ထောင်အနှစ် ၂ဝ ကျနေကြတဲ့ ဒုက္ခသည် ၂ ဦးအတွက် မြစ်ကြီးနားမှာစုဝေး

Wednesday, November 5, 2014

-




ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ အင်္ဂါနေ့က ဒေသခံ လူမှု အဖွဲ့အစည်းတွေဟာ ကချင်တိုင်းရင်းသား ဒုက္ခသည် ၂ ဦးအတွက် စုဝေးခဲ့ကြပါတယ်။
အကြောင်းကတော့ ၂ဝ၁၂ နှစ်လယ်ပိုင်းမှာ အစိုးရတပ်က ဖမ်းဆီးပြီး အပြင်းအထန် နှိပ်စက်တာကို ခံခဲ့ရတယ်လို့ ဆိုတဲ့ Brang Yung နဲ့ Lahpai Gam တို့ကို ထောက်ခံ အားပေးတဲ့အနေနဲ့ စုဝေးခဲ့ကြခြင်းပါ။


  • ၂၀၁၂ ဇူလိုင်လက မြစ်ကြီးနားမြို့မှာ  ကချင် လယ်သမားတဦးဖြစ်သူ ဦးဘရန်ရှောင် လွတ်မြောက်ရေးအတွက် ဆန္ဒပြနေကြသူတွေပါ။ အစိုးရက ဦးဘရန်ရှောင်ကို ၂၀၁၃ မှာ ပြန်လွှတ်ပေးပါတယ် (Photo: KDNG)

အင်္ဂါနေ့ အစီအစဉ်ကို ကမကထပြုတာကတော့ သူတို့နှစ်ယောက်လွတ်မြောက်ရေး ဖွဲ့စည်းထားတဲ့ the Committee of Brang Yung and Lahpai Gam Case (CBLC) လို့ ခေါ်တဲ့ ကော်မတီ ဖြစ်ပါတယ်။

တက်ရောက်လာသူတွေက သူတို့နှစ်ဦး လွတ်မြောက်ရေး အတွက် စုဝေး ဆုတောင်းကြပါတယ်။

ဒီလိုစုဝေးရတဲ့ သဘောကတော့ အဖမ်းခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ နှိပ်စက်ခံရ၊ လိင်ပိုင်းဆိုင်ရာ မတော်မတရား အပြုခံရတဲ့ အပြစ်မဲ့ ဒုက္ခသည် ၂ ဦးအကြောင်း သတိပြုမိလာကြစေဖို့ပါပဲ လို့ ကော်မတီဝင်တဦးဖြစ်တဲ့
  Zai က ပြောဆိုကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်းသတင်းတပုဒ် http://www.irrawaddy.org/burma/kachin-civil-society-groups-rally-two-jailed-idps.html မှာ သတင်းထောက် ငြိမ်းငြိမ်းကရေးထားပါတယ်။

ဒေသခံ လူထုအခြေပြုအဖွဲ့အစည်းတွေက သူတို့ ၂ ယောက် လွတ်မြောက်ရေးအတွက် လက်မှတ်ထိုး တောင်းဆိုထားကြတဲ့စာကို သမ္မတဦးသိန်းစိန်ဆီ ပို့ခဲ့ပြီးပါပြီ။ အောက်တိုဘာ ၁၃ ရက်နေ့မှာပါ။

သူတို့နှစ်ယောက်ကို နှိပ်စက် ညှဉ်းပန်းသူတွေကို ဖော်ထုတ် အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။ ခုထိတော့ အကြောင်းမပြန်သေးဘူးလို့ ဆိုတယ်။

 အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ ၂၀၁၁ ဇွန်လ နောက်ပိုင်း မြစ်ကြီးနားမြို့ နားက ဒုက္ခသည်စခန်း စစ်ရှောင်စခန်း တခုကို ရောက်လာသူများထဲ သူတို့ ၂ ယောက်လည်း ပါပါတယ်။
သူတို့က မိသားစုတွေနဲ့အတူ ဝိုင်းမော်မြို့ကနေ တိမ်းရှောင်လာကြတာဖြစ်ပြီး စခန်းထဲ ခိုလှုံကြတာ တနှစ် ဝန်းကျင် ကြာခဲ့တယ်လို့ ဆိုပါတယ်။

  စခန်းအပြင်ဘက်မှာ ရှိနေတုန်း ၂၀၁၂ ဇွန် လထဲမှာ အစိုးရတပ်ရင်းအမှတ် ၃၇ ရဲဘော်တွေက သူတို့ကို ဖမ်းသွားတယ်၊ စစ်ကြောရေး ၂ ပတ်ကြာ ကာလအတွင်း သူတို့ကို အပြင်းအထန် နှိပ်စက်တယ်လို့ ဆိုတယ်။
KIA နဲ့ အဆက်အသွယ်ရှိကြောင်း ဝန်ခံသည်အထိ နှိပ်စက်ကြတယ်လို့ ဆိုပါတယ်။

နောက်တနှစ် နိုဝင်ဘာလမှာတော့ သူတို့ကို ထောင် ၂ နှစ်စီ ချပါတယ်။ တလအကြာမှာတော့ သူတို့ရဲ့  ထောင်ဒဏ်က ၅ နှစ်စီ ဖြစ်သွားပါတယ်။
စွဲချက်က မတရားအသင်းနဲ့ဆက်သွယ်မှု ဖြစ်ပါတယ်။
ဒီနှစ် ဇွန်လမှာတော့ သူတို့ကို ဖောက်ခွဲမှု ပုဒ်မတွေနဲ့ ထောင်ဒဏ် ထပ်တိုးပါတယ်။

CBLC ရဲ့ အဆိုအရတော့ Brang Yung က စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ်၊  Lahpai Gam က အနှစ် ၂ဝ ကျနေပါတယ် တဲ့။
 
မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့က သူတို့နှစ်ယောက်ရဲ့ အမှုကို လေ့လာပြီးပါပြီ။
မတရား ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ အဲဒီ လုပ်ငန်းအဖွဲ့က သုံးသပ်ထားပါတယ်။ ချက်ချင်း လွှတ်ပေးဖို့လည်း အစိုးရကို တောင်းဆိုထားပါတယ်။

 KIA လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းမြောက်ဒေသတို့မှာ ဒေသခံ အများအပြားဟာ  KIA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေနဲ့ ထိန်းသိမ်းခံနေကြရပါတယ်။

 စည်သူလင်း

မူရင်းသတင်းလင့် -

http://www.irrawaddy.org/burma/kachin-civil-society-groups-rally-two-jailed-idps.html


-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved