"ပေးဆပ်မှုက ပိုပြီးတော့ အေးချမ်းတယ်"

Thursday, November 20, 2014




.





အခုနှစ် အကယ်ဒမီအတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ခန့်မှန်းမှုနဲ့ အကယ်ဒမီ တစ်ပြေးနေတဲ့ အကယ်ဒမီနေတိုးကို သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ အကယ်ဒမီအပေါ် စိတ်ခံစားမှုတွေ၊ နေထိုင်မှုပုံစံတွေကို The Irrawaddy သတင်းထောက် မြတ်သူအောင်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 


  • ဓာတ်ပုံများ - Aroma

ဧရာဝတီ ။   ။ ကိုနေတိုး အခု ဘာကားတွေ ရိုက်နေလဲ။


နေတိုး ။ ။ ကျနော် မေမြို့တက်ပြီး ဗီဒီယို ၄ ကား ရိုက်မယ်၊ ဒါရိုက်တာ ကိုဝင်းထွန်းထွန်း ပါတယ်၊ ကိုပြည်ဟိန်းသီဟ ပါတယ်၊ ကိုညိုမင်းလွင် ပါတယ်၊ လေးကားလုံး တခါတည်း အဲဒီမှာ ရိုက်ခဲ့မှာပါ။
မင်းသမီးတွေက ဝတ်မှုံရွှေရည်ရယ်၊ ဖွေးဖွေးရယ် သူတို့နှစ်ယောက်နဲ့ပါ။

ကိုနေတိုးနဲ့ ကိုရိန်မိုး ဆိုထားတဲ့ စီးရီးခွေအခြေအနေ ဘယ်လိုရှိလဲ။


ကျနော်တို့ အခွေကို ဗီစီဒီကတော့ ဒီနှစ်ထဲမှာ ရိုက်မှာပါ။ ဇာတ်လမ်းတွေထဲက သီချင်းအပုဒ် ၃၀ ကျော်ကနေ ကျနော်နဲ့ ကိုရိန်မိုး ရွေးထုတ်လိုက်တာ ပေါ့။ အခွေအတွက် စာနယ်ဇင်း မိတ်ဆက်ပွဲတော့ မလုပ်ဖြစ်ဘူး။ ပရိုမိုးရှင်းပွဲတော့ ကျနော်တို့ကို လုပ် ပေးပါတယ်။

ပရိုမိုးရှင်းလုပ်ပြီး ရောင်းတော့ ကိုယ်တိုင် လက်မှတ်ထိုးရောင်းတဲ့အခါ ပရိသတ်တွေက အခွေ အကြောင်း ဘာဟြေကြလဲ။


ဒီအခွေမှာက  ဇာတ်ဝင်သီချင်းတွေထဲကမှ ပရိသတ်ကြိုက်ပြီးသား သီချင်း၊ ပရိသတ်ကြိုက်မယ် လို့ထင်ရတဲ့ သီချင်းတွေကို ထပ်ရွေးထုတ်ထားတာ ဆိုတော့၊ ကျနော့်ရဲ့ အမာခံပရိသတ်တွေက ဦးစား ပေးပြီးတော့ ဒီအခွေလေးကိုဝယ်ကြတာပေါ့။

တခြား သီချင်းနားထောင်တဲ့ ပရိသတ်တွေလည်း ဒီအခွေကို ကြိုက်ကြတယ်လို့ကျနော်ပြန်ကြားရပါတယ်။
 ပြီးတော့ အခွေကို ဖွင့်ကြည့်လိုက်ရင် ကျနော်တို့ ပရိသတ်ကို ပေးချင်တဲ့ စေတနာကို မြင်နိုင်ပါတယ်။
အဲဒါကြောင့် မို့လို့ အဓိကက ကိုယ်လုပ်ချင်တဲ့ အလုပ်တခုနဲ့ ပရိသတ်တောင်းဆိုတဲ့ အနုပညာကို ဖန်တီးနိုင်လိုက်တဲ့အတွက် ကျေနပ်ပါတယ်။

အခု အကယ်ဒမီစာရင်းဝင်ထားတဲ့ ကိုနေတိုးရဲ့ ဇာတ်ကားတွေကို အထူးပွဲတွေမှာ ပြတုန်းက ပြန် ကြည့်တော့ ဘယ်လိုနေလဲ။


ဟုတ်ကဲ့၊  အကုန်လုံး  အဆင်ပြေပါတယ်။ ကျနော် ဇာတ်ကားတကားကို လက်ခံတုန်းက ခံစားမှုမျိုး အပြည့်အဝ ခံစားရပါတယ်။ အဲဒါကြောင့် ကျနော် သရုပ်ဆောင်ခဲ့တဲ့ ကားတွေကို ကျေနပ်ပါတယ်။
ကျနော် ကျေနပ်တယ်ဆိုတာက ဇာတ်ကား တကားကို  မရိုက်ခင်ကတည်းက  ကျနော်တို့က ဇာတ်ညွှန်းတွေ ဖတ်ရတယ်၊ ကျနော်တို့ စိတ်ကူးနဲ့ တကားလုံးပြီးအောင် သရုပ်ဆောင် ကြည့်ရတယ် ဆိုတော့ ဒီဇာတ်ကားတွေအပေါ်မှာ ကျနော် မကျေနပ်နိုင်စရာ မရှိပါဘူး။

ဒီနှစ်ရော ကိုနေတိုးဇာတ်ကားတွေ အကယ်ဒမီ စာရင်းဝင်နေတာဆိုတော့ အကယ်ဒမီကို စိတ်ကူးနဲ့ မှန်းထားတာမျိုး ရှိလား။


အကယ်ဒမီက ရခဲ့မယ်ဆိုရင်တော့ ကျနော်တို့က မယူလို့မှ မရတာ။ အဲဒီတော့ ရခဲ့မယ်ဆိုရင် တော့ ယူရမှာပေါ့နော်။ အဓိကက အရှင်းဆုံး ဟြေ မယ်ဆိုရင် ဇာတ်ကားဆိုတာက တခြားသရုပ်ဆောင် တွေ ရိုက်ထားတာလည်း ရှိတဲ့အခါကျတော့ ကိုယ့် ကားကို ကိုယ်တော့ အဲဒီလိုမျိုးကြီး မမှန်းရဲဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ကြိုးစားပြီး သရုပ်ဆောင်ပါတယ်။ ဇာတ်လမ်းတခုမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ခံစားမှုမျိုးကို ကိုယ် တကယ် အကောင်းဆုံးဖြစ်အောင်တော့ သရုပ်ဆောင်တယ် ပေါ့။ ဒီအပေါ်မှာမှ အကယ်ဒမီဆိုတာကို ကိုယ်က မျှော်လင့်ထားပေမယ့် မရဘူးဆိုရင် ပင်ပန်းတယ် လေ။ ဒါကြောင့် ဘယ်အရာကိုမှ မမျှော်လင့်တာ ကောင်းတယ်။ ဒါကြောင့် ကျနော် အနုပညာအလုပ် လုပ်တဲ့အချိန်မှာ ပေးဆပ်တယ်ဆိုတဲ့ ခံစားမှုမျိုးကိုပဲ ထားတယ်။ ဘယ်အရာကိုမှ ကျနော်ပြန်ပြီးတော့ မမျှော်လင့်ဘူး။ အဲဒီအခါ ရှေ့ဆက်ရမယ့် အလုပ် တွေလည်း အဆင်ပြေသလို အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေလည်း ပေါ့ပေါ့ပါးပါးပဲ ကျနော် ထိထိ ရောက်ရောက်ဖန်တီးနိုင်မယ်။ အဲဒါကြောင့် ကျနော် က ဘယ်အလုပ်ကိုမှ မျှော်လင့်ချက်နဲ့ လုပ်လေ့ လုပ်ထ မရှိပါဘူး။

ဒါဆို ကိုနေတိုးက ပရိသတ်တွေအတွက် ပေးဆပ်ချင်ရုံ သက်သက်ပဲလား။


အဓိကကတော့ စိတ်ပေါ့။ လူတယောက်က စိတ်ကို ထားတတ်ဖို့ အရေးကြီးတယ်။ ဘယ်လိုလူမျိုးမဆို ကျနော်တို့ ဆင်းရဲသားကအစ သမ္မတအထိပေါ့ နော်။
 ပြည့်စုံပြီး Perfect ဖြစ်တဲ့လူဆိုတာ မရှိဘူး၊ တခုမဟုတ်တခု သူတို့မှာ ချို့ယွင်းချက်တွေ၊ လိုအပ်ချက်တွေ ရှိနေတာပဲ။
တနည်းမဟုတ်တနည်း သူတို့ဆီမှာ ကိုယ်မကြိုက်တဲ့ အရာတွေရှိနေသလို၊ ကိုယ်ကြိုက်တဲ့ အရာတွေလည်း ရှိနေမှာပဲ။
 ဒါကြောင့် မိမိစိတ်ထဲမှာ မိမိဘဝကို နေတတ်ဖို့၊ မိမိဘဝကို မိမိကျေနပ်နိုင်ဖို့ အရေးအကြီးဆုံးပါပဲ။ ကျေနပ်နိုင်ဖို့ ဆိုတာကလည်း ကျေနပ်နိုင်လောက်တဲ့ အသိတခု ရှိဖို့လိုတယ်။
အဲဒီအသိ ရှိတဲ့အခါကျမှ မိမိဘဝကို မိမိနေပျော်မှာ ဖြစ်တယ်။ ကျနော် အရှင်းဆုံးဟြေရမယ်ဆိုရင် ကိုယ့်ရဲ့ပုံစံ၊ ကျနော်တို့က ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် ကျနော်တို့က ဘုရားဟော တရားတွေနဲ့ ကြီးပြင်းခဲ့ရတယ်။

 ဒါကြောင့် ဒီလိုမျိုး ဘဝကိုဖြတ်သန်းရတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ လောကဓံတခုကို တည့်တည့်တိုး ရင်ဆိုင်ရတဲ့အခါမှာပဲဖြစ်ဖြစ် တရားတော်တွေရဲ့ အဆုံးအမကို ကျနော်တို့ ခေါင်းထဲမှာ ထားရတယ်၊
အဆုံးအမတွေ အပေါ်မှာ နည်းနာယူ ပြီးတော့ ကျနော်တို့ ဘဝကို ဖြတ်သန်းကြရတယ်။ အဲဒီအခါကျတော့ လူ့ဘဝ ဖြတ်သန်းမှုပုံစံထဲမှာ ပေးဆပ်မှုက ပိုပြီးတော့ အေးချမ်းတယ်လို့ ကျနော်မြင်တယ်။
အဲဒါကြောင့် ကျနော် ဘယ်အရာမဆို ပေးဆပ်မှုကိုပဲ ဦးစားပေးတယ်။
ရယူလိုမှု၊ ပိုင်ဆိုင်လိုမှုတွေကို မိမိကြိုးစားမှု အပေါ်မှာ ကြီးကြီးမားမား မျှော်လင့်ချက်တွေ၊ တိတိကျကျ တပ်မက်မှုမျိုးတွေ မထားပါဘူး။

 

အဓိကက အနုပညာကို ကျနော် ဝါသနာပါလို့ လုပ်တယ်၊ ဒီအပေါ်မှာမှ ကျနော့် အနုပညာကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ဆုတွေ ရလာမယ်ဆိုရင်လည်း ကျနော့်ထက် ပျော်မယ့်လူတွေက ကျနော့်ရဲ့ ပရိသတ်လို့ ကျနော်မြင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ရဲ့ ဖန်တီးမှုသည် ပရိသတ် အတွက်လုပ်သလို အကယ်ဒမီဆုသည်လည်း ပရိသတ်ကနေ ထင်ဟပ်စေတဲ့ အရာတခု ဖြစ်တယ်ဆိုရင် ကျနော်ကျေနပ်ပါတယ်။
ဆုတွေဘာတွေက တနှစ်တခါ ပေးနေကျဆိုတော့ ဇာတ်ကားကောင်းတယ်၊ ဇာတ်ရုပ်နဲ့ တထပ်တည်းကျတယ်ဆိုရင် ရကြမှာပဲလေ။ ကျနော် အဲဒီလိုပဲမြင်ပါတယ်။

 တရားထိုင်တယ် ဆိုတာက အားတဲ့အချိန်တွေမှာ ထိုင်တာလား။


တရားဆိုတာက အဓိကက စိတ်ထဲမှာ ရှိနေဖို့ ပါပဲ။ တရားထိုင်တာကို သက်သက်ကြီး လုပ်တာ မဟုတ်ပါဘူး။ တရားဆိုတာ မိမိစိတ် အဆုံးအဖြတ် နဲ့ပဲ ဆိုင်ပါတယ်။
 စိတ်ကို တရားနည်းလမ်းကျကျ ထားတတ်ဖို့ အရေးကြီးပါတယ်။ ဒါသည် တရားအား ထုတ်တာနဲ့ အတူတူပါပဲ။

သူများမင်္ဂလာပွဲတွေပဲ တက်နေတော့မှာလား၊ ကိုယ်တိုင် အိမ်ထောင်ပြုဖို့ မစဉ်းစားတော့ဘူးလား။


အိမ်ထောင်ရေး ဆိုတာက အိမ်ထောင်ပြုဖို့ ကံတရားတခုက ပါလာတယ်ဆိုရင်တော့ အိမ်ထောင်ကျမှာပါပဲ။
 ဒါပေမယ့် ဗေဒင်က ဟောတာကတော့ ကျနော်လူပျိုကြီးတော့ မဖြစ်ဘူးတဲ့။ ဆိုတော့ တနေ့နေ့တော့ အိမ်ထောင်ကျမှာပေါ့ (ရယ်လျက်)။

ကိုနေတိုး အိမ်ထောင်ကျသွားလို့ ငိုမယ့်ပရိသတ် တွေ ရှိနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။


အဲဒီလိုမျိုးတော့လည်း ပရိသတ်တွေကို ကျနော် မဖြစ်စေချင်ပါဘူး။

ကိုနေတိုးကိုကြည့်လိုက်ရင် အမြဲတမ်း အေးအေးချမ်းချမ်းပဲ ဖြစ်နေတာတွေ့ရတယ်။ စိတ်ကို ဘယ်လိုထားလဲ။


အဓိကကတော့ မိမိစိတ်ကို အေးချမ်းအောင် ထားနိုင်မှ ပတ်ဝန်းကျင်က အေးချမ်းမှာလေ။
အဲဒါ ကြောင့် ကျနော်က စိတ်ကို အေးသည်ထက် အေး အောင် ကျနော်နေတယ်။ နောက်ပြီး ကျနော် စိတ် အေးချမ်းမှုရတာတွေပဲ တွေးပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved