မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Electro Dance Music ပွဲတော်

Tuesday, November 18, 2014





မြန်မာနိုင်ငံမှ နာမည်ကြီး DJ သမား ၇ ဦးတို့ အလှည့်ကျ ပါဝင်တီးခတ် ဖျော်ဖြေခဲ့ကြသည့် မြန်မာ နိုင်ငံ၏ ပထမဦးဆုံး Electro Dance Music  ပွဲတော်ကို နိုဝင်ဘာလ ၇ ရက်နေ့ ညက ရန်ကုန်မြို့၊   မြရိပ်ညိုဟိုတယ် Outdoor Area တွင် ကျင်းပခဲ့သည်။

 


  •  (ဓာတ်ပုံများ - တင်ထက်ပိုင်/ဧရာဝတီ)

 G-Square Entertainment & Syndicate Company က စီစဉ်သော ပွဲတော်သို့ လူငယ်လူရွယ် အများအပြား တက်ရောက်လာကြပြီး လူလတ်ပိုင်း အချို့လည်း ပါဝင်သည်ကို တွေ့ရသည်။

ပွဲတွင် Dj တီးခတ် ဖျော်ဖြေမှုအား ညနေ ၄ နာရီကျော်တွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံမှ နာမည်ကျော် DJ အတီး ပညာရှင်များ ဖြစ်သည့်
- DJ Rush
- DJ ကျော်သူဟန် 
- DJ Neo 
- DJ Wine
- DJ Nway Oo
- DJ နောင်နောင်
DJ Hermex Dake
တို့က တဦးချင်းစီ အလှည့်ကျပါဝင် တီးခတ်ဖျော်ဖြေခဲ့ကြရာ ည ၇ နာရီ နှင့် ည ၈ နာရီ နောက်ပိုင်းတွင် ပွဲသို့ လာရောက်အာပေးကြသော လူငယ် အရေ အတွက်မှာ တဖြည်းဖြည်း များလာခဲ့သည်။

ယင်းကဲ့သို့ Dj သမားက တီးခတ်ဖျော်ဖြေနေစဉ်အတွင်း မြန်မာနိုင်ငံမှ နာမည်ကြီး လူငယ်အကအဖွဲ့ တဖွဲ့ဖြစ်သည့် အမျိုးသမီးလူငယ် အကပညာရှင် ခေမီကို ဦးဆောင်သော K-MI-KO Dancer Group က မြူးကြွသော   စည်းချက်များနဲ့အတူ  ကကွက်ဆန်းများဖြင့် တင်ဆက်ကြရာ  မြက်ခင်းပြင်ပေါ်ရှိ Dj တီးခတ်မှုများနောက် စီးမျောလိုက်ပါ ကခုန်နေကြသော လူငယ်များက တခဲနက် အားပေးခဲ့ကြသည်။

မီးရောင်မှောင်ထားသည့်  မြက်ခင်းပြင်ထက်တွင် နိုင်ငံတကာရှိ  Tomorrow Land နှင့် Ultra Music Festival ပွဲများကဲ့သို့ နိုင်ငံတကာအဆင့်မီ Lighting System များအတိုင်း LED Effect များသုံး၍ ရောင်စုံ ဆလိုက်မီး များကို Dj Beats များနှင့် စီးချက်ညီညာစွာ အသုံးပြုသွားသည်ကို တွေ့ရသည်။

Dj Beats အသံများကိုလည်း Sound System ကောင်းကောင်းဖြင့် Beat သံမှန်မှန်ထွက်အောင် အသံထွက်အားကောင်းသော Loud Speaker,  Amplifier များကို အသုံးပြုထားပြီး Dj ပညာရှင်များ တီးခတ် သွားသည့် သီချင်းများမှာလည်း ယနေ့ခေတ် လူငယ်များအကြား ခေတ်စားလျက်ရှိသည့် နိုင်ငံတကာမှ သီချင်းများဖြစ်ပြီး နှင့် မြန်မာနိုင်ငံမှ နာမည်ကြီး Hip Hop သီချင်းများလည်း ပါဝင်ခဲ့သည်။ ပွဲအတွက် လက်မှတ်တစောင်ကို ၆,၀၀၀ ကျပ်ဖြစ်ပြီး ပွဲသို့ လာရောက်အားပေးခဲ့သည့် လူငယ် ပရိသတ်ဦးရေ ၁,၅၀၀ ဝန်းကျင်ရှိခဲ့သည်။

“မြန်မာနိုင်ငံမှာ ကျနော်တို့ ပထမဦးဆုံးလုပ်တဲ့ပွဲ အခုလိုအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတော့ ကျေနပ် ပါတယ်။
ဒီပွဲနဲ့ ပတ်သက်ပြီးတော့ Facebook မှာ အဆိုးမြင် ဝေဖန်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီး လူငယ် တယောက် အနေနဲ့ ပြောရရင်တော့ ဒီလိုမျိုး ကိစ္စတခုအသစ် ဖြစ်တိုင်း ထောက်ခံတဲ့သူနဲ့ ကန့်ကွက်တဲ့သူဆိုတာ အမြဲတမ်းရှိနေမှာပဲ။
အဲဒီအပေါ်မှာ ကျနော်တို့က တွေဝေမိန်းမောမှု မရှိဘဲနဲ့ ကျနော်တို့ ရှေ့ဆက်ပြီး လုပ်သွားမယ့် အရာတွေကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။ နောက်ပိုင်းမှာလည်း ဒါမျိုး Dj Event တွေ ဆက်လုပ်သွားဖို့ရှိပါတယ်။
အဓိကကတော့ အပြုသဘော ဆောင်တဲ့ ဝေဖန်မှုမျိုးတွေကို ကျနော်တို့က ကြိုဆိုပါတယ်”
ဟု အဆိုပါပွဲကို စီစဉ်သည့် ကုမ္ပဏီ၏  Executive Director ကိုဝင်းမော်ဦးက ဧရာဝတီကို ပြောသည်။

သီဟတိုး 





-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved