အိန္ဒိယမှာ သားကြောဖြတ်အပြီး အမျိုးသမီး ၁၁ ဦး သေဆုံး

Thursday, November 13, 2014




 
အိန္ဒိယမှာ အခမဲ့ ခွဲစိတ် သားကြောဖြတ်မှု ခံယူတဲ့  အမျိုးသမီး အနည်းဆုံး ၁၁ ဦး သေဆုံးပြီး အယောက် ၂ဝ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေကြောင်း ဗုဒ္ဓဟူးနေ့က သိရပါတယ်။

 
  •   ၂၀၁၃ မှတ်တမ်းဓာတ်ပုံတခုမှာ တွေ့ရတဲ့ အမျိုးသမီး ၃ ဦး (Photo: Reuters)

 ကျေးလက်ဒေသ အမျိုးသမီး စုစုပေါင်း ၈၃ ဦး ပြီးခဲ့တဲ့ စနေနေ့က သားကြောဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ
http://www.irrawaddy.org/asia/least-11-women-die-sterilization-india.html
 က သတင်းတပုဒ်မှာ ရေးထားပါတယ်။

သူတို့အားလုံးက အသက် ၃၂ နှစ်အောက် လို့ ဆိုပါတယ်။ အခမဲ့ ခွဲစိမ်မှု ခံယူပြီး ညနေပိုင်းမှာ အိမ်ပြန်သွားကြတယ်၊ အများအပြား နာဖျားကြတဲ့အတွက်   ဆေးရုံတွေကို ပို့လိုက်ရပါတယ်။
 ဗုဒ္ဓဟူးနေ့မနက်အထိတော့ သေဆုံးသူ အရေအတွက် ၁၁ ဦး ရှိသွားပါပြီ။

လူနာတွေ သွေးထွက်များပြီးနောက်ပိုင်း သွေးဆိပ်သင့်ခြင်း သို့မဟုတ် သွေးပမာ နည်းပါးခြင်းတို့နဲ့ ကြုံခဲ့ရတယ်လို့ ကျန်းမာရေးဌာနက ခန့်မှန်းပါတယ်။ သို့သော်လည်း သူတို့က
သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ပြီး ဗုဒဟူးနေ့မှာပဲ ထုတ်ပြန်ဖွယ်ရှိပါတယ်။
  အသည်းအသန်ဖြစ်နေသူ ၂၀ ရှိနေတဲ့အတွက် ဗဟိုအစိုးရက အကူအညီပေးဖို့ ဆရာဝန်အဖွဲ့တဖွဲ့ကို အဲဒီနေရာ စေလွှတ်လိုက်ပါပြီ။

လူနာတွေရဲ့အခြေအနေက အင်မတန် စိုးရိမ်ရတယ်၊ သွေးပေါင်လည်း ကျနေတယ်လို့ အဲဒီဒေသမှာရှိနေတဲ့ ဆရာဝန်တယောက်က ပြောပါတယ်။
ဘာကြောင့်ဖြစ်ခဲ့ကြတယ် ဆိုတာထက် သူတို့ကို ကုသမှုပေးဖို့ပဲ လုပ်နေပါတယ် တဲ့။

လူဦးရေ သန်းတထောင့်သုံးရာရှိနေတဲ့အိန္ဒိယမှာ အစိုးရက ကိုယ်ဝန်တားလိုတဲ့ အမျိုးသမီး အမျိုးသားတို့ကို အခမဲ့ သားကြောဖြတ်မှုပေါင်း သန်းနဲ့ချီပြီး လုပ်ပေးနေတာပါ။ သို့သော်လည်း အများစုသော သားကြောဖြတ်ကြသူတွေဖြစ်တဲ့ ဆင်းရဲသားအမျိုးသမီးတွေကတော့ ဒေါ်လာ တဆယ်၊ နှစ်ဆယ် (ကျပ် တသောင်း၊ နှစ်သောင်း) ဝန်းကျင် အကုန်အကျခံပြီး သားကြောဖြတ်ကြပါတယ်။

 အိန္ဒိယမှာ တရက်ဝင်ငွေ $1.25 (ကျပ် ထောင့်သုံးရာခန့်) ရတဲ့ သူပေါင်း သန်း ၁၈၀ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

 လူဦးရေထိန်းချုပ်ဖို့အတွက် စီစဉ်ကြရာမှာ ဒီအမျိုးသမီးတွေ ရေတိမ်နစ်ရခြင်းဖြစ်တယ်၊ ကိုယ်ဝန်တားဖို့အတွက် တခြားနည်းလမ်းကိုမသုံးဘဲ  ဒီနည်းလမ်းကို သုံးလို့ ဖြစ်ကြရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက သုံးသပ်နေကြတာပါ။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် အမျိုးသမီးများ အစည်းအရုံးက
Brinda Karat ဆိုတဲ့သူကတော့ ပြည်နယ်ရဲ့ ကျန်းမာရေးဝန်ကြီး နုတ်ထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယဟာ အမျိုးသမီးတွေ သားကြောဖြတ်မှု အများဆုံးနိုင်ငံထဲ ပါပါတယ်။
ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်မှု အခြေအနေ အဆိုးဝါးဆုံး မှတ်တမ်းရှိတဲ့ နိုင်ငံထဲလည်း ပါပါတယ်။ ကိုယ်ဝန်ဆောင်မိခင် တသိန်းမှာ အယောက် ၂ဝဝ ဟာ ကိုယ်ဝန်ဆောင်ကာလ သို့မဟုတ် မွေးဖွားတဲ့ကာလမှာ သေဆုံးကြပါတယ်။ ဒီပမာဏကို ယှဉ်ရရင် … တရုတ်မှာက  ကိုယ်ဝန်ဆောင် တသိန်းမှာ သေဆုံးသူ ၃၇ ဦးပဲ ရှိပါတယ်။

မွေးလာတဲ့ကလေး သေနှုန်းကလည်း ၁,ဝဝဝ မှာ ၆၃ ယောက်ပါ။
တရုတ်မှာက ၁,ဝဝဝ မှာ ၁၅ ယောက်ပါ။

အထက်မှာ ဖော်ပြခဲ့တဲ့ စနေနေ့ အမျိုးသမီး သားကြောဖြတ်ကြတဲ့ အစီအစဉ်မှာ တယောက်ကို ဆယ်ဒေါ်လာဝန်းကျင် ပေးခဲ့ကြတယ်လို့ ဆိုတယ်။ ၆ နာရီအတွင်း ၈၃ ဦးကို သားကြောဖြတ်ပေးခြင်းပါ။

 ကျန်းမာရေးဌာန အရာရှိတချို့ကိုတော့ ရာထူးကနေ ဖယ်ထားတဲ့နည်းနဲ့ အရေးယူထားပါတယ်။

 လူနာတွေကို တယောက် ဒေါ်လာ ၆,၆၀၀ နှုန်း လျော်ကြေးပေးမယ်လို့   Chhattisgarh ပြည်နယ် ဝန်ကြီးချုပ်က ဆိုပါတယ်။

မြန်မာပြည်ရောက်နေတဲ့ အိန္ဒိယဗဟိုအစိုးရ ဝန်ကြီးချုပ်ကလည်း သေသေချာချာ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ သူ့ကို လှမ်းပြီး တိုက်တွန်းပြောဆိုကြောင်း သတင်းမှာ ရေးပါတယ်။

  •  မူရင်းသတင်း
At Least 11 Women Die After Sterilization in India
http://www.irrawaddy.org/asia/least-11-women-die-sterilization-india.html

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved