သရေခေတ္တရာ ပျူ မြို့ဟောင်းရဲ့ အလှကိုဖော်ညွှန်းမယ့် ပန်းချီပြပွဲ

Friday, December 19, 2014



ဓာတ်ပုံများ- ကောင်းမြတ်မင်း/ ဧရာဝတီ

 ပြည်မြို့ ပန်းချီ၊ ပန်းပု အစည်းအရုံးက ပန်းချီဆရာတွေနဲ့ ရှေုးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဌာနက ပန်းချီဆရာတွေ စုပေါင်းပြီး " ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ(ပျူသရေခေတ္တရာ) "ဆိုတဲ့ ပန်းချီပြပွဲခေါင်းစဉ်နဲ့ ဒီဇင်ဘာလ(၁၈)ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ပန်းချီပြပွဲပြုလုပ်နေပါတယ်။

ဒီပြပွဲကို ပြည်မြို့မှာရှိတဲ့ ဘုရားကြီးဘုရား ဒွတ္တဘောင်ဓမ္မာရုံမှာ ပြုလုပ်နေတာပါ။

ဒေသခံ ပန်းချီဆရာ ၉ ဦးနဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဌာနက ပန်းချီဆရာ ၃ ဦးတို့ရဲ့သရေခေတ္တရာမြို့ဟောင်းနဲ့ သက်ဆိုင်တာတွေ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စေတီပုထိုးများပါဝင်တဲ့ ပန်းချီးကားတွေနဲ့ အားလုံးပေါင်း ၁၁၁ ကားခင်းကျင်းပြထားတယ်လို့ ပန်းချီး၊ ပန်းပုအစည်းအရုံး(ပြည်)မှ ဥက္ကဌ ကိုအောင်မြင့်ဆိုင်က ပြောပါတယ်။

“ ပြည်မှာနေ ပြည်မှာကြီးတဲ့ ပန်းချီဆရာတွေရဲ့ နုလုံးသားနဲ့ ရေးထားတဲ့ ပန်းချီကားတွေကို အခုလို နိုင်ငံတကာက ဝင်ရောက်လေ့လာမှုများလာတဲ့အချိန် တကမ္ဘာလုံးက ခရီးသွားလေ့လာသူတွေကို ပြသရောင်းချခွင့်ရတာရယ်။ ခိုင်ခိုင်မာမာရှိခဲ့တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို ပြသခွင့်ရချင်တာရယ်။ နောင်လာနောက်သားတွေလည်း ယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက်ထိမ်းသိမ်းစေလို့တဲ့ ရည်ရွယ်ချက်နဲ့ အခုလို ပြပွဲပြုလုပ်ရတာပါ။” လို့ သူက ဆက်ပြောပါတယ်။




 လွန်ခဲ့တဲ့ ငါးလခန့်လောက်က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖြစ်သွားပြီးနောက် သရေခေတ္တရာပျူမြို့ဟောင်းကို နိုင်ငံခြားသားတွေဝင်ရောက်လေ့လာမှုများပြားလာတဲ့အတွက် နိုင်ငံတကာက ခရီးသွားတွေကို ပြသရောင်းချခွင့်ရခဲ့တာပါ။

ပန်းချီကား ရောင်းရငွေများထဲမှ ၂၀ရာခိုင်နှုန်းကို ပြည်မြို့မှာရှိတဲ့ “ရတနာမဉ္ဇူရီ” မိဘမဲ့ကျောင်းက ကလေးများအတွက် ပန်းချီပစ္စည်းတွေဝယ်ယူလှူဒါန်းသွားမှာဖြစ်ပြီး အချို့ကိုတော့ ဘုရားကြီးဘုရားကို လှူဒါန်းသွားမှာဖြစ်တယ်လို့ ပြည်မြို့နယ် ပန်းချီအစည်းအရုံးက  ဒုဥက္ကဌ ကိုမြင့်သန်းက ပြောပါတယ်။

“ အခုအချိန်က တကမ္ဘာလုံးက ခရီးသွားတွေ အဝင်အထွက်များတဲ့အချိန် ပြသရောင်းချခွင့်ရတဲ့အတွက် အခွင့်အရေးတခုပါ။ ဒီမနက်တင် ၄ ကားရောင်းရတယ်။ နိုင်ငံခြားသားက တကားဝယ် သွားတယ်။ ရောင်းရတဲ့ ငွေကို မိဘမဲ့ကျောင်းက ကလေးတွေကို ပန်းချီပစ္စည်းတွေ ဝယ်ပြီးလှူဒါန်းမယ်၊ အဓိက ပန်းချီအခြေခံနဲ့ ပန်းချီရဲ့ အတွေးအခေါ်တွေကို ကလေးတွေကို ရစေချင်တယ်။ တချို့ကိုတော့ ဘုရားကြီးဘုရားကိုလှူမယ်။” လို့ သူက ဆိုပါတယ်။




ဒါ့အပြင် အပတ်စဉ် စနေနေ့တိုင်း ပြည်မြို့က ပန်းချီဆရာတွေ သရေခေတ္တရာမြို့ဟောင်းအတွင်း Outdoor ထွက်ရေးထားတဲ့ ပန်းချီးကားတွေကိုလည်း ပြသရောင်းချထားပါတယ်။

ရေဆေးကားပေါင်း (၇၀)၊ ဆီဆေး(၅) ကား၊ Acrylic (၁၅) ကားနှင့် Max Media (၂၁)ကား စုစုပေါင်း (၁၁၁) ကားကိုခင်းကျင်းပြသထားကာ ဝယ်လိုသူတွေအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၀)  အများဆုံး (၁၀၀၀) တန်အထိ တန်ဖိုးသတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved