လီဗာပူးမှ စကာတယ်ရဲ့ နောက်ကျဂိုးနဲ့ အာဆင်နယ်ဆီက ထိုက်ထိုက်တန်တန် အမှတ်ခွဲယူနိုင်ခဲ့

Monday, December 22, 2014



မာတင်စကာတယ် ခေါင်းတိုက်သွင်းယူနေစဉ် (ဓာတ်ပုံ - Liverpool FC Facebook)

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလဂ် ပွဲစဉ် ၁၇ ရဲ့ လီဗာပူးနဲ့ အာဆင်နယ်ပွဲစဉ်မှာ တဖက် ၂ ဂိုးစီ သရေကျပြီး အမှတ်ခွဲယူခဲ့ရပါတယ်။

လီဗာပူးကစားသမား မာတင်စကာတယ်ရဲ့ နာကျင်အချိန်ပို ၇ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဂိုးနဲ့ အန်ဖီးကွင်းမှာ အာဆင်နယ်ဆီကနေ ထိုက်ထိုက်တန်တန်ပဲ လီဗာပူးအတွက် သရေတမှတ် ရယူနိုင်ခဲ့တာပါ။  အာဆင်နယ်ကစားသမား ဂျီယူးနဲ့ ထိခိုက်မိရာကနေ ရခဲ့တဲ့ စကာတယ်ရဲ့ ဦးခေါင်းဒဏ်ရာကြောင့် ရပ်နားချိန် ကြာမြင့်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာက နာကျင် အချိန်ပို ၉ မိနစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ပထမပိုင်းပွဲစဉ်မှာ လီဗာပူး ကစားသမား ဖီလစ်ပီ ကွန်တင်ဟိုရဲ့ ဦးဆောင်ဂိုးကို အာဆင်နယ် အသင်း ကစားသမား မသ်သရူ ဒဗျူချီက ပြန်လည် ချေပသွင်းယူခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂျီယူးက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီပွဲစဉ်တုန်းက အန်ဖီးကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ အကြွေးကို ပြန်ဆပ်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့် ဖာဘီယို ဘိုရီနီ အထုတ်ခံခဲ့ရတဲ့အတွက် ၁၀ ယောက်ကျန် လီဗာပူးအသင်းဟာ ၉၇ မိနစ်မှာ ချေပဂိုးသွင်းယူပြီး သရေတမှတ် ရရှိခဲ့ပါတယ်။ အဒမ် လယ်လာနာရဲ့ ထောင့်ကန်ဘော ဖြတ်တင်ပေးပို့မှုကို ဦးခေါင်းဒဏ်ရာ ပတ်တီးစည်းထားတဲ့ စကာတယ်ဟာ အားကောင်းကောင်းနဲ့ ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ပွဲကြည့်စင် ပရိတ်သတ်တွေရဲ့ရှေ့က အာဆင်နယ်ဂိုးသမား ဆက်ဇနီရဲ့ ဂိုးတိုင်ထဲ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်း ရှိခဲ့ပြီး အာဆင်နယ်က ၃၇ ရာခိုင်နှုန်းသာ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒီပွဲသရေကျလို့ အာဆင်နယ်က ၂၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၆ မှာ ရှိနေပြီး ဇယားထိပ်က တပွဲလျော့ ချဲလ်ဆီးရဲ့နောက် ၁၂ မှတ် အကွာမှာ ရှိနေပါတယ်။ လီဗာပူးကတော့ ၂၂ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။


ကိုးကားသတင်း။  ။ http://www.bbc.com/sport/0/football/30467742

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved