ရန်ကုန်မှာ လူဆိုးဂိုဏ်းတခု ဖမ်းမိ

Tuesday, November 18, 2014

.


ရန်ကုန်တိုင်းအတွင်းမှာ ဒုစရိုက်မှုတွေ ပေါများလာနေကြောင်းကို  ဂိုဏ်းဖွဲ့ ရမ်းကား အနိုင်ကျင့်တဲ့ အဖွဲ့တဖွဲ့ကို အခုရက်ပိုင်း ဖမ်းဆီးရမိလိုက်တာက မီးမောင်းထိုးပြနေပါတယ်။ 



 ဖမ်းမိတဲ့ လူဆိုးဂိုဏ်းဆိုတဲ့ အဖွဲ့နဲ့ ဓားလက်နက်များ၊ ဓာတ်ပုံ- မြန်မာ့အလင်း သတင်းစာ

မူးယစ်ဆေး၊ ဓား လက်နက်တွေနဲ့အတူ အုပ်စုဖွဲ့ လူဆိုးဂိုဏ်း တခုကို ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်မှာ ဖမ်းဆီးရမိတယ် လို့ ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြလာပါတယ်။ 

 နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့အတူ ရန်ကုန် မြောက်ပိုင်းနဲ့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဝင်တွေ စုပေါင်း ပြီး လှိုင်သာယာမြို့က အုပ်စုဖွဲ့ အနိုင်ကျင့်တာ၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုတွေ ကျူးလွန်တယ်လို့သံသရှိတဲ့ နေအိမ်တခုကို ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့တယ်လို့ သတင်းက ရေးပါ တယ်။ 

ရဲက သွားရောက် ရှာဖွေရာမှာ အဆိုပါ တိုက်ခန်းမှာ ရှိနေကြသူတွေက အသာတကြည်မရှိဘဲ ခုခံခဲ့တယ်လို့လည်း သိရပါတယ်။ 

အဲဒီမှာ ရဲတပ်ဖွဲ့က လူ ၈ ဦး အဖွဲ့တဖွဲ့နဲ့ သူတို့ရဲ့ ဓား လက်နက် အတို၊ အရှည် ၃၄ ချောင်း၊ ဓားမြှောင် ၃ ချောင်း၊  လိုင်စင်မဲ့ ဆိုင်ကယ် ၅ စီး၊ မော်တော်ကားတစီး၊ ဆေးခြောက်လို့ ယူဆရတဲ့ အထုပ်တို့ကို သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။ 

ရဲတပ်ဖွဲ့ကတော့ ဆက်လက်စုံစမ်းဖော်ထုတ်မှုတွေလည်း လုပ်သွားမှာ ဖြစ်သလို ဖမ်းမိထားသူတွေကို  အမှုဖွင့် အရေုးယူသွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 

အမှန်တကယ် ဂိုဏ်းဖွဲ့ အနိုင်ကျင့်တဲ့ လူဆိုးဂိုဏ်းတွေ ဖမ်းဆီးတာဟာ ကောင်းတဲ့လုပ်ရပ်အဖြစ် ပြောကြပေမယ့် ပြည်သူ့ဘဝ လုံခြုံရေးကို ခြိမ်းခြောက် ရန်ပြုနေပြီး ဂိုဏ်းဖွဲ့ လှုပ်ရှားနေသူတွေ  အများအပြား ရှိနေသေးတယ်လို့လည်း အွန်လိုင်း လောကမှာ ဝေဖန်ပြောဆိုနေကြပါတယ်။

အိမ့်သံစဉ် ~ 




1 comments :

  1. Anonymous said... :

    သမ္မတကြီးအမိန့်နဲ့ပြန်လွှတ်ပေးမှာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved