မင်္ဂလာဆောင်အကြို စုံတွဲအလှဓာတ်ပုံ ရိုက်ကြမယ်

Wednesday, November 19, 2014





ဝါကျွတ်ပြီဆိုတာနဲ့ မင်္ဂလာပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြတာ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာ တခုပါပဲ။
ဒီလို မင်္ဂလာချိန်ခါတွေမှာ အမှတ်တရတွေ ထင်ကျန်နေအောင် Pre-Wedding Photo (မင်္ဂလာမဆောင်မီ စုံတွဲအလှဓာတ်ပုံ ရိုက်ကူးခြင်း) က မင်္ဂလာစုံတွဲတွေအတွက် အင်မတန်မှ အရေးပါပါတယ်။

 

  • မော်ဒယ် ထွန်းကိုကို၊ နန်းဆုရတီစိုး (ဓာတ်ပုံများ - Aroma)
  
နှစ်ဦးအမှတ်တရ ဓာတ်ပုံလေးတွေကို မင်္ဂလာမဆောင်ခင် ကြိုတင် ရိုက်ကူးထားပြီး မင်္ဂလာဆောင် အခမ်းအနားမှာ ပရိုဂျက်တာနဲ့ ဆလိုက်ရှိုး ပြကြတာလည်း ခေတ်စားလာပါတယ်။

အခုနောက်ပိုင်း မင်္ဂလာဆောင်မယ့် စုံတွဲတွေအနေနဲ့ Pre-Wedding Photo တွေကို အရင်တုန်းကလို Indoor မှာပဲ မဟုတ်ဘဲ Outdoor မှာ နောက်ခံရှုခင်း လှလှတွေ၊ Romantic ဆန်ဆန် နေရာမျိုးတွေမှာ အိုင်ဒီယာ ဆန်းဆန်းပြားပြားတွေနဲ့ အရိုက်များလာကြပါတယ်။

တိုးတက်တဲ့ နိုင်ငံတော်တော် များများမှာတော့ မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားမကျင်းပကြတော့ဘဲ Pre-Wedding ကိုပဲ သေသေချာချာ ဇောင်းပေးပြီး ရိုက်လာပါကြတယ်။
 မင်္ဂလာပွဲကိုတော့ ခင်မင်ရင်းနှီးတဲ့ လူအနည်းငယ်နဲ့သာ ပါတီပေးတာလောက်နဲ့ ပြီးသွားကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီယဉ်ကျေးမှုက လွန်ခဲ့တဲ့ ၃နှစ်၊ ၄ နှစ် ဝန်းကျင်လောက်ကမှစပြီး တွင်တွင်ကျယ်ကျယ် ခေတ်စားလာတာပါ။
 ဒီနေ့ခေတ်ချိန်ခါမှာ မင်္ဂလာဆောင်ကြတဲ့ စုံတွဲ အများအပြား Pre-Wedding ရိုက်လာကြပါပြီ။

သတို့သား၊ သတို့သမီးက မင်္ဂလာဆောင်လာ ဧည့်သည်တွေကို ဧည့်ခံနေရတာကြောင့် စိတ်ဖိစီးမှု များနေနိုင်တဲ့အတွက် Pre-Wedding  Photo တွေလောက် ပြည့်စုံကောင်းမွန် လှပဖို့ မဖြစ်နိုင်ပါဘူး။

 
မော်ဒယ် ထွန်းကိုကို၊ နန်းဆုရတီစိုး

Pre-Wedding မှာတော့  ဓာတ်ပုံရိုက်တာကိုပဲ သီးသန့် အာရုံစိုက်နေရတဲ့အတွက် ပိုပြီးတော့ ပုံကောင်းပုံလှတွေ ရနိုင်ပါတယ်။
 မင်္ဂလာပွဲအတွက် အများကြီး အကျိုးသက်ရောက်မှု ရှိသလို အရမ်းလည်း အရေးပါပါတယ်။

 ဒီလို  ရိုက်ခြင်းအားဖြင့် မင်္ဂလာသတို့သမီးနဲ့ လိုက်ဖက်မယ့် မိတ်ကပ် အပြင်အဆင်၊ လိုက်ဖက်မယ့် အင်္ကျီအရောင် စတာတွေကို ကြိုတင်သိရှိရွေးချယ်နိုင်ပါတယ်။
 ဒါ့အပြင် တကယ့် မင်္ဂလာပွဲကြီးမှာ ဓာတ်ပုံအရိုက်ခံတဲ့အခါမှာလည်း Pre-Wedding မှာ ရိုက်ထားတဲ့ အတွေ့အကြုံကြောင့် မင်္ဂလာပွဲနေ့မှာ အလှဆုံးဓာတ်ပုံတွေ ရရှိနိုင်ပါတယ်။
 မြင်နေကျမဟုတ်တဲ့  နောက်ခံရှုခင်းတွေ ရဖို့အတွက်  ဝေးလံပြီး ရှားပါးတဲ့ နေရာမျိုး တွေမှာ ရိုက်လာကြပါတယ်။

တချို့စုံတွဲတွေကတော့ ဝေးလံရှားပါးတဲ့ နေရာတွေကို သွားရတဲ့ စရိတ်စက များတာကြောင့် ရန်ကုန်မြို့တွင်း ကရဝိက်၊ ကန် တော်ကြီး၊ ပြည်သူ့ရင်ပြင် စတဲ့ နေရာမျိုးတွေမှာ နန်းတွင်း အပြင်အဆင်၊ ပန်းခြံရှုခင်း စတာတွေနဲ့ ရိုက်ကြပါတယ်။

 
  • မော်ဒယ် ကောင်းပြည့်၊ သန္တာဗိုလ်  
  

အကုန်အကျခံနိုင်တဲ့ စုံတွဲတွေကတော့ မန္တလေးနန်းတွင်း၊ ဦးပိန်တံတား၊ ရှေးဟောင်း ပုဂံမြို့တော်၊ ပုဂံနန်းတွင်း၊ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်၊ ရေတံခွန်တွေနဲ့ ကမ်းခြေလို နေရာမျိုးတွေမှာ သွားရောက်ရိုက်ကူးလေ့ ရှိကြပါတယ်။
အရင်ကလို အဝါရောင်၊ အဖြူရောင်၊ ပန်းရောင် စတဲ့ သမားရိုးကျ မင်္ဂလာအရောင်တွေကိုသာ ဝတ်ကြတာမျိုး မဟုတ်တော့ဘဲ ပန်းဆီရောင်၊ စိမ်းပြာရောင်၊ ကျောက်စိမ်းရောင်၊ ခရမ်းဖျော့ရောင်တို့လို အရောင်ဆန်းတွေကိုပါ ဝတ်လာကြပါတယ်။
ဝတ်စုံဒီဇိုင်းကိုလည်း အပြင်မှာ ဝတ်လေ့ဝတ်ထ သိပ်မရှိတဲ့၊ ဆန်းသစ်တဲ့ ဒီဇိုင်းမျိုးတွေ၊ ဆန်းကြယ်တဲ့ အပြင်အဆင်တွေ ဝတ်ဆင်ရိုက်ကူးလာကြပါတယ်။

လိမ်းတဲ့ မိတ်ကပ်အပြင်အဆင်ကလည်း ကွာခြားပါတယ်။
 Pre-Wedding မိတ်ကပ်က ဓာတ်ပုံရိုက်ဖို့ သီးသန့် မီးထိုးမှန်ထိုးတဲ့အခါ ဓာတ်ပုံထဲမှာ လှနေအောင် လိမ်းရတာဖြစ်ပြီး တကယ့်ပွဲကြီးနေ့မှာတော့ ပွဲလာပရိသတ်တွေ အမြင်မှာလည်း လှနေအောင် လိမ်းရတာမျိုး ဖြစ်ပါတယ်။
 အနိမ့်ဆုံး ကျပ် ၉ သောင်းတန် Package ကနေ တသိန်းခွဲ၊ နှစ်သိန်းကိုးသောင်း၊ လေးသိန်းခွဲ၊ အမြင့်ဆုံး ၇ သိန်းခွဲတန်အထိ အစားစား ရှိပါတယ်။
ဝတ်စုံအရေအတွက်ပေါ် မူတည်ပြီး ဈေးနှုန်းတွေ ကွဲပြားသွားတာ ဖြစ်ပါတယ်။ Package အမျိုးအစား ၇ မျိုး၊ ၈ မျိုးလောက် ရှိတယ်လို့လည်း သိရပါတယ်။

 
  • မော်ဒယ် ထက်အောင်ရှိုင်း၊ မေမြင့်မိုရ်

Package တခုစီတိုင်းမှာ ဝတ်စုံကြေး၊ ဓာတ်ပုံရိုက်ခ၊ မိတ်ကပ် အပြင်အဆင်၊ လက်ဝတ်ရတနာ၊ ဖိနပ် စတဲ့ ဆံစကနေ ခြေဖျားအထိ အစအဆုံး အကုန်ပါဝင်ပြီးသားမို့ လူချည်းသက်သက် လာရုံပါပဲ။

ဒါကြောင့်မို့လို့ ဒီတပတ်မှာတော့ ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိသတ်တွေအတွက် တသက်မှာတခါ တမင်္ဂလာပြုရတဲ့ မင်္ဂလာပွဲကြီးမှာ တသက်လုံး အမှတ်တရဖြစ်စေဖို့ မင်္ဂလာစုံတွဲတွေ Pre-Wedding Photo Trend ပုံစံ ပြောင်းလဲလာတဲ့ အကြောင်းကို အသိပေး တင်ပြလိုက်ရပါတယ်။

သီဟတိုး
  •  Pre-Wedding ပုံတွေ၊ ဈေးနှုန်းအချက်အလက်တွေကို Aroma (Zulu Studio) wedding dress, photo & video studio, jewellery, hair & beauty spa ကနေ ရယူပါတယ်။

    လိပ်စာက အမှတ် S 25, ဦးချစ်မောင်အိမ်ရာ၊ တာမွေမြို့နယ်၊ ရန်ကုန် ဖြစ်ပါတယ်။

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved