Mustang ရဲ့ ပြိုင်ဘက် Dodge Charger 2014

Wednesday, November 26, 2014


အမေရိကန်အခြေစိုက် ကားကုမ္ပဏီတွေဖြစ်တဲ့ Ford နဲ့ Dodge ဆိုတာက ဟိုအရင်ကတည်းက မော်ဒယ်တခုနဲ့တခု အပြိုင်ထုတ်လုပ်ရောင်းချလာတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေ ဖြစ်သလို ဈေးကွက်မှာလည်း သူတို့ရဲ့ အပြိုင်ကားတွေက နေရာရ အောင်မြင်လေ့ရှိတာ တွေ့နိုင်ပါတယ်။ ဘောလုံးလောကရဲ့ စကားလုံးမျိုးနဲ့ ပြောရမယ်ဆိုရင် အမေရိကန် ဒါဘီတွေ ဖြစ်တာကြောင့် ပြိုင်ဆိုင်ထုတ်လုပ်မှုတွေ ပြင်းထန်တာတွေ့ရသလို တဖက်ကလည်း ထုတ်လုပ်ရောင်းချကြတဲ့ မော်ဒယ်တွေက စွမ်းဆောင်ရည်တွေ မြင့်မားကြပါတယ်။ ဒါပေမယ့် တကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင်တော့ Dodge က Ford လောက် နာမည်မရလှဘဲ အမေရိက ဈေးကွက်တခုတည်းမှာသာ အောင်မြင်တာ တွေ့ရပါတယ်။ ဒါပေမယ့် အခု ကျနော်ပြောမယ့် Charger ကတော့ အမေရိကဈေးကွက်မှာတင် မဟုတ်ဘဲ Muscle ကား၊ Sport ကား ဈေးကွက်မှာပါ Ford ရဲ့ Mustang မော်ဒယ်နဲ့အပြိုင် အောင်မြင်နေတာ တွေ့ရတာကြောင့် စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်မိပါတယ်။

 



လူကြိုက်များတဲ့ အချက်

Muscle တန်းဝင် မော်ဒယ်တစီး ဖြစ်ပေမယ့် မောင်းနှင်ရမှု အပိုင်းမှာ ညင်သာကောင်းမွန်တာ တွေ့ရပြီး Transmission အပိုင်းမှာလည်း ပျော့ပျောင်းတာ တွေ့ရပါတယ်။ Muscle ရဲ့ သဘောတရားဖြစ်တဲ့ စွမ်းဆောင်ရည် မြင့်မားမှုနဲ့အတူ မောင်းနှင်ရမှုအပိုင်း တည်ငြိမ်မှု အားလုံးကိုလည်း Charger မှာ တွေ့ရနိုင်ပါတယ်။ ပြီးတော့ ရှေ့ဘီးနဲ့ နောက်ဘီး ထောက်ကြား ပမာဏကို တိုးမြှင့်ထားတာကြောင့် အတွင်းခန်း ကျယ်ဝန်းကောင်းမွန်တာ တွေ့ရသလို တဖက်ကလည်း အတွင်းခန်း တည်ဆောက် မှုဆိုင်ရာတွေမှာ သုံးထားတဲ့ အရည်အသွေးပိုင်း မြင့်မားတာတွေ တွေ့ရပါတယ်။ V8 အင်ဂျင်တပ် မော်ဒယ်အဖြစ်နဲ့ပါ ရနိုင်တာတွေ့ရပြီး ကျနော်တော့ အဲဒီ Grade ကို သဘောကျမိပါတယ်။ ဘီးစုံယက်စနစ်နဲ့ ထုတ်လုပ်ထားတာ တွေ့ရပြီး နောက်ဘီး ယက်စနစ်နဲ့လည်း ရနိုင်ပါတယ်။ တကယ်လို့ Sport ပုံစံနဲ့ City အတွက်လောက်ပဲ သုံးချင်တယ်ဆိုရင်တော့ နောက်ဘီးယက်စနစ်က ပိုပြီးအဆင်ပြေမှာလည်း  ဖြစ်ပါတယ်။  ပြီးတော့  အမေရိကကား တော်တော်များများမှာ တွေ့ရတတ်တဲ့ Display စနစ်ရဲ့ Touch အပိုင်းမှာ အသုံးပြုရမှု အားနည်းချက်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ တွေ့ရတာကြောင့် Media ပိုင်းပါ အားကောင်းပါသေးတယ်။

 



အားနည်းချက်

အမေရိကထုတ် မော်ဒယ်အများစုက ဆီစားများပါတယ်။ အထူးသဖြင့် Muscle တွေနဲ့ SUV တွေ။ အခု Charger ကလည်း အဲဒီအားနည်းချက်ကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ ဆီစားနှုန်း များပါတယ်။ အင်ဂျင်အကြီးတပ် Grade တွေမှာ ပိုဆိုးပါတယ်။ Transmission အပိုင်းမှာ ၈ ချက်သုံး Auto တမျိုးတည်း ရနိုင်ပြီး နောက်ထပ် ရွေးချယ်စရာမရှိတာက လူကြိုက်နည်းစေနိုင်ပါတယ်။ တကယ်တမ်းဆိုရင် Manual စနစ်နဲ့လည်း ထုတ်လုပ်ထားမှ လူငယ်ကြိုက်အဖြစ်နဲ့ရော၊ Sport ဆန်ဆန်အဖြစ်နဲ့ပါ ရနိုင်မယ်လို့ ယူဆမိပါတယ်။ ပြီးတော့ အတွင်းခန်းအပိုင်းမှာ ကျယ်ဝန်းအောင် ဖန်တီးထားတာ မှန်ပေမယ့် Dodge က သူ့ရဲ့မော်ဒယ်ကို နှစ်ယောက်စီးပုံစံပီသ စေချင်လို့ ရှေ့ဘက်ခန်းက တော်တော်ကို ကျယ်ဝန်းတယ်လို့ ဆိုနိုင်ပေမယ့် နောက်ဘက်ခန်းကတော့ ပုံမှန် အနည်းငယ် ကျဉ်းမြောင်းနေတာ တွေ့ရပါတယ်။


 



ကိုယ်ထည်

Muscle တစီးအတွက်က လျင်မြန်မှုလည်းရှိရမယ်၊ ဒီဇိုင်းလည်း မိရမယ်၊ နောက်ပြီး ရုပ်ထွက်လည်း လှရမယ် မဟုတ်လား။ လျင်မြန်ပါတယ်၊ ဒီဇိုင်းမိပါတယ်၊ လှပါတယ်။ ဒါပေမယ့် ကိုယ်ထည်က အကြီးစား ဆီဒင်တန်း ဝင်လောက်အောင် ကြီးမားနေတာကတော့ City လမ်းကြောင်းတွေအတွက် အဆင်မပြေစေပါဘူး။ နောက်ပြီး မော်ဒယ်က Coupe ဆိုတော့ အကြီးစားဆီဒင်လောက် တာသွားနေတာက City လမ်းတွေအတွက် အဆင်ပြေပါ့မလား စဉ်းစားစရာပါ။ အလျားက ၁၆ ပေနဲ့ ၈ လက်မထိ အောင် ရှိမှာဖြစ်ပြီးတော့ မျက်နှာစာ အကျယ်က ၆ ပေနဲ့ ၃ လက်မရှိမှာဖြစ်ကာ၊ ကားရဲ့ အမြင့်ကတော့ ၄ ပေနဲ့ ၁၀ ဒသမ ၄ လက်မ ရှိမှာ ဖြစ်ပါတယ်။ ကားရဲ့ အရပ်နိမ့်တာက ကြည့်ကောင်းစေတာ မှန်ပေမယ့် အလျားကတော့ ရှည်လွန်းနေသလိုပါ။ အရောင်အပိုင်းမှာတော့ စုစုပေါင်း ၈ ရောင်ပဲ ရမှာ ဖြစ်ပြီး အတွင်းဘက်ကတော့ အထည်သား ဦးစားပေးနဲ့ လေးမျိုးထုတ်လုပ်တာ တွေ့ရပါတယ်။

လမ်းကြောင်းတော့ မရွေးဘူး
Ground Clearance က ၆ လက်မထိအောင် ရှိမှာဆိုတော့ Off-Road အတွက်ရော City အတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပြီးတော့ အတွင်းခန်းတွေကလည်း ရှေ့ဘက်ခန်းက ၅၉ လက်မခွဲနဲ့ နောက်ဘက်ခန်းက ၅၈ လက်မနီးပါးထိအောင် ရှိမှာဖြစ်လို့ Highway အတွက်လည်း ပင်ပန်းစရာတော့ မရှိပါဘူး။ ကားရဲ့ အလေးချိန်က ပေါင် ၄၀ဝ၀ နားကပ်နေပြီး အများဆုံး ဝန်တင်ဆောင်နိုင်မှုက ပေါင် ၁၀ဝ၀ ကျော်သေးတယ်ဆိုတော့ အပျော်ခရီးထွက်မယ်ဆိုလည်း ကြိုက်သလောက် ပစ္စည်းတွေ တင်ဆောင်နိုင်မှာ ဖြစ်သလို Suspension စနစ်မှာလည်း ရှေ့ဘက်မှာက Short and Long Arm စနစ်နဲ့ ထိုင်ထားပြီး နောက်ဘက်ကတော့ Multi-link နဲ့ တွေ့ရပါတယ်။ MacPherson ကို သုံးမထားတာကတော့ တခုပြောစရာရှိနေပေမယ့် Short and Long Arm ရဲ့ အားသာချက်ကတော့ Off-Road အပိုင်းမှာ ပိုကောင်းပါတယ်။

 



ဆီစားနည်းအောင်ဆိုရင်

V8 အင်ဂျင်နဲ့လည်း ရနိုင်ပါတယ်၊ ကျနော်လည်း သဘောကျပါတယ်၊ ဒါပေမယ့် ဆီစားများမှာ စိုးရင်တော့ ၃ ဒသမ ၆ လီတာသုံး V6 အင်ဂျင်က လည်း စွမ်းဆောင်ရည် မဆိုးလှပါဘူး။ အင်ဂျင်ရဲ့ တမိနစ် လည်ပတ်အား အပတ်ရေ ၄၈၀ဝ မှာ ရုန်းအားက  ၂၆၀ ပေ-ပေါင်  ဖြစ်ပြီးတော့  ထွက်ရှိ လာမယ့် စွမ်းအင်ပမာဏက မြင်းကောင်ရေ ၂၉၂ ကောင်အား ဖြစ်တာကြောင့် အရမ်းကောင်းတဲ့အဆင့် တခုမှာပါ။ အင်ဂျင်ရဲ့ အမြန်ဆုံးလည်ပတ်နိုင်မယ့် နှုန်းကတော့ တမိနစ်ကို အပတ်ရေ ၆၃၅၀ ဖြစ်တာ ကြောင့် နည်းနည်း များနေတာဖြစ်ပြီး ဆီစားလည်း များသွားစေတာပါ။ အမြန်နှုန်း မြှင့်တင်မောင်းနှင် နိုင်မှုကတော့ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၅ ဒသမ ၄ စက္ကန့်ပဲ ကြာမှာဖြစ်တာကြောင့် အကြီးစား ဆီဒင်တန်းဝင် မော်ဒယ်တွေထဲမှာတော့ မြန်ဆန်တဲ့ စာရင်းထဲ ဝင်ပါတယ်။

ဒီနေရာမှာ Muscle ပီသတဲ့ Charger က မြန်ဆန်မှုအပိုင်းမှာ တန်းတူအင်ဂျင်တပ် ဥရောပထုတ် မော်ဒယ်တွေလောက်တော့ စွမ်းဆောင်ရည် မကောင်းပေမယ့်  လက်ကိုင်ပိုင်း  တည်ငြိမ်မှုက  ဥရောပ မော်ဒယ်တွေထက် သာပါတယ်။ ဒါပေမယ့် တခုရှိတာက နောက်ဘီးယက်စနစ်နဲ့ ဆိုရင်တော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုက ၇ ဒသမ ၁ စက္ကန့် အထိအောင်ကြာပြီး ပုံမှန်ထက်အားနည်းတာ တွေ့ရပါတယ်။

ကျနော် ပြောနေတာက V6 အင်ဂျင်တပ် မော်ဒယ်ပါ။ သူ့ရဲ့ ပျမ်းမျှဆီစားနှုန်းက ဆီတဂါလန်ကို ၁၉ မိုင်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီးတော့ V6 အင်ဂျင်တပ် မော်ဒယ်တွေထဲမှာတော့ ဆီစား တော်တော်များတယ်လို့ ဆိုရမှာပါ။ City ဆိုရင် ၁၆ မိုင်လောက်ထိအောင်ပဲ စီးနိုင်မှာဖြစ်ပြီးတော့ Highway ဆိုရင်တော့ ၂၅ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာပါ။ ဒီနေရာမှာ နောက်ဘီးယက်စနစ်နဲ့ဆိုရင် City မှာ ဆီစားပိုသက်သာပြီး လေးဘီးယက်စနစ်နဲ့ ဆိုရင်တော့ Highway မှာ ဆီစားသက်သာတာ တွေ့ရပါတယ်။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုကတော့ ၁၉ ဒသမ ၁ ဂါလန်ထိအောင် ဖြစ်တာကြောင့် သူ့ရဲ့ဆီစားနှုန်းနဲ့စာရင် အနေတော်ဖြစ်ပေမယ့် အကြီးစား ဆီဒင်အတွက်ကတော့ အနည်းငယ် သေးနေတာပါ။

ကဲ ... ဒါဆိုရင် သင်ရော Charger ကို သဘောကျလား၊ ကျနော်ကတော့ ဆီအပိုင်းကလွဲလို့ ကျန်တဲ့အပိုင်းတွေ အားလုံးကို ကြိုက်ပါတယ်။ အထူးသဖြင့် စွမ်းဆောင်ရည်ပေါ့ဗျာ။

လင်းထက် (IA)

“ဧရာဝတီဂျာနယ် အမှတ်(၄၇)မှ ပြန်လည်ကူးယူတင်ပြလိုက်ခြင်းဖြစ်သည်"



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved