စံပြုထိုက်သူ ဂျာမနီကျောင်းသူ

Tuesday, December 2, 2014


အမျိုးသား တစုရဲ့ မတော်တရော် စော်ကားမှု ရင်ဆိုင်နေရသူ ဆယ်ကျော်သက် မိန်းကလေးငယ် ၂ ဦးကို အကာအကွယ်ပေးခဲ့ရင်း သေဆုံးသွားခဲ့ရတဲ့ ကျောင်းသူ Tugce Albayrak ကို ဂျာမနီနိုင်ငံမှာ ဂုဏ်ပြု ခဲ့ကြပါတယ်။ 


 ဓာတ်ပုံ- ရိုက်တာ

သေဆုံးသွားတဲ့ Tugce Albayrak ရဲ့ စွန့်လွှတ်စွန့်စားကာ ဆယ်ကျော်သက် မိန်းကလေးငယ်များအတွက် အရှက် သိက္ခာကို ကယ်တင်ပေးခဲ့တဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကို စံပြုထိုက်သူအဖြစ် လူပေါင်း ၁၅၀ လောက်က တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ ဂုဏ်ပြုခဲ့ကြတာပါ။ 

ဂျာမနီသမ္မတ Joachim Gauck ကလည်း Tugce Albayrak ကို စံပြ ကျောင်းသူအဖြစ် ချီးကျူး ဂုဏ်ပြု စကားဆိုသွားတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ တွေ့ရပါတယ်။ 

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က တိုက်ခိုက်မှုကြောင့် Tugce Albayrak ဟာ ဦးခေါင်း ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ကွယ်လွန်သွားခဲ့ရတာပါ။ 

အဲဒီ တိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားကိုတော့ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ 

ကျောင်းသူမလေး Tugce Albayrak ဟာ ဂျာမနီ သတင်းဌာနတခုနဲ့ အင်တာဗျူးမှာ ဖရန့်ဖတ်မြို့က အသင့်စားစရာတွေ ရောင်းတဲ့  စားသောက်ဆိုင် အိမ်သာထဲက အမျိုး သမီးငယ် ၂ ဦး မတရား 
စော်ကားခံနေခဲ့ရတာဖြစ်လို့ ကယ်ပါ ဆိုတဲ့ အကူအညီ တောင်းသံ ကြားခဲ့ရတယ်လို့ ပြောထားခဲ့ပါတယ် တဲ့။ 

အဲဒီမှာ Tugce Albayrak က ၀င်ရောက် ကူညီခဲ့ပြီး ဆယ်ကျော်သက် မိန်းကလေး ၂ ဦးဟာ ကံကောင်း သွားခဲ့ရပါတယ်တဲ့။ 

အဲဒီနောက်မှာတော့ ကား ရပ်နားရာနေရာမှာ တိုက်ခိုက်သူ အမျိုးသားတွေထဲက တဦးက သူ့ကို ၀င်တိုက် ခိုက်တာမှာ သူ့ခေါင်းကိုလည်း ခဲနဲ့လည်း ထု၊ ရိုက်နှက်တာတွေ လုပ်ခဲ့လို့ ဦးခေါင်းဒဏ်ရာပြင်းထန်စွာ ရသွားခဲ့တာလို့ ဂျာမနီသတင်းတွေက ရေးကြပါတယ်။ 

ဒဏ်ရာက ပြင်းထန်ပြီး နောက်ပိုင်း သူမရဲ့ ဦးဏှောက်က အလုပ်မလုပ်တော့တဲ့အတွက်  Tugce Albayrak ဟာ စက်ကိရိယာနဲ့ အသက် ဆက်နေခဲ့ရတာပါ။ 

ဆရာဝန်တွေကလည်း Tugce Albayrak ဟာ ဘယ်လိုမှ သတိပြန်လည်လာတော့မှာ မဟုတ်တော့ဘူးလို့ 
ပြောလာပြီးတဲ့နောက် သူ့မိဘတွေက သူ့ရဲ့ အသက် ၂၃ နှစ်မြောက် မွေးနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ သောကြာနေ့ မှာပဲ စက်ကိရိယာတွေဖြုတ်ဖို့ ဆုံးဖြတ်ခဲ့လို့ Tugce Albayrak ဟာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်တဲ့။ 


အိမ့်သံစဉ် ~


ကိုးကားသတင်းလင့်ခ် .. http://www.bbc.com/news/world-europe-30268653

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved