ခံစားမှုအသစ်အဆန်းတွေနဲ့ ကန်တော်ကြီးထဲက OTBT

Thursday, November 27, 2014





အရသာရှိတဲ့အစားအသောက်တွေကို သာမကဘဲ တခြား အတွေ့အကြုံခံစားမှုအသစ်တွေကိုပါ ရရှိခံစား စေနိုင်တဲ့ နေရာတခုဖြစ်တဲ့ ရန်ကုန် ကန်တော်ကြီး ဥယျာဉ် ထဲမှာရှိတဲ့  Off The Beaten Track (OTBT) Travel Café မိတ်ဆက်ပေးချင်ပါတယ်။

လာရောက် စားသုံးတဲ့ဧည့်သည်တွေဟာ အမျိုးအစားစုံလင်လှတဲ့ စားစရာနဲ့ သောက်စရာတွေကိုသင့်လျော်တဲ့ ဈေးနှုန်းနဲ့ ရွေးချယ်စားသုံးနိုင်ပြီးတချိန်တည်းမှာပဲနိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံအကြောင်းကိုပါ စူးစမ်းလေ့လာသွားနိုင်ပါတယ်။

ဝါရင့်ဧည့်လမ်းညွှန်တဦးဖြစ်တဲ့ ကိုနေလင်းထိုက်နဲ့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Bryan Berenguerတို့ ပူးပေါင်းပြီး လုပ်ဆောင်ကြတဲ့ OTBTဟာ အကျိုးအမြတ်ရလိုမှု တခုတည်းအတွက် လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်း မဟုတ်ဘူးလို့သိရပါတယ်။ ညနေစောင်း ၅နာရီ ဝန်းကျင်လောက် ဆိုတာနဲ့ OTBT ဆိုတဲ့ ဆိုင်လေးကနေ သူတို့က ကြိုဆိုနေပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ အကြောင်းအရာတွေ၊ ခရီးသွား မှတ်တမ်းထဲက အကြောင်းတွေကို စေတနာနဲ့အခမဲ့ ဝေမျှပေးနေပါတယ်။ဆိုင်ခန်းအထဲကိုဝင်လိုက်ရင်တော့ မြေပုံတွေ၊ OTBTဆိုင်အမှတ်တရအမည်းနဲ့အဝါစပ်ထားတဲ့T-shirtအင်္ကျီတွေ၊ စာအုပ်အဟောင်းတွေနဲ့ ခင်းကျင်း ထားတဲ့ အခန်းငယ်လေးတခုကို တွေ့ရမှာပါ။





ကျမတို့က ဆိုင်ရဲ့အထူး Specialဟင်းပွဲတွေနဲ့ မိတ်ဆက်ပေးပါလို့ ပြောလိုက်တော့သူတို့က မြန်မာဟင်းလျာတွေမှာဖို့ ပြောပါတယ်။
မြန်မာစတိုင်ချက်ပြုတ်ထားတဲ့ကြက်သားဟင်း၊ ငါးရှဥ့်ခြောက်ပဲဆီဆမ်း (၁ပွဲကို၃၅၀ဝကျပ်) တို့ကိုကျမတို့မှာလိုက်ပါတယ်။ ဟင်း၂မျိုးစလုံးကတော့အရသာ လေးလေးပင်ပင်နဲ့ ကျမရဲ့ခံတွင်းမှာတော့နည်းနည်းငန်နေတယ်လို့ခံစားမိပါတယ်။

Appetizer စားဖွယ်ရာတွေအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေကတော့စားချင်စရာပါပဲ။ ကချင်ရိုးရာ ရေကန်စွန်းသုပ် (၂၀ဝ၀ကျပ်)၊ သင်္ဘောသီးထောင်း (၁၅၀ဝကျပ်)၊ ချင်းလက်ဖက်သုပ် (၁၀ဝ၀ကျပ်)၊ ကြက်သား (သို့) ပုစွန်သုပ် (၃၅၀ဝကျပ်)၊ ကျောက်ပွင့်သုပ်နဲ့ခရမ်းသီးမီးဖုတ်သုပ် (၂၀ဝ၀ကျပ်) တို့ ဖြစ်ပါတယ်။
ကြက်/ဝက်ထမင်းကြော်နဲ့ ခေါက်ဆွဲကြော် တွေကတော့တပွဲကို၂၀ဝ၀ကျပ်ဆိုတော့ မျက်စိကျစရာ ဖြစ်ပါတယ်။ တခြားတရုတ်စာအမျိုးမျိုးနဲ့ အနောက်တိုင်းစာတွေလည်းဒီဆိုင်မှာရနိုင်ပါတယ်။




အနောက်တိုင်းအစားအစာတွေထဲမှာဆိုရင်တော့ အသားညှပ်ပေါင်မုန့် (Sandwich) တမျိုးမျိုးကို မြည်းစမ်းကြည့်သင့်ပါတယ်။ တူနာငါးနဲ့ (၃၀ဝ၀ကျပ်)၊Club Sandwich (၄၀ဝ၀ကျပ်)၊Cheese Sandwich (၆၀ဝ၀ကျပ်) တို့ဖြစ်ပြီး ပွဲတိုင်းအတွက် အာလူးချောင်းကြော်ပါဝင်ပါတယ်။ အမဲသားဟမ်ဘာဂါ ကတော့ ၄၀ဝ၀ကျပ်ဖြစ်ပါတယ်။ ဗြိတိသျှစတိုင်Fish and Chips ဒါမှမဟုတ်ငါးလက်ညှိုး ကြော်ကတော့ တပွဲကို ၃၅၀ဝကျပ်ပါ။

ဆိုင်ကိုလေဟာပြင်မှာခင်းကျင်းထားပြီး စိတ်ကူးယဉ်ဆန်တဲ့ မီးအလင်းရောင်နဲ့အပြင်အဆင်တွေက စားသုံးသူတွေရဲ့စိတ်ကို ကြည်နူးစေတာအမှန်ပါပဲ။ အပြင်ကရှုခင်းတွေကိုကြည့်ရှုနိုင်ဖို့ ပြုလုပ်ထားတဲ့အခန်းငယ်လေးကလည်း ပိတ်ပါးစတမျိုးနဲ့ ကာရံထားတဲ့အတွက် ဝိုးတဝါးမြင်ကွင်း ဖြစ်နေတာကိုက ချစ်စရာတမျိုးကောင်းနေပါတယ်။





အဆင်မပြေတာလေးတွေထဲက တခုကတော့သစ်မာသားနဲ့ ပြုလုပ်ထားတဲ့ခုံတန်းတွေပဲ ဖြစ်ပါတယ်။ မိုးရာသီကာလဆိုရင်တော့ လေဟာပြင် စားသောက်ဆိုင်ဖြစ်တဲ့ ဒီဆိုင်က သိပ်အဆင်မပြေနိုင်ပါဘူး။ မိုးလေကင်းတဲ့၊သာယာတဲ့ညနေခင်းတွေဆိုရင်တော့ဒီဆိုင်လေးကလာစားဖို့သင့်လျော်ပါတယ်။

OTBTရဲ့နာမည်ကြီးတဲ့အစားအစာတွေကတော့ မြစ်ဝကျွန်းပေါ်သားလို့ အမည်ပေးထားတဲ့ ထမင်းကြော်နဲ့ငါးခြောက်ကို သောက်စရာTonicတမျိုးနဲ့တည်ခင်းထားတဲ့ဟင်းပွဲ (ဈေးနှုန်း၄၈၀ဝကျပ်) ပါ။ နောက်တမျိုးကတော့အထက်မြန်မာပြည်သားလို့နာမည်ပေးထားတဲ့ပဲကြော်စုံကိုမန္တလေးရမ်နဲ့ကိုလာတွဲဖက်တည်ခင်းထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့၂၅၀ဝကျပ်ပါ။ နောက်ထပ ရန်ကုန်ညလို့ နာမည်ပေးထားတဲ့ ဟင်းပွဲကတော့လက်ဖက်သုပ်ကို မြန်မာဝီစကီနဲ့တွဲဖက်တည်ခင်းတာ ဖြစ်ပါတယ်၊ ဈေးနှုန်းက၂၈၀ဝကျပ်ပါ။ နောက်ဆုံးတမျိုးကတော့NGO Walkerလို့နာမည် ပေးထားပါတယ်၊အာလူးချောင်းကြော်ကို Vodka၁ ရှော့စာနဲ့ တွဲဖက်တည်ခင်းတာပါ။ ဈေးနှုန်းကတော့၃၀ဝ၀ကျပ်ပါ။

အပေါ်ကမိတ်ဆက်ပေးခဲ့တဲ့ဟင်းပွဲတွေနဲ့ ပုံစံသိပ်မကွာတဲ့ OTBTရဲ့ဆိုင်ရှင်များ အထူးပြုလုပ်ထားတဲ့ Specialဟင်းပွဲတွေလည်းရှိပါတယ်။ လင်းထိုက်ရဲ့ဟင်းပွဲမှာဆိုရင်လက်ဖက်ထမင်းနဲ့အတူJohnny Walker တခွက်ပါဝင်ပြီး ဈေးနှုန်းကတော့၃၉၀ဝကျပ်ပါ။ Bryanရဲ့ဟင်းပွဲကတော့ကြက်သွန်ဖြူ၊ငရုတ်သီးတို့နဲ့ ကြော်ထားတဲ့အာလူးချောင်းကြော်ကို Jack Daniels ဝီစကီခပ်များများတခွက်နဲ့အတူချပေးပါတယ်။ ဈေးနှုန်းကတော့၄၄၀ဝကျပ် ဖြစ်ပါတယ်။ ဇင်ဇင်ရဲ့ဟင်းပွဲမှာတော့ငှက်ပျောအူသုပ်တပွဲနဲ့Spy Wineတလုံးပါပြီး ဈေးနှုန်းကတော့၃၉၀ဝကျပ်ဖြစ်ပါတယ်။

OTBTကို နေ့လယ်၁၁နာရီကနေ ည၁၁နာရီအထိ ဖွင့်လှစ်ထားတဲ့အတွက် ကန်တော်ကြီးဥယျာဉ်ထဲ လမ်းလျှောက်လည်ပတ်သွားလာရင်း ပင်ပန်းလာတဲ့အခါ တထောက်ဝင်နားပြီး ကြိုက်နှစ်သက်ရာတွေကိုမှာယူသုံးဆောင်နိုင်တဲ့ နေရာကောင်း လေးတခုလည်းဖြစ်ပါတယ်။ ယမကာ မကြိုက်သူတွေအတွက် Menuမှာ ကဖိန်းဓာတ်များများပါဝင်တဲ့အချိုရည်၊ Smoothieနဲ့Cocktail တွေလည်းရရှိနိုင်တာ တွေ့ရပါတယ်။




Special Frappeနဲ့အတူဗနီလာ၊ Blueberry ၊ Raspberryနဲ့ သစ်အယ်သီးCappuccions ရေခဲမုန့်တွေ ကို တပွဲ၂၂၀ဝကျပ်တို့နဲ့ မြည်းစမ်းစား ကြည့်နိုင်ပါသေးတယ်။ သရက်သီး၊ နာနတ်သီး၊ ပန်းသီးနဲ့စတော်ဘယ်ရီ Smoothie တွေ၊ ဒါမှမဟုတ် ချောကလက်၊သင်္ဘောသီးနဲ့ ထောပတ်သီး Milkshake တွေလည်းရနိုင်ပါတယ်။ ဥယျာဉ်ထဲမှာလည်ပတ်သူတွေအတွက်Iced Lemon Tea ကစလို့Rasberryလက်ဖက်ရည်နဲ့ အနောက်တိုင်း နံနက်စာတွေအဆုံးရရှိနိုင်ပါတယ်။လက်ညှစ်မုန်လာဥဖျော်ရည်၊ သရက်သီးနဲ့ခရမ်းချဉ်သီး ဖျော်ရည် တို့ကလည်း ပင်ပန်းနေတာတွေကို ပြန်ပြီးလန်းဆန်းလာစေနိုင်ပါတယ်။

စားသုံးသူကအရက်ပြင်းမသောက်ချင်ဘူးဆိုရင်လည်း Tiger Beer နဲ့ Myanmar Beer ၊ Cocktail တွေကိုအသင့်လျော်ဆုံး ဈေးနှုန်းနဲ့တည်ခင်းပေးနေပါတယ်။Whisky Sours (၂၅၀ဝကျပ်) နဲ့Bloody Marry (၃၈၀ဝကျပ်) တို့ကိုတော့ စမ်းသောက်ကြည့်ဖို့ အကြုံပြုလိုပါတယ်။ ကန်တော်ကြီးထဲ ရောက်နေပြီဆိုရင်တော့ ဒီဆိုင်လေးထဲကိုဝင်မိလိုက်ရင် ပြန်မထွက်နိုင်တော့မှာအသေအချာပဲလို့ညွှန်းပါရစေ။

The Irrawaddy အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြထားသော Grace Harrison ရဲ့ ‘‘Eat, Drink, Explore”ကို ဆုလာဘ်ရတနာ ဆီလျော်အောင်ဘာသာပြန်ဆိုထားပြီး ဧရာဝတီ ဂျာနယ် အမှတ်စဉ် ၄၈ မှာ ဖော်ပြထားပါတယ်။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved