နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုရ ဦးအောင်ဇော် မိန့်ခွန်း

Thursday, November 27, 2014






နိုင်ငံတကာ သတင်းသမားများ ကာကွယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ CPJ က ဧရာဝတီမဂ္ဂဇင်း တည်ထောင်သူ အယ်ဒီတာချုပ် ဦးအောင်ဇော်နဲ့အတူ နိုင်ငံတကာက ဂျာနယ်လစ် ၄ ဦးကို အခုနှစ်အတွက် နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆုအနေနဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ပေးအပ်ခဲ့ပါတယ်။

အဲဒီ ဆုပေးပွဲအခမ်းအနားမှာ ဦးအောင်ဇော်က ဆုလက်ခံရယူရင်း မိန့်ခွန်းပြောကြားခဲ့ပြီး အဲဒီ မိန့်ခွန်းကို မြန်မာဘာသာပြန်ဆို ဖော်ပြပေးလိုက်ပါတယ်။

“ကျေးဇူး အများကြီးတင်ပါတယ်။ အခု ကျနော် ဒီနေရာမှာ ရောက်နေတာ အရမ်းပဲ ဂုဏ်ယူပါတယ်။ ကျနော့ မိန့်ခွန်း ကို မစခင်ပြောချင်တာက ကျနော့်ရဲ့ Tuxido အနောက်တိုင်း ၀တ်စုံ ၀တ်ထားရတာ သိပ်အဆင်မပြေလှဘူးခင်ဗျ၊ ဒီ အ၀တ်အစားဝတ်ပြီး မိန့်ခွန်းပြောရတာက ကျနော့် ဘ၀မှာ ပထမဆုံးဆိုတော့ နည်းနည်း စိတ်ကသိကအောင့် ဖြစ်ရပါတယ်။ ကျနော့်ကိုတော့ အမှားအယွင်းများရှိခဲ့ရင် မိတ်ဆွေများအနေနဲ့ ခွင့်လွှတ်နားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်။

ချစ်ခင်လေးစားရပါသော မိတ်ဆွေများခင်ဗျား ၊ ပျော်စရာအလွန်ကောင်းပါတယ်၊ မိတ်ဆွေများကို ကျေးဇူး အများကြီးတင်ပါတယ်။

ကျနော့်ကို CPJ က ပေးတဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့် ဆုနဲ့ပတ်သက်ပြီး ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် Team ကို အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခု ကာလဟာ ကျနော်တို့  မြန်မာနိုင်ငံမှာ တကယ့် ခရီးကြမ်းကို ဖြတ်သန်းနေရတဲ့ ကာလပါ။ ကျနော်တို့နိုင်ငံရဲ့ အမည်ကို Burma လို့ခေါ်မလား Myanmar လို့ခေါ်မလားဆိုတာ အခုထိကတော့ အခြေအတင် ငြင်းခုန်နေရတုန်းပါဘဲ။ ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ Myanmar ပဲ ခေါ်ခေါ် Burma ပဲ ခေါ်ခေါ် အခုချိန်မှာတော့ ဒါက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် သတိထားစရာ တခုကတော့ Myanmarese ဆိုတာတော့ မရှိပါဘူး။

ကျနော် ၂၀၁၂ ခုနှစ်တုန်းက မြန်မာနိုင်ငံကို ပြန်ခဲ့စဉ်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာကြတယ်။ ဆင်ဆာဘုတ် အဖွဲ့ကိုလည်းပယ်ဖျက်လိုက်ပြီ၊ စီးပွားရေးကတော့ အတော်ပဲ ဆုတ်ယုတ်နေခဲ့ချိန်ပါ။ ပြည်ပရောက် အဖွဲ့တွေကိုလည်း မြန်မာနိုင်ငံကို ပြန်လာဖို့ ဖိတ်ခေါ်ခံကြရတယ်။

အဲဒီတုန်းက အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ ကျနော့ အဖွားက ကျနော် မြန်မာပြည်သွားမယ်ဆိုတော့ သူ အရမ်းကို စိတ်ပူခဲ့တာ။ သူက ကျနော့်ကို အန္တရာယ် ကင်းဘေးရှင်းဖို့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားစာတွေရွတ်ပြီး ဆုတောင်းပေးတယ်။ ကျနော့ကိုလည်း ရွတ်ဖတ်ဖို့ သတိပေးတယ်။ မြန်မာတွေအနေနဲ့ အကြောက်တရားနဲ့ပတ်သက်ပြီး ဒီလိုပဲ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရတာကိုး။

ကျနော့ရဲ့ ပထဆုံး မြန်မာပြည် ပြည်တော်ပြန်ခရီးမှာ ကျနော်တွေ့ခဲ့ရသမျှ သာမန်လူတွေက အစ တက်ကြွလှုပ်ရှားသူတွေ၊ စာရေးဆရာတွေ ၊ နိုင်ငံရေးသမားတွေနဲ့ ၁၀ နှစ်လောက် အကျဉ်းထောင်ထဲ နေခဲ့ရတဲ့ ကျနော့ ညီရဲ့ မိတ်ဆွေ သူငယ်ချင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို တွေ့ရတော့ သူတို့က အတော် စိတ်အားထက်သန်ပြီး အကောင်းမြင်တဲ့ သဘောထားတွေကို ပြောပြကြတယ်။ ခွန်အားတွေနဲ့ စိတ်လှုပ်ရှားမှုတွေပေါ့ဗျာ။

အရမ်း စိတ်မကောင်းစရာကတော့ အဲဒါတွေဟာ သိပ်ကြာကြာ မခံလိုက်တာပါဘဲ။
မကြာသေးခင်ကပဲ ကျနော်တို့ နိုင်ငံဟာ အတော်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေအဖြစ် နောက်ပြန်သွားနေတယ် ဆိုတာ မြင်လာတွေ့ရတော့တာပါဘဲ။ မီဒီယာကဏ္ဍမှာ မြန်မာသတင်းစာ သမားတွေကို ပိုပြီး စိစစ် ကြပ်မတ်လာတာ၊ ဖမ်းဆီးခံလာရတာ၊ ခြိမ်းခြောက်ခံလာရတာ၊ ချုပ်နှောင်ခံရတာတွေကို ကြုံနေရပြီ။ သေဘေးနဲ့တောင် ကြူံနေရတယ်။

အောက်တိုဘာလတုန်းက တက်ကြွလှုပ်ရှားသူ အလွတ်သတင်းထောက် တဦးဟာ စစ်တပ်က ထိန်းသိမ်းထားစဉ်မှာ အသတ်ခံခဲ့ရတယ်။
သတင်းသမားတွေလည်း စောင့်ကြည့်ခံနေရပြီဆိုတာ သတိပြုမိကြတယ်။

တချိန်က ဆင်ဆာဖြတ်တောက်တာတွေ အစဉ်တစိုက်လုပ်လာတဲ့ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနဆိုတာကလည်း အခုထိ သြဇာလွှမ်းမိုးထားနေဆဲပါဘဲ။ ကျနော်တို့နဲ့ အစိုးရကြား ဆက်ဆံရေးကလည်း အတော့်ကို ကြမ်းတမ်းနေဆဲပါ။ ဒါကလည်း ကျနော်တို့က တင်ပြစရာ ရှိတဲ့ သတင်းလုပ်ငန်းကောင်းတွေကို လုပ်နေလို့ပါဘဲ။
ကျနော် ဒီနေရာကနေပြီး ခင်ဗျားတို့ကို ကတိပေးတာကတော့ ကျနော်တို့ဟာ ရှေ့ဆက်ပြီးတော့လည်း မေးခွန်းတွေ၊  ခက်ခဲတဲ့မေးခွန်းတွေ၊ ကောင်းတဲ့ မေးခွန်းတွေ၊ မှန်ကန်တဲ့ မေးခွန်းတွေနဲ့ အစိုးရကိုရော အခြားသူတွေကိုရော၊ ကျနော်တို့ကို မကြိုက်တဲ့သူတွေကိုရော၊ ကျနော်တို့မေးခွန်းတွေအတွက် စိတ်မသက်မသာဖြစ်မယ့်သူတွေကိုလည်း ဆက်ပြီးမေးနေအုံးမယ်ဆိုတာပါဘဲ။

ကျနော်တို့ သဘာဝအတိုင်း မေးခွန်းတွေထဲက တခုကို  ဆက်မေးနေတာက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ဟာ တကယ်ပဲ အတိတ်က ဖောက်ထွက်နိုင်ခဲ့ပြီလား၊ ဒါမှမဟုတ် အဟောင်းတွေကို ပြန်ပြီး အသစ်ထုတ်ပိုးပြနေတာလားဆိုတာပဲ။

မကြာသေးခင်က သမ္မတ အိုးဘားမားရဲ့ မြန်မာပြည်ခရီးစဉ်မှာ ကျနော်တို့ ဧရာဝတီကို သီးသန့် အင်တာဗျူးပေးခဲ့ပါတယ်။ အဲဒီမှာ မြန်မာပြည်က နောက်ပြန်သွားနေတယ်ဆိုတာ ကျနော်တို့က သူ့ကို အသိပေးခဲ့ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ မြန်မာ့ ပြုပြင်ပြောင်းလဲရေးဟာ စစ်မှန်တယ်လို့ သူက ကြေညာခဲ့ပါတယ်။

ကျနော် အသေအချာ ပြောနိုင်တာက မြန်မာနိုင်ငံထဲ လူတော်တော်များများက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ် ယုံ ကြည်မှု တကယ်ပဲ မရှိတော့ပါဘူး။ ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုလဲ။ တခါတရံမှာ ကျနော်တို့ တကယ်ပဲ စိုးရိမ်ပူပန်မိတာကာ နိုင်ငံတကာ မိတ်ဆွေတွေအနေနဲ့ နေ့စဉ်နဲ့အမျှ တကယ့်လက်တွေ့ဘ၀ထဲက ကျနော်တို့ ဘ၀ သရုပ်မှန်တွေအပေါ် အမှန်မမြင်မှာကိုပါဘဲ။

ကျနော်တို့ နိုင်ငံကို အစိမ်းရောင် နိုင်ငံတော်လို့ ဆိုကြတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံက အတော် လှပတဲ့ သစ်တောတွေနဲ့ သစ်ပင်တွေကို မဆိုလိုပါဘူး။ ကျနော်ဆိုလိုတာက စစ်ယူနီဖောင်းဝတ်တွေဟာ အခုထိ အာဏာရှိနေဆဲ ဖြစ်တယ်ဆိုတာပါဘဲ။ ဒီ စစ်ဗိုလ်တွေပဲ ကမ္ဘာပေါ်မှာ အလှဆုံး၊ အဆင်းရဲဆုံး ကျနော်တို့ နိုင်ငံကို ချုပ်ကိုင်ချင်နေကြတာပါ။ ပြီးတော့ ကျနော်တို့ဟာ သတင်းမီဒီယာလွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ တရားမျှတမှုဘက်က ရပ်တည်နေဆဲပဲ ရှိတယ်လို့ ကျနော် ပြောပါရစေ။ ကျနော်တို့ဟာ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်သလို လွတ်လပ်တဲ့ ဂျာနယ်လစ်ဇင် တိုးတက်မြင့်မားလာစေရေး ဆက်လက် ကြိုးပမ်းသွားကြမှာပါ။

ကျနော်ပြောချင်တာက ဒီဆုဟာ ကျနော်တို့ရဲ့ အလုပ်ကြိုးပမ်းလုပ်ဆောင်နေကြတဲ့ ဧရာဝတီအဖွဲ့သားတွေ၊ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ကြိုးပမ်းနေကြတဲ့ မြန်မာသတင်းသမားတွေ အတွက်ပေးတယ်လို့နားလည်တယ်။ ဆိုလိုတာက ဒီဆုက တဦးတယောက်တည်းအတွက် ပေးတာ မဟုတ်ဘူး။ မြန်မာသတင်းသမားတွေကို ကာကွယ်ပေးဖို့ သင်္ကေတပြလိုက်တာလည်းဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ကမ္ဘာကြီးဟာ  မြန်မာနိုင်ငံထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ စောင့်ကြည့်နေတယ်လို့ ကျနော်ထင်ပါတယ်။

ကျေးဇူး အများကြီး တင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved