လုံခြုံစိတ်ချရမှု အမြင့်ဆုံးလို့ ဆိုတဲ့ ၂ဝ၁၄ Lexus IS 250

Wednesday, November 19, 2014




 Lexus ဆိုတာက ပြည်တွင်းမှာလည်း မစိမ်းတဲ့ Brand တမျိုး ဖြစ်သလို Toyota ရဲ့ လက်ခွဲတခုလည်းဖြစ်တာကြောင့် စိတ်ချယုံကြည်စွာ စီးနင်းနိုင်တဲ့ မော်ဒယ်တမျိုးပါ။

 

အခု ဒီတပတ်အတွက် ကျနော်ပြောမှာကတော့ Toyota ရဲ့ မော်ဒယ် တမျိုးဖြစ်တဲ့ IS ဖြစ်ပြီး သူ့မှာ 250 နဲ့ 350  ဆိုပြီး မော်ဒယ်နှစ်မျိုးရှိတဲ့အထဲက ကျနော်က 250 မော်ဒယ်နဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
ဒီနေရာ မှာ 250 ကို ရွေးချယ်ရတဲ့ အကြောင်းနှစ်ချက် ရှိပါတယ်။

ပထမတချက်က ဈေးနှုန်းအပိုင်း ဖြစ်ပြီးတော့ 250 နဲ့ 350 ကြားက ဈေးနှုန်းကွာခြားချက်က တော်တော်လေးများပြီး အင်ဂျင်ရဲ့အရွယ် ကွားခြားချက်ကြောင့် စွမ်းဆောင်ရည် အနည်းငယ် ကွာဟတာကလွဲပြီး တခြားကြီးကြီးမားမား မကွဲလှတာကြောင့် 250 ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

 နောက်ပြီး အခု ကျနော်ပြောမယ့်   Lexus က ဒီနှစ်ထဲမှာ လုံခြုံစိတ်ချရမှုအမြင့်ဆုံး Brand အနေနဲ့ ရပ်တည်နိုင်တာ တွေ့ရပြီး Audi နဲ့ Porsche လို မော်ဒယ်တွေကိုတောင်မှ နောက်ကောက်ချထားနိုင်တာလည်း တွေ့ရပါတယ်။

 

ဒုတိယ တချက်ကတော့ 250 ရဲ့ အင်ဂျင် အရွယ်အစားက ပြည်တွင်း လမ်းကြောင်းတွေနဲ့ အကိုက်ညီ အသင့်လျော်ဆုံးလို့ ယူဆမိတာကြောင့်ပါ။
ဘယ်လိုကြောင့် အဲဒီလို တွေးမိရသလဲ ဆိုတော့ 250 က ၂ ဒသမ ၅ လီတာသုံး အင်ဂျင် တပ်ဆင် ထားတာ ဆိုတော့ ရလာမယ့် စွမ်းအင် ပမာဏက ဒီက လမ်းကြောင်းတွေနဲ့ အနေတော်လောက် ဖြစ်နေပါတယ်။

၃၅၀ ကတော့ ၃ ဒသမ ၅ လီတာ သုံး အင်ဂျင်ဆိုတော့ စွမ်းအင်ထွက်ရှိမှု ပိုများနိုင်ပေ မယ့် ဆီပိုစားတာပဲ အဖတ်တင်နိုင်ပြီး ထွက်ရှိ သလောက် စွမ်းအင်တော့ သုံးစွဲဖို့ မကောင်းလှတာ ကြောင့်ပါ။
ကောင်းပါပြီ။ ဒီတော့ ကျနော် ရွေးချယ် ထားတဲ့ Lexus 250 ကို ဆက်ကြည့်ရအောင်နော်။

  •  အားသားချက်

IS 250 က တကယ်ကို ကောင်းမွန်တဲ့ ရုပ် ထွက်ပါ။ တချက်လောက် သေချာ ကြည့်ကြည့်ပါ။ ဆွဲဆောင်မှု ရှိတယ်၊ တည်ငြိမ်တယ်၊ လှပတယ်၊ ခံ့ညားတယ်၊ ရပြီ။
အထက်တန်းလွှာဆိုတဲ့ ဂုဏ် ဒြပ်တခုကို ပြောစရာမလိုဘဲ သိနိုင်လောက်အောင် IS 250 က ပုံဖော်ပေးနိုင်တယ်။

 ဒီတော့ သူ့ရဲ့ ဒီဇိုင်း အပိုင်းကို ကျနော်က ပထမ အားသာချက် အဖြစ် ပြောလိုက်ချင်တယ်ဗျာ။
ကဲ နောက်တချက်၊ အတွင်းပိုင်း တည်ဆောက်ထားရှိမှု။ ရုတ်တရတ် ကြည့်ရင်တော့ နည်းနည်းလေး ရှုပ်နေသလိုပါပဲ။

ဒါပေမယ့် သူက Feature တွေ အများအပြား သုံး နိုင်အောင် ဖန်တီးထားတာ မဟုတ်လား။
တမင် အပို တပ်ထားတာတွေမှ မဟုတ်တာ၊ ကောင်းပါ တယ်။ ဒါကြောင့်လည်း နည်းပညာ မြင့်မားသလို နောက်ဆုံးပေါ် Feature ပေါင်း များစွာက သင့် လက်ထဲကို ရောက်လာမှာပါ။

 

နောက်ဆုံး တချက် ပြောချင်တာကတော့ Steering အပိုင်း ဖြစ်ပြီး အရှိန်မြင့် မောင်းနှင်မှုနဲ့ အကွေ့အကောက် လမ်း ကြောင်း စမ်းသပ် မောင်းနှင်မှုတွေမှာ ရမှတ်ကောင်းတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

  •  အားနည်းချက်

  အရင်ဆုံး ပြောချင်တာကတော့ အင်ဂျင် အပိုင်းပါ။ ပုံမှန် အတိုင်း ဆိုရမယ် ဆိုရင် စွမ်းအင် ထွက်ရှိမှု နည်းနေပါတယ်။
ဒါက ပြဿနာကြီး တော့ မဟုတ်ပါဘူး။ အခု IS 250 က ထွက်လာမယ့် စွမ်းအင်က ကျနော်တို့ဆီက လမ်းတွေနဲ့ အနေတော် လောက်ပါပဲ။

အဲ နောက်တချက်ကတော့ ကိစ္စရှိမယ် ထင်တယ်ဗျ။ ဘာလဲ ဆိုတော့ ဆီစားနှုန်း။ IS 250 ရဲ့ ဆီစားနှုန်းကို ဘယ်လောက်ဖြစ်မယ်လို့ သင်ထင် လိုက်ပါသလဲ။ အရမ်းတော့ မများပါဘူး။
 အကြောင်း က အာရှထုတ်မို့လို့ပါ။
ပျမ်းမျှ ၂၅ မိုင်လောက်ပဲ စီးနိုင်မှာဆိုတော့ ဈေးကွက်အပြိုင် ကားတွေနဲ့စာရင် တော့ အားနည်းတာပေါ့။

နောက်ဆုံးတချက်ကလည်း အားလုံးအတွက် ပြဿနာမရှိနိုင်ပါဘူး။
 ဒါကတော့ ဒီဇိုင်းအပိုင်း ဖြစ်ပြီး  Sport ကားပုံစံမရှိတာဘဲ ဖြစ်ပါတယ်။
တကယ်လို့ လူကြီးစီး ဆီဒင်မော်ဒယ်အဖြစ် ရွေးမယ်ဆိုရင် ဒီတချက်ကလည်း အားနည်းချက်လို့ မဆိုနိုင်ပါဘူး။


  • Body

IS 250 ရဲ့ အလေးချိန်က ပေါင် ၃၄၀ဝ ကျော်ကျော်ရှိမယ်ဆိုတော့ အာရှထုတ် ဆီဒင်ထဲမှာ ပုံမှန် သာသာလောက်ပါပဲ။
ခရီးသည် ၅ ယောက် ထိအောင် လိုက်ပါစီးနင်းနိုင်မှာဖြစ်ပြီးတော့ အလျား က ၁၅ ပေနဲ့ ၄ လက်မ နီးပါး ရှိမှာဖြစ်တဲ့အတွက် အလျားရှည်သလို နောက်ဘက် ဝန်တင်ခန်းလည်း ကျယ်ဝန်းတာ တွေ့ရပါတယ်။
ကားရဲ့ မျက်နှာစာ အကျယ်က ၆ ပေနဲ့ ၃ လက်မ နီးပါးပဲ ရှိမှာဖြစ်တာ ကြောင့် Parking နေရာယူမှုတော့ နည်းနိုင်ပါတယ်။

 

နောက်ပြီး သူ့ရဲ့ အမြင့်က ၄ ပေနဲ့ ၈ လက်မ ကျော် ကျော်ပဲ ရှိသလို မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ် ပမာဏက ၅ လက်မ မပြည့်ချင်ဘူးဆိုတော့ လမ်း ကြမ်းမောင်းဖို့တော့ မဖြစ်နိုင်ပါဘူး။
 ဒါပေမယ့် ကိုယ်ထည်ရဲ့ဒီဇိုင်းပိုင်း အချိုးအဆစ်နဲ့ မျက်နှာစာ လေခွင်း စနစ်တွေကတော့အဝေးပြေးလမ်းတွေပေါ် မှာ အရှိန်ပြင်းပြင်းနဲ့ ပြေးလွှားနိုင်အောင် ထုဆစ် ထားတာ တွေ့ရပါတယ်။

  • အင်ဂျင်

တပ်ဆင်ထားတဲ့ အင်ဂျင်က ၂ဒသမ၅ လီတာ သုံး V6 အင်ဂျင် ဖြစ်တာကြောင့် ကိုယ်ထည်နဲ့ တင် ဆောင်ရမယ့်ဝန် နှစ်မျိုးပေါင်း ပေါင် ၄၀ဝ၀ ကျော် ကို ကောင်းကောင်း တင်ဆောင်နိုင်မှာလည်း ဖြစ်ပါ တယ်။
နောက်ပြီး စွမ်းအင်ထွက်ရှိမှုအပိုင်းမှာလည်း   IS 250 က ရုန်းအား ၁၈၅ ပေ-ပေါင်မှာ ထွက်ရှိ မယ့် စွမ်းအင် ပမာဏက မြင်းကောင်ရေ ၂၀၄ ကောင်အားဖြစ်တာကြောင့် မဆိုးလှပါဘူး။
 နောက် ပြီး အင်ဂျင်ရဲ့လည်ပတ်အားက အမြင့်ဆုံးနှုန်းအနေနဲ့ တမိနစ်ကို အပတ်ရေ ၆၄၀ဝ ဆိုတာကြောင့်သာရယ်၊
 နောက်ပြီး V6 အင်ဂျင်တပ်လည်း ဖြစ်တာကြောင့် သာ ဆီစားနှုန်း နည်းနည်းများသွားတာ ဖြစ်နိုင်ပါ တယ်။ ဒီနေရာမှာV6 အင်ဂျင်ရဲ့ အားသာချက် တချက်ကိုလည်း တွေ့ရပြီး အင်ဂျင်သံထွက် တည် ငြိမ်တာကြောင့်
Exhaust ပိုင်းမှာ ပြန်လည်ပြင်ဆင် ရမှုတွေ၊ အဆင့်မြှင့်ရမှုတွေ မလိုအပ်တော့ပါဘူး။


  • Performance

အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက်က ၆ ချက် ဖြစ်ပြီး Auto စနစ်နဲ့ သွားမှာဆိုတော့ မြို့တွင်း လမ်းကြောင်းအတွက်တော့ သင့်လျော်သလို အမျိုး သမီးတွေ မောင်းနှင်မယ်ဆိုရင်လည်း အဆင်ပြေ စေမယ့် စနစ်ပါ။

ဒီနေရာမှာ ဂီယာချက် များများ မောင်းနှင်နိုင်မှုကို နှစ်ခြိုက်သူတွေ ရှိနိုင်ပေမယ့် တဖက်က မောင်းနှင်ရမှုနဲ့ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေကို စကားပြောလာစေနိုင်တာကြောင့် အခု ဂီယာ ၆ ချက်က အနေတော်လို့ ဆိုချင်ပါတယ်။

 

နောက်ထပ် ကောင်းမွန်တာ တချက်ကလည်း နောက်ဘီးယက် စနစ်ဖြစ်တာကြောင့် ခရီးဝေးသွား လာ မောင်းနှင်မှုတွေ အတွက်လည်း ကောင်းမွန်ပါ လိမ့်မယ်။
အမြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်မှုအပိုင်း မှာတော့ တနာရီ ကီလိုတရာနှုန်းကို အချိန် ၅ ဒသမ ၇ စက္ကန့်လောက်ပဲ ယူမှာဖြစ်တာကြောင့် တကယ်ကို စိတ်ကြိုက် ဖြစ်စေမှာပါနော်။

  •  ဆီစားနှုန်း

ဆီစားနှုန်း အပိုင်းကတော့ ပြောခဲ့ပြီး သလို ပျမ်းမျှ ဆီတဂါလန်ကို ၂၅ မိုင်နှုန်းလောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။
 ဒီနှုန်းက V6 အင်ဂျင်တပ် ဈေးကွက် အပြိုင်ကားတွေနဲ့ စာရင် အနည်းငယ် များတယ်လို့ ဆိုနိုင်ပေမယ့် IS 250 ရဲ့ စွမ်းဆောင် ရည်နဲ့ နှိုင်းစာရင်တော့ မဆိုးလှပါဘူး။
ကိုယ်ထည်မှာ တပ်ဆင်ထားမယ့် ဆီတိုင်ကီကတော့ ၁၇ ဒသမ ၄ ဂါလန်ဆိုတော့ နည်းနည်းတော့ ကြီးနေသလိုပါပဲ။

IS 250 ရဲ့ ဆီစားနှုန်းကို သေချာပြောရမယ် ဆိုရင် မြို့တွင်း လမ်းတွေမှာ ဆီတဂါလန်ကို ၂၂ မိုင်နှုန်း လောက်နဲ့ အဝေးပြေး လမ်းကြောင်းတွေပေါ်မှာ ဆိုရင်တော့ ၃၁ မိုင်နှုန်းလောက်ထိအောင် စီးနင်း နိုင်မှာ ဖြစ်တာကြောင့် ဒီပမာဏက IS 250 ရဲ့ ပြယုဂ်နဲ့ ယှဉ်ရင်တော့ မပြောပလောက်ပါဘူး။

လင်းထက် (IA)


 Lexus  IS 250 အကြောင်းကို နိုဝင်ဘာ ၁၆ ရက်နေ့ထုတ်   The Irrawaddy ဂျာနယ်မှာ ဖော်ပြပြီးပါပြီ။ လင်းထက် (IA) ရဲ့ ကားအကြောင်း ဆောင်းပါးတွေကို http://blog.irrawaddy.org/search/label/Lin%20Htet%20%28IA%29 မှာ ဖတ်နိုင်ပါတယ်။

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved