ထိုင်းရောက် Uyghur ဒုက္ခသည်တွေကို တရုတ် ပြန်ခေါ်လို

Wednesday, November 19, 2014

.


ဒီနှစ်ဆန်းပိုင်း ထိုင်းမှာ အထိန်းသိမ်းခံလိုက်ရတဲ့  ဒုက္ခသည် အယောက် ၂ဝဝ ကျော်ဟာ တရုတ်ပြည်ကဖြစ်ဖွယ်ရှိတဲ့အတွက် ပြန်လည် လွဲပြောင်းပေးဖို့  တရုတ် ကောင်စစ်ဝန်တယောက်က ပြောလိုက်ပါတယ်။
သူတို့ကို မတော်မတရားဆက်ဆံလိမ့်မယ် ဆိုတဲ့ စိုးရိမ်ချက်တွေကိုလည်း သူက ပယ်ချလိုက်ပါတယ်။





ဒုက္ခသည်တွေက သူတို့ကိုယ်သူတို့ တူရကီတွေဖြစ်တယ် ဆိုပြီး ပြောနေကြတာကိုလည်း အတည်မပြုနိုင်ဘူးလို့ အဲဒီ ကောင်စစ်ဝန်က  ဆိုပါတယ်။

Songkhla မြို့က Qin Jian ဆိုတဲ့ ကောင်စစ်ဝန် ဖြစ်ပါတယ်။  ထိုင်းမှာ အထိန်းသိမ်းခံနေရတဲ့ အဲဒီ  အယောက် ၂ဝဝ ကျော်ဟာ တရုတ်ကောင်စစ်ဝန်ရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး၊ အဆက်အသွယ်လုပ်တာကိုလည်း လက်မခံဘူးလို့ သူက ရှင်းပြပါတယ်။

တရုတ်ပြည်မှာ သူတို့တွေ ရာဇဝတ်မှု ကျူးလွန်မထားဘူးဆိုရင် သူတို့ကို အရေးယူစရာအကြောင်း မရှိပါဘူးလို့လည်း သူက ဆက်ပြောပါတယ်။

သူတို့ဟာ တရုတ်နိုင်ငံက Uyghur လူမျိုးတွေ ဖြစ်တယ်လို့ ယုံကြည်ရတဲ့အကြောင်း ဒီအကြောင်း
 ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာ သတင်းတပုဒ် http://www.irrawaddy.org/asia/china-wants-uighur-refugees-back-thailand.html မှာ ရေးထားပါတယ်။

Uyghur လူမျိုးတွေအရေး လှုပ်ရှားနေတဲ့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုကတော့  သူတို့ကို တရုတ်ပြည် ပြန်မပို့ဖို့ ထိုင်းအစိုးရကိုတိုက်တွန်းနေတာပါ။

ထိုင်းအာဏာပိုင်တို့ကတော့ သူတို့ကို စုံစမ်းစစ်ဆေးတဲ့လုပ်ငန်းက မပြီးပြတ်သေးဘူးလို့ ပြောပါတယ်။

အစ္စလာမ်ဘာသာဝင် Uyghur လူမျိုးတွေဟာ တရုတ်လူမျိုးတွေနဲ့ ပဋိပက္ခဖြစ်ပြီး ပြီးခဲ့တဲ့ လပေါင်း ၂၀ အတွင်း သေဆုံးမှုအရေအတွက် ၄ဝဝ ခန့် ရှိပြီလို့ ဆိုတယ်။
တရုတ်အစိုးရကတော့ ဒီ ပဋိပက္ခဟာ အကြမ်းဖက်မှု၊ နိုင်ငံက ခွဲထွက်မှု၊ ဘာသာရေးအစွန်းရောက်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောပါတယ်။ ပြင်းပြင်းထန်ထန်နှိပ်ကွပ်မှုလည်း ရှိပါတယ် တဲ့။

အမေရိကန်အခြေစိုက် Uyghur American Association ဆိုတဲ့ အဖွဲ့ကတော့ Uyghur ဒေသကို အရှေ့တာကစ္စတန်လို့ ခေါ်ပါတယ်။ အဲဒီနယ်မြေကို မန်ချုးဘုရင်က သိမ်းပိုက်ပြီး တရုတ်ပိုင်နက်ထဲ ထည့်ခဲ့တာလို့ ဆိုပါတယ်။

ဇာနည်ဝင်း

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved