ပျော်စရာခရစ္စမတ်နဲ့အတူအလှဆင်ကြ၊လက်ဆောင်ပေးကြမယ်

Monday, December 22, 2014



 
Pearl Gift Shop & Florist မှ (ဓာတ်ပုံများ-တင်ထက်ပိုင်/ ဧရာဝတီ)


  နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလဟာခရစ်ယာန် ဘာသာဝင်တွေအတွက် ခရစ်တော် ဖွားမြင်တဲ့၊ ဆွေမျိုးမိတ်သဟာတွေနဲ့ တွေ့ဆုံကြတဲ့လ၊ တယောက်နဲ့တယောက် ချစ်ခင်ရင်းနှီးစွာလက်ဆောင်တွေ ပို့စ်ကတ်တွေ ဖလှယ်ကြတဲ့လ၊ ပျော်ပွဲရွှင်ပွဲညစာစားပွဲတွေ ကျင်းပကြလို့ ပျော်ရွှင်ရတဲ့လပဲ ဖြစ်ပါတယ်။
 
ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့နဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ည New Year Night တို့ဟာဆိုရင် လူငယ်တွေအတွက် Christmas Party၊ New Year Party စသဖြင့် ပျော်ပွဲရွှင်ပွဲညစာစားပွဲပါတီပွဲမျိုးတွေ ကျင်းပပြုလုပ်ပြီးပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိကြတဲ့ နေ့ရက်တွေပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာအချိန်အခါ ရောက်လာပြီဆိုတာနဲ့ ကမ္ဘာ အနှံ့အပြားမှာရှိတဲ့ မြို့ကြီးတွေမှာဟိုတယ်၊ ဈေးဝယ်စင်တာ၊ အပန်းဖြေစင်တာ၊ ပန်းခြံအစရှိတဲ့နေရာတွေမှာခရစ္စမတ် အပြင်အဆင်တွေနဲ့ အလှဆင်မှုမျိုးတွေ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြပြီးခရစ္စမတ် မီးထွန်းပွဲကိုလည်းသက်ဆိုင်ရာခရစ်ယာန်ဘာသာဝင် အသီးသီးကသူတို့ရဲ့နေအိမ်တွေရှေ့မှာ ခရစ္စမတ်သစ်ပင်လေးတွေ ကိုယ်စီထားလို့ ကျင်းပဆင်နွှဲကာ ခရစ္စမတ်ကိုကြိုဆိုလေ့ရှိကြပါတယ်။

အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်တွေ အများအပြားနေထိုင်ကြတဲ့ အနောက်နိုင်ငံတွေမှာ ဒီအချိန်ဆိုရင် ဖွားမြင်လာမယ့် သခင်ယေရှုခရစ်ကို ကြိုဆိုဖို့ သူတို့ရဲ့ နေအိမ်၊ ဆိုင်ခန်းတွေမှာခရစ္စမတ်သစ်ပင်တွေနဲ့ ခရစ္စမတ်မီးလုံးတွေကိုလှပစွာထွန်းညှိအလှဆင်တတ်ကြပါတယ်။

ခရစ္စမတ်သစ်ပင်နဲ့အတူ နေအိမ်ရှေ့နဲ့ ဆိုင်ခန်းမျက်နှာစာတွေမှာ ဝ၀၊ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ဖြူဖြူနဲ့ ကတ္တီပါအင်္ကျီ၊ ဘောင်းဘီနီနီရဲရဲကို ဝတ်ဆင်ထားပြီး လက်ဆောင်ထုပ်အကြီးကြီးသယ်ထားတဲ့၊ ကလေးတွေချစ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီး စန်တာကလော့စ် အရုပ်၊ အရွယ်အစားစုံ၊ အရောင်သွေးစုံနဲ့ ခရစ္စမတ် လက်ဆောင်အထုပ်တွေ၊ ခရစ္စမတ် ရဲ့ သင်္ကေတတွေဖြစ်တဲ့ သမင်၊ ဒရယ်ရုပ် တွေနဲ့ ကြယ်တာရာ၊ ခေါင်းလောင်း၊ ထင်းရှူးသီး၊ နှင်းပွင့် နှင်းဖတ်၊ နှင်းလူရုပ်၊ ရောင်စုံ လျှပ်စစ်မီးလုံးစတဲ့ ခရစ္စမတ်မှာအလှဆင် လေ့ရှိကြတဲ့ တန်ဆာပစ္စည်းမျိုးစုံ၊ အရုပ်မျိုးစုံတို့နဲ့ အလှဆင်ထားတာတွေ့ရပါတယ်။

ခရစ္စမတ် ကာလမှာဆိုရင် ခရစ်ယာန် ဘာသာဝင် လူငယ်တွေ၊ အပေါင်းအသင်းမိတ်ဆွေတွေ စုဝေးလို့ ခင်ရာမင်ရာ ခရစ်ယာန် ဘာသာဝင်တွေရဲ့ နေအိမ်ရှေ့တွေမှာခရစ္စမတ် တေးသီချင်းတွေ ဂစ်တာတီးရင်းသံပြိုင်သီဆိုလို့ ယေရှုခရစ်တော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုချီးမွမ်းကြတာလည်း ကြားရမှာ ဖြစ်ပါတယ်။
 

ဒါ့အပြင် ဒီဇင်ဘာလ ၂၅ ရက်နေ့ည၊ ခရစ္စမတ် ညကိုရောက်ပြီဆိုရင် ယေရှုခရစ်တော် မွေးဖွားခြင်းကိုသတိရတဲ့အနေနဲ့ ဘုရားကျောင်းတွေမှာအထိမ်းအမှတ်ပွဲတွေ၊ ပြဇာတ်ကပြတာမျိုးတွေ၊ သီချင်းဆို ပြိုင်ပွဲတွေ၊ ဈေးရောင်းပွဲတော်တွေ ကျင်းပပြုလုပ်လေ့ ရှိကြသလိုနေအိမ်တွေမှာလည်းမိသားစုတွေ၊ မိတ်ဆွေ သင်္ဂဟတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံညစာစားကြတဲ့ ခရစ္စမတ် ညစာစားပွဲပါတီမျိုးတွေလည်းကျင်းပပြီး ခရစ္စမတ်ညကို ဖြတ်သန်းလေ့ရှိကြပါတယ်။ အခုလို ခရစ္စမတ်ကာလမှာ အဝေးရောက်နေတဲ့ ခရစ်ယာန် ဘာသာဝင်တွေဟာ ခရစ္စမတ်နေ့ မရောက်ခင်ကတည်းက ကြိုတင်ပြီးတော့ ဇာတိရပ်ဝေးကအပေါင်းအသင်းမိတ်ဆွေတွေ၊ မိဘဆွေမျိုးမောင်နှမတွေနဲ့ ကိုယ် ချစ်ခင်မြတ်နိုးရသူတွေဆီကိုအမှတ်တရအထိမ်းအမှတ် ပို့စ်ကတ်တွေ လက်ဆောင်ပေးပို့ကြပါတယ်။

အင်တာနက် အသုံးပြုမှု မတွင်ကျယ်ခင်ကဒီလိုပို့စ်ကတ်လက်ဆောင်တွေကိုစာတိုက်၊ ကြေးနန်းတွေကတဆင့် ပေးပို့ခဲ့ကြရပြီးဒီနေ့ခေတ်မှာတော့ အင်တာနက်ကနေအလွယ်တကူ Download ဆွဲပြီးဒါမှမဟုတ် ကိုယ်တိုင် ဖန်တီးပြုလုပ်ပြီး Email, Facebook, Viberတို့ကနေတဆင့် အချင်းချင်းပေးပို့နေကြပါပြီ။ တချို့သူတွေကလည်းGift Shopတွေကနေတဆင့် Delivery service (အိမ်တိုင်ရာရောက် ပေးပို့ပေးတဲ့ ဝန်ဆောင်မှုစနစ်) မျိုးနဲ့  ခရစ္စမတ်  အမှတ်တရလက်ဆောင်တွေ၊ ခရစ္စမတ်ကတ်တွေ ပေးပို့လေ့ ရှိကြပါတယ်။

ဟိုးအရင်ကတော့ မြန်မာပြည်မှာခရစ်ယာန် ဘာသာဝင် တချို့တလေပဲ ခရစ္စမတ်ပွဲအတွက် ဆင်နွှဲကြပေမယ့် ဒီဘက် အင်တာနက် ခေတ်မှာတော့ ဘယ်ဘာသာဝင်မဆိုဝင်ရောက်ပျော်ရွှင် ဆင်နွှဲကြသလို စူပါမားကတ်ကြီးတွေ၊ အရောင်းဆိုင်တွေမှာလည်းခရစ္စမတ်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေ ရောင်းချတာ၊ အလှဆင်ထားတာတွေ့နိုင်ကြမှာပါ။

ခရစ္စမတ် အလှဆင်ပစ္စည်းတွေရဲ့ ဈေးနှုန်းအချို့ကတော့ ကျပ် ၁၀ဝ၀ ကျော် ဝန်းကျင်ကနေကျပ် ၅၀ဝ၀ဝ ကျော်အထိပစ္စည်းအပေါ်မူတည်ပြီးဈေးနှုန်းအသီးသီးရှိကြပါတယ်။
 
ဒီတပတ်မှာတော့ ဧရာဝတီခေတ်ရေစီးစာဖတ်ပရိသတ်တွေအတွက် ခရစ္စမတ်ချိန်ခါနီးလာတာကြောင့် ခရစ္စမတ်ညမတိုင်ခင် ကိုယ့်နေအိမ်မှာအလှဆင်ဖို့၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်း၊ မိသားစုဝင် ချစ်ခင်သူတွေကိုလက်ဆောင်ပေးဖို့ ခရစ္စမတ် ကတ်ကလေးတွေ၊ ခရစ္စမတ်နဲ့ သက်ဆိုင်တဲ့ အလှဆင် ပစ္စည်းလေးတွေ၊ အရုပ်လေးတွေ ကြိုတင် ဝယ်ယူနိုင်ဖို့ ရိုက်ကူးရေးသားဖော်ပြပေးလိုက်ပါတယ်။

 
သီဟတိုး 



 



 "အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အမှတ်စဉ် (၅၁) မှ ကူးယူဖော်ပြသည်"


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved