ဗိုလ်ချုပ်ရုပ်ရှင် အရုပ်ထင်ပါဦးမလား

Thursday, November 27, 2014



ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကွင်း(ဓာတ်ပုံ- Home Media)


 လာမယ့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့်အချိန်အခါသမယကို ရောက်တော့မယ်ဆိုတာ အားလုံးလည်း အသိပါ။ ဗိုလ်ချုပ်ရဲ့ ရာပြည့်ပွဲအတွက် NLD ပါတီကလည်း တနှစ်ပတ်လုံး အထိမ်းအမှတ် အခမ်းအနားပွဲတွေ ကျင်းပပြုလုပ်သွားမှာပါ။ ဒါ့အပြင် အနုပညာရှင်တွေ ဘက်ကလည်း ရာပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်မယ့် အစီအစဉ်တွေရှိပါသေးတယ်တဲ့။

အဲ့ဒီမှာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ နှင်းဆီအဖွဲ့သားတွေက ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် အငြိမ့် ကပြ ဖျော်ဖြေဖို့ ရှိတယ်လို့လည်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အနုပညာရှင်တွေ စုပေါင်း ဖွဲ့စည်းပြီး တည်ထောင်ထားတဲ့ မေတ္တာသင်္ဂဟ အဖွဲ့ ကလည်း ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲ ဖြစ်မြောက်ရေးကော်မတီကို အလှူငွေတွေ ပေးအပ်လှူဒါန်းပြီး ဒီပွဲကြီး ဖြစ်မြောက်ဖို့အတွက် တတပ်တအား ပါဝင်အားဖြည့်ကြပါတယ်။

နောက် ဒါရိုက်တာ မြေနီသစ္စာ ဦးဆောင် စီစဉ်တဲ့ မိနစ် ၂၀ စာ မှတ်တမ်းရုပ်ရှင်နဲ့  မိနစ် ၄၀ စာ ဇာတ်လမ်းရုပ်ရှင်တို့ကိုလည်း ဗိုလ်ချုပ်ရာပြည့်အမီ ရိုက်ကူးနေကြပြန်ပါတယ်။

ဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူပြီး ရိုက်ကူးဖို့ ၂၀၁၂ ဖေဖော်ဝါရီကတည်းက စီစဉ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးကတော့ တလောက အမြည်းသဘော ဆိုပြီး Teaser အပိုင်းလေးတွေကို အပိုင်းလိုက် လေးပိုင်း သတ်မှတ်ပြီး ရိုက်ကူးနေကြပြန်ပါတယ်။ အဲ့ဒီ Teaser အပိုင်းလေးပိုင်းထဲက ပထမဆုံးအပိုင်း အနေနဲ့ ဂျပန်တော်လှန်ရေးမစခင်မှာ ဒေါ်ခင်ကြည်ကို ကြက်ဖမွှေးဇောင်းရွာမှာ ပုန်းအောင်းနေဖို့ လိုက်ပို့တဲ့ အခန်းကို ရိုက်ကူးနေတာပါ။

အဲ့ဒီလိုရိုက်ကူးနေတာ တလခွဲလောက်ကြာတဲ့အထိ ဘာသတင်းမှ ထပ်မကြားဘဲ ငြိမ်ချက်သားကောင်းနေ ပါတယ်။ အခုတော့ ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ပြန်ရိုက်ကြမယ့် အသံသဲ့သဲ့ကြားလိုက်တော့ ပထမတပိုင်းတော့ ရိုက်ကူးပြီးစီးလို့ နောက်ထပ် ကျန်ရှိနေတဲ့ အပိုင်းတွေထဲက တပိုင်းများ ထပ်ရိုက်ဖို့ စီစဉ်ကြလေသလားပေါ့။ ဒါနဲ့ စိတ်ဝင်စားမိလို့ ဗိုလ်ချုပ်အောင်ဆန်းရုံးခန်းဆီ ဖုန်းဆက် မေးမြန်းကြည့်တဲ့အခါမှာ ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့ ဦးဇော်သက်ထွေးထံ မေးမြန်းဖို့  ရုံးခန်းက လမ်းညွှန်လိုက်ပါတယ်။ ဒီတော့ သူ့ထံ မေးကြည့်ရပြန်ပါတယ်။ အဲ့ဒီမှာ ဦးဇော်သက်ထွေးက သူ့ အနေနဲ့  နိုင်ငံခြားကနေ တနေ့ကမှ ပြန်ရောက်လာလို့ အသေးစိတ်မသိရှိတဲ့အတွက် အဲ့ဒီ အခြေအနေ အသေးစိတ်ကို သိရှိလိုပါက အဲ့ဒီ Teaser အပိုင်းကို တာဝန်ယူ ရိုက်ကူးမယ့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဆီသာ ဆက်သွယ်ဖို့ လမ်းညွှန် ပြန်ပါတယ်။

ဒါနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဆီ ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ “၄ ရက်နေ့မှာ ရိုက်မှာက ကျနော်တို့ အရှေ့မှာ ရိုက်ထားတုန်းက အထူးသဖြင့် ဗိုက်ဖုံးအကျီပေါ့။ အ၀တ်အစားမှားနေတာလေးကို ပြန်ပြင်ပြီး ရိုက်မယ့်ဟာပဲ။ အသစ်မဟုတ်ဘူး။ အဲ့ဒီ ရိုက်ကွင်း တခုလုံး ပြန်ရိုက်မှာ။” လို့ ဆိုပါတယ်။

ဒီလို မှားယွင်းလို့ ပြန်ရိုက်ကြရမယ်ဆိုတော့ ဇာတ်ကားကြီးအတွက် အ၀တ်အစားပိုင်းနဲ့ပတ်သက်လို့ တာဝန်ယူထားတဲ့ တာဝန်ခံတွေ ဘာများ ပြောမလဲဆိုတာ စိတ်ဝင်စားမိပါရဲ့။ ဒါနဲ့ ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားကြီးအတွက် အ၀တ်အစား တာဝန်ခံ တဦးဖြစ်တဲ့ ဦးအရိုင်းကို မေးကြည့်တော့ “သူတို့က ဘာအ၀တ်အစား ညာအ၀တ်အစားဆိုပြီးရှာခိုင်းတာပဲလေ။ ကျနော်တို့က အဲ့ဒါလေးကို ရှာပေးလိုက်တာပဲလေ။ မှားတယ်ဆိုတော့လည်း ပြန်ရိုက်ပေါ့။ ဒါပဲရှိတာပေါ့။ နည်းနည်းတော့ ကြာသွားတာပေါ့။ ပြန်တော့ရိုက်ရမှာပေါ့။ ဒေါ်ခင်ကြည် အကျီကို ယူပေးတာ တယောက်၊ ကျနော်ကတော့ ဗိုလ်ချုပ်နဲ့ ရဲဘော်တွေ အတွက်ကို ကျနော်က ရှာပေးတာ။ ရှပ်အကျီ ပြောင်လေးတွေ လိုချင်တယ်ဆိုလို့ ရှာပေးတာ။ မိန်းမအကျီ ကိုတော့ ဒေါ်အိအိခိုင်လားမသိဘူး ဒီဇိုင်နာနဲ့သွားပြီးတော့ လုပ်လိုက်တာလေ။ အဲ့ဒီတော့ ဗိုက်ဖုံးအကျီက မှားသွားတာ။ အဲ့ဒီခေတ်က ဗိုက်ဖုံးအကျီမှ မပေါ်သေးတာ။” လို့ ဆိုပါတယ်။

ဒီတော့ နောက်ထပ် ပြန်ရိုက်တဲ့အခါ မှားယွင်းတဲ့ အ၀တ်အစားနဲ့ပတ်သက်လို့ ဘယ်လိုပြန်ပြင်ဆင်သွားမလဲလို့ ဆက်မေးတော့ “ကျနော်တို့က ခရီးထွက်သွားတော့ မသိသေးဘူး။ ကြည့်ရတာ သူတို့အစည်းအဝေးတော့ ပြန်ခေါ်ဦးမယ်နဲ့ တူပါတယ်။” လို့ ပြန်ဖြေပါတယ်။

အ၀တ်အစားတွေ မှားနေလို့ ရိုက်ကွင်းတခုလုံးကို ပြန်ရိုက်ကြမယ်ဆိုတော့ ၃ နှစ်လောက်ကြာအောင် ရိုက်ကူးဖို့ ပြင်ဆင်လာခဲ့တဲ့ ဒီဇာတ်ကားကြီးရဲ့ ပွဲဦးထွက် အမြည်းအပိုင်းလေးမှာတောင်  မှားယွင်းနေတယ်ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး တခုလုံးအတွက် အဓိကကျတဲ့အခြားအကြောင်းအရာတွေရော ဘယ်လောက်အထိ မှန်ကန်ပါ့မယ်လို့ ဘယ်သူက ဘယ်လို တာဝန်ယူ အာမခံပေးနိုင်မလဲဆိုတာတော့…

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved