Toyota Ractis ကတော့ ဈေးကောင်းနေဆဲပါပဲ

Monday, November 24, 2014



 လက်ရှိဈေးကွက်ထဲမှာတော့ Toyota အမှတ်တံဆိပ်ထဲကဆိုရင် Vits က ရောင်းအားအကောင်းဆုံး Hatchback မော်ဒယ်လို့ ဆိုရမှာဖြစ်ပေမယ့် သူက ဈေးနှုန်းပိုင်း ချိုသာတာကြောင့်ပဲ ဈေးကွက်မှာ လူကြိုက်များတာလို့ ဆိုနိုင်ပြီး အရည်အသွေးအပိုင်းမှာတော့ လိုအပ်ချက်ရှိတာတွေ များပါတယ်။ ဒါကြောင့်လည်း တနှစ်၊ နှစ်နှစ်အတွင်းမှာ ဈေးက ကျပ်သိန်းကို ဆယ်ဂဏန်းနဲ့ အထက်ထိအောင် ကျသွားတာဖြစ်ပြီးတော့ သူနဲ့အပြိုင် ဈေးကွက်ဝင်လာတဲ့ Ractis ကတော့ ခုထိ ဈေးငြိမ်နေပါသေးတယ်။ ဒီနေရာမှာ ဈေးကွက်တခုလုံးရဲ့ မော်ဒယ်တွေအားလုံး ဈေးကျလာတာကြောင့် သူလည်းပဲ အရင်ကနဲ့စာရင်တော့ ဈေးလျော့သွားတာ မှန်ပေမယ့် လူကြိုက်နည်းလို့၊ အစီးများလို့၊ အရည်အသွေးမကောင်းလို့ ဈေးကျသွားတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။

၁.၃ လီတာသုံး အင်ဂျင်အသေးတပ် မော်ဒယ်ဖြစ်တဲ့အတွက် အခွန်လျော့ထားတဲ့ မော်ဒယ်တွေထဲမှာပါတယ်။ Brand ကပြည်တွင်းမှာ အကြိုက်ဆုံး Toyota ဖြစ်တယ်၊ အရည်အသွေးပိုင်းမှာ Vits ထက်သာတယ်၊ ဈေးကွက်မှာ ပြိုင်ဘက်အနေနဲ့ဆိုရင် Honda Fit ထက် အရည်အသွေးပိုင်း ကောင်းတယ်လို့ ဆိုနိုင်တယ်၊ ဒါပေမယ့် ကျတော်က ရေရှည်အတွက် ကောင်းတာကို ပြောတာဖြစ်ပြီး လတ်တလော အခြေအနေနဲ့ နှိုင်းစာမယ်ဆိုရင်တော့ Fit နဲ့ သိပ်ပြီး မကွာလှပါဘူး။ ဒါပေမယ့် Ractis မှာ အားနည်းချက် တချက်ရှိတာက ရုပ်ထွက်ပိုင်းပါ။ နောက်ထပ် သူ့ရဲ့အဓိကပြိုင်ဘက်လို့ ဆိုနိုင်မယ့် Suzuki Swift နဲ့ယှဉ်ကြည့်မယ်ဆိုရင် ရုပ်ထွက်ပိုင်းမှာနဲ့တင် Ractis က တပန်းရှုံးနေသလိုပါ။

အရည်အသွေးနဲ့ စွမ်းဆောင်ရည်အပိုင်းမှာလည်း Swift ကသာတော့ ဈေးကွက်မှာ Swift ကိုမီအောင် Ractis အနေနဲ့ မနည်းတိုးနေရတဲ့ သဘောပါ။ ဒီနေရာမှာ တခုကောင်းသွားတာကတော့ ဈေးနှုန်းအပိုင်းပါ၊ Fit တွေ Vits တွေထက် ဈေးမြင့်တာမှန်ပေမယ့် သူ့ထက်သာနေတယ်လို့ ဆိုရမယ့် Swift ထက်တော့ ဈေးကလျော့ပါတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ပါဘူး။ နောက်တချက်ကတော့ ကိုယ်ထည်ပိုင်းပါ၊ အတွင်းခန်း ကျယ်ဝန်းမှုရော၊ နောက်ဘက်ဝန်တင်ခန်း အတိုင်းအတာပါ Ractis က Swift ထက်သာပြန်ပါတယ်။ ဒီတော့ အားနည်းချက်၊ အားသာချက် မျှတယ်လို့ဆိုနိုင်နေတဲ့ အနေအထားပါ။ လူကြီးတွေကို ရွေးခိုင်းမယ်ဆိုရင်တော့ Ractis ကိုရွေးချယ်သူ များနိုင်ပေမယ့် လူငယ်တွေဆိုရင်တော့ Ractis ရဲ့ရုပ်ထွက်ကို ကြိုက်မှာမဟုတ်ပါဘူး။

နောက်တချက် ပြောစရာရှိတာကတော့ Equipment အပိုင်းပါ။ ၂၀၀၉ ခုနှစ်ထုတ် Ractis တစီးရဲ့ ဈေးကွက်မှာ တန်ကြေးက သိန်း ၁၁၀ ၀န်းကျင်ပါ။ Grade အပေါ်မှာပဲ ဈေးစကား နည်းနည်းပြောနိုင်ပေမယ့် Grade များများစားစားတော့ မထွက်ပါဘူး။ Equipment ပိုင်းမှာ Ractis ရဲ့ အားသာချက်တချက်ကို တွေ့ရပြီး Multimedia ပိုင်းလို အပိုင်းတွေမှာကအစ Ori ပစ္စည်းတွေနဲ့ ရနိုင်တာပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း Ori TV ဆိုတာမျိုး မပါလာရင်တောင်မှ TV ၊ Back Cam နဲ့ Push Start တွေပါမှာဖြစ်သလို အသက်ကယ် လေအိတ်စနစ် အပိုင်းမှာလည်း ပြည့်စုံအောင် တပ်ဆင်ထားတာ တွေ့ရတာကြောင့် Ractis က ဒီဇိုင်းရိုးပေမယ့် ၀ယ်မယ်ဆိုရင် တန်တယ်လို့ဆိုရမယ့် မော်ဒယ်တခုလို့ ဆိုပါရစေ။ ဒါပေမယ့် ၂၀၀၉-၁၀ ထုတ် မော်ဒယ်တွေရဲ့ ဈေးကတော့ သိန်း ၁၁၀ ဆိုတာ ပုံမှန် ဒါမှမဟုတ် Equipment စုံမှ နည်းနည်းပိုမှာပါ။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved