ချမ်းအေးတဲ့ ဒီဇင်ဘာမှာ မြန်မာပြည်အနှံ့ ခရီးထွက်ကြရအောင်

Friday, December 12, 2014


ဒီဇင်ဘာလဟာ ရာသီဥတုအနည်းငယ်အေးမြတဲ့အချိန်၊ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလဖြစ်တဲ့အတွက် တနှစ်လုံးမယူဘဲစုထားတဲ့ ခွင့်ရက်ကျန်တွေယူပြီးခရီးထွက်လို့ ကောင်းတဲ့ ရာသီချိန်ဖြစ်ပါတယ်။ အရင်ကဆိုရင် မြန်မာလူမျိုးတွေဟာဘုရားဖူးခရီးစဉ်လောက်ပဲသွားလေ့ရှိကြပေမယ့် အခုနောက်ပိုင်းမှာတော့ အပန်းဖြေခရီးတွေ သွားလာကြပါပြီ။





ဒီအချိန်မျိုးမှာ ရုံးပိတ်ရက်ရှည် အားလပ်ရက်မရတဲ့ တချို့ ကုမ္ပဏီ ရုံးဝန်ထမ်းတွေအတွက်လည်း ရုံးခွင့်ယူစရာမလိုတဲ့ ကားပေါ် ညအိပ်ပြီးနေ့ခင်းဘက်လည် ညဘက်ပြန်လာစတဲ့ နေ့ချင်းပြန်သွားနိုင်တဲ့ မနီးမဝေး ပြည်တွင်းအလည်အပတ် ခရီးစဉ်တွေကကိုယ်သွားလိုတဲ့ နေရာဒေသကိုရွေးချယ်သွားရောက် လည်ပတ်နိုင်ပါတယ်။

ချမ်းအေးပြီးသာယာလှတဲ့ ဆောင်းရာသီ ဒီဇင်ဘာလမှာ ခရီးသွားမယ်ဆိုရင် ပင်လယ်ကမ်းခြေဒေသတွေကို ခရီးထွက်တာထက်စာရင် ဒီဇင်ဘာမနက်ခင်းဘက်စောစောမှာ တောင်တက်လမ်းလျှောက်၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ပြီးသားလည်းဖြစ်၊ ဆောင်းရာသီရဲ့ မိုးလေကင်းလွတ် ကြည်လင်တောက်ပနေတဲ့ ကောင်းကင်ပြာကြီးနဲ့ ရေမြေတောတောင် သဘာဝရှုခင်းတွေကိုအပြည့်အဝခံစားလို့ရမယ့် ခရီးစဉ်မျိုးတွေ ရွေးချယ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

ဒီလိုဆိုရင် ရန်ကုန်ကနေတညအိပ်၊ နေ့ချင်း ပြန် မနီးမဝေးသွားရောက်လည်ပတ်လို့ရမယ့် ပြည် (ထုံးဘို- အကောက်တောင်- သရေခေတ္တရာ) ခရီးစဉ်၊ ကရင်ပြည်နယ် (ဘားအံ- ဇွဲကပင်တောင်) ခရီးစဉ်၊ မွန်ပြည်နယ် (မော်လမြိုင်- မုဒုံ - ကျိုက္ခမီ- စက်စဲ) ခရီးစဉ် စတဲ့ ခရီးစဉ်မျိုးတွေကိုရွေးချယ်နိုင်ပါတယ်။
ပြည် (အကောက်တောင်) ခရီးစဉ်ကိုသွားမယ်ဆိုရင် တဦးကို ၃ သောင်းကျသင့်မှာဖြစ်ပြီး ၁၀ ဦးလိုက်ပါရင် တဦးအခမဲ့ပေးတဲ့ ပရိုမိုးရှင်းအစီအစဉ်ရှိတာကြောင့် သူငယ်ချင်းတွေ၊ ရုံးကလုပ်ဖော်ကိုင် ဘက်တွေနဲ့ စုပြီးသွားမယ်ဆိုရင် တယောက်စာသက်သာမှာပဲ ဖြစ်ပါတယ်။

မွန်ပြည်နယ် ခရီးစဉ်ကိုသွားမယ်ဆိုရင် တညအိပ် နေ့ချင်းပြန်ခရီးစဉ်မှာ (နံနက်စာ၊ နေ့လည်စာပါဝင်ပြီး) တဦးကို ၃သောင်းခွဲကျပ် ကျသင့်တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်အတွင်းမှာမွန်ပြည်နယ်ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ စက်စဲကမ်းခြေ၊ တန်ခိုးကြီးကျိုက္ခမီရေလယ်ဘုရား၊ ကျိုက်သလန် ဘုရား၊ ဝင်းစိန်တောရ၊ ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားစတဲ့ နေရာတွေကိုသွားရောက် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်ရဲ့ သဘာဝအလှတွေကို ကြည့်ရှု ခံစားရင်းမွန်တိုင်းရင်းသား ရိုးရာ မွန်အစားအစာ တွေကိုပါ စားသောက် မြည်းစမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

ကရင်ပြည်နယ်ခရီးစဉ်ကိုသွားမယ်ဆိုရင် တဦးကိုကျပ်သုံးသောင်းခွဲကျသင့်မှာဖြစ်ပြီး ၁၀ ဦးလိုက်ပါရင် တဦးအတွက် အခမဲ့ ပရိုမိုးရှင်းအစီအစဉ်လည်းရှိပါတယ်။ ဒီခရီးစဉ်အတွင်းမှာဆံတော် ၈ ဆူထဲက တဆူ အပါအဝင်ဖြစ်တဲ့ ကရင် ပြည်နယ်က မဲလံတောင် ဆံတော်ရှင်မြတ်၊ သထုံရွှေစာရံဘုရား၊ သံလွင်မြစ် အလှနဲ့ ရွှေယာဉ်မျှော ဘုရား၊ ဇွဲကပင်တောင် နောက်ခံနဲ့ ကျောက်ကလပ် စေတီ၊ ဇွဲကပင်တောင်ခြေမှာရှိတဲ့ လုဗ္မနီဥယျာဉ် အတွင်းကဗုဒ္ဓရုပ်ပွားတော် တထောင်စတဲ့ ကရင် ပြည်နယ်ရဲ့ တန်ခိုးကြီးဘုရားစုံကို သွားရောက်ဖူးမြော်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်ပြည်ရဲ့ သဘာဝကျောက်စက်ပန်းဆွဲတွေနဲ့ ကော့ကွန်းလှိုဏ်ဂူ၊ ဘုရင့်ညီဂူရေပူစမ်းစတဲ့နေရာတွေကိုပါ သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။




မွန်ပြည်နယ် မော်လမြိုင်-ကျိုက်ထီးရိုးခရီးစဉ်ကိုသွားမယ်ဆိုရင်တော့ တညအိပ် နေ့ချင်းပြန်ခရီး တဦးကို ၃ သောင်းကျပ် Package ဈေးနှုန်းနဲ့ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

ကျိုက်ထီးရိုးကအပြန် မိသားစုအဖွဲ့လိုက်၊ ရုံးအဖွဲ့လိုက် အပန်းဖြေချင်သေးတယ်ဆိုရင် သဘာဝဥယျာဉ်နဲ့ စားသောက် စရာတွေရနိုင်တဲ့ စိမ်းလဲ့တင် စားသောက်ဆိုင်နဲ့ တိရစ္ဆာန်ဥယျာဉ် ကမ္ဘာ၊ အပန်းဖြေစင်တာကိုပါ သွားရောက်လည်ပတ်နိုင်ပါတယ်။ ကလေး၊ လူငယ်၊ လူကြီးတွေအတွက် နားနားနေနေ အပန်းဖြေရင်း စားရင်းသောက်ရင်းလည်ပတ်ရင်းနဲ့ ပျော်စရာကောင်းတဲ့ အမှတ်တရတွေကိုဖန်တီးပေးနိုင်မှာအသေအချာပါပဲ။




ရှမ်းပြည်နယ်ဘက် တောင်ကြီး - အင်းလေးဘက်ကိုအလည်အပတ် သွားမယ်ဆိုရင်တော့ ၃ ညအိပ် ၄ရက် Package ခရီးစဉ်မျိုးနဲ့ သွားရောက်နိုင်ပါတယ်။ ဒီခရီးစဉ်ဆိုရင်တော့ တယောက်ကိုငွေကျပ်တသိန်းဝန်းကျင် ကျသင့်မှာ ဖြစ်ပြီးခရီးစဉ်အတွင်းမှာ နာမည်ကျော် အင်းလေးသဘာဝကန်မှာအင်းလေးအလှ အင်းသူ၊ အင်းသားတို့ရဲ့ နေထိုင်မှု ဘဝပုံစံတွေကို လေ့လာရင်းဖောင်တော်ဦးဘုရားကို သွားရောက်ဖူးမြော်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရဲ့ အထင်ကရနေရာတွေ ဖြစ်တဲ့ စူဠာမဏိဘုရား ၊ မြို့မဈေး၊ မွေတော်ကက္ကူ ရှေးဟောင်းဘုရားများ၊ သဘာဝကျောက်စက် ပန်းဆွဲတွေနဲ့ ပြည့်နှက်နေတဲ့ သဘာဝထမ့်စမ်းလိုဏ်ဂူ၊ ပင်းတယရွှေဥမင်လိုဏ်ဂူ၊ ပုန်းတလုပ် ရေကန် အစရှိတာတွေ အပြင် ဓနုဈေးတန်း၊ ကလောမြို့စတဲ့ သဘာဝအလှတွေ ပြည့်နှက် နေမယ့် နေရာဒေသတွေအထိခြေဆန့်လို့ သွားရောက် လည်ပတ်နိုင်ပါတယ်။

ကဲ … ချမ်းချမ်းစိမ့်စိမ့် ဒီဇင်ဘာလမှာသာသာယာယာခရီးလေးထွက်လိုက်ကြစို့လား။


အထက်ပါ အချက်အလက်တွေကို
 

More Myanmar Travel & Tours – ဝ၉၅၀၇၄၇၄၄,ဝ၉၄၉၂၅၄၃၄၆,ဝ၉၃၀ဝ၄၅၇၇၆, ဝ၉၃၀၂၄၆၂၅၉ ၊  Holiday Expert Travel & Tours – ဝ၉၄၃၁၈၀၂၀၇,ဝ၉၇၉၅၉၁၄၄၂၃, ဝ၉၅၁၃၀ဝ၇၁ နဲ့  Tango Tour & Trek–  ဝ၉ ၂၅၉၅၈၅၂၉၄၊ ဝ၉၇၃၁၀၉၆၃၇၊ဝ၉၂၅၀၄၃၃၄၃ တို့ကရယူပါတယ်။


သီဟတိုး 






 

"ဒီသတင်းဆောင်းပါးကို ဧရာဝတီ ဂျာနယ် အမှတ်စဉ် ၅၀ မှာလည်းဖော်ပြထားပါတယ်။”

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved