဖိုးထက် ချွန်းဖိုးကြီးနေမယ်။  Swift ရဲ့ ဆီစားနှုန်း ဘယ်လောက်ရှိလဲ၊ ဆီစားများလား၊ နည်းလားဆိုတာ စစ်ရဦးမယ်။ ဒါပေမယ့် သိပ်တော့ စိတ်မပူနဲ့။ ရှေ့ဘီးယက်စနစ်နဲ့ လာတယ်၊ အင်ဂျင်ရဲ့ လည်ပတ်နှုန်းရော၊ အရွယ်ပါသေးတယ်၊ ဆီစားက ပြည်တွင်းအနေအထားမှာတော့ အတိအကျပြောဖို့ ခက်မယ်။ ဒါပေမယ့်  Highway စွမ်းဆောင်ရည်ပါ Swift မှာရှိနေတာတွေက တန်ကြေးနည်း မော်ဒယ်တခုအတွက် ပြည့်စုံ လွန်းနေတာလား။ ဈေးနှုန်းက ကျနော်အကြိုက်အတွေ့မိဆုံး ၂၀၁၁ ခုနှစ် ဝန်းကျင် မော်ဒယ်ဆိုရင် ၁၂၅ သိန်းဝန်းကျင်မှာ ရှိနေတယ်၊ ဒါပေမယ့် ဈေးက အရောင်နဲ့ Equipment အပေါ်မှာတော့ နည်းနည်းလေး စကားပြောချင်တယ်။

လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved