လူကြိုက်များတဲ့ Toyota Land Cruiser 2014
Friday, December 12, 2014
ပြည်တွင်းကားလောကရဲ့ဆရာအကျဆုံး၊ ဈေးကွက် အအောင်မြင်ဆုံး၊ လူကြိုက်အများဆုံးနဲ့ တန်ကြေးပေး အလေးထားအစီးနင်းဆုံးကားမော်ဒယ်တခုကို ပြောပါဆိုရင်Toyata Land Cruiser ကို ပြောရပါလိမ့်မယ်။ ဘာကြောင့်များလဲ။အဖြေကရှင်းရှင်းလေးပါ။ အရည်အသွေးကောင်းလို့၊ စွမ်းဆောင်ရည်မြင့်မားလို့၊ ရေရှည်ခံလို့၊တန်ကြေးမြင့်မားသလိုLuxuryကားအဖြစ်နဲ့ပါ စီးနင်းနိုင်လို့စသဖြင့်ပေါ့ဗျာ။ ဒီအချက်တွေကြောင့် လည်း Land Cruiser က ကျနော်တို့ငယ်ငယ်လေးကတည်းကနေအခုချိန်ထိအောင်လူကြိုက်များနေတဲ့ မော်ဒယ်တမျိုး ဖြစ်နေရတာပါ။
အလွယ်ဆုံးပဲ ဈေးကွက်ကိုတချက်လောက်ကြည့်လိုက်လေဗျာ၊ ဒါမှမဟုတ် ဈေးနှုန်းတွေ ဖော်ပြထားတဲ့ ဂျာနယ်တစောင်ကို ကောက်ဖတ်ကြည့်လိုက်၊အရင်ကတည်းကဘုရင်ဖြစ်နေတဲ့Land Cruiser ရဲ့နေရာက ပျောက်မှမသွားသေးတာကိုးဗျ။ ဈေးကွက်ထဲမှာရှိနေဆဲ၊ ဈေးကောင်းနေဆဲ၊ လူကြိုက်များနေဆဲ မဟုတ်လား။ ဒီတော့ အခုတပတ်ကိုကျနော်တို့ ပြည်တွင်းဈေးကွက်မှာရော ပြည်ပဈေးကွက်မှာရော၊ နောက်ဆုံး Luxyry SUV ဈေးကွက်မှာပါဘုရင်ဖြစ်တဲ့ Land Cruiserအကြောင်းကို လေ့လာကြည့်ရအောင်။
အကျိုးကျေးဇူး
Luxuryအဖြစ်နဲ့သတ်မှတ်ထားသလိုလမ်း ချောတွေမှာ အကောင်းဆုံးစီးနင်းနိုင်တယ်၊ အလွယ်ဆုံး ပြောရရင်ဇိမ်ခံကားတစီးပါဆိုပေမယ့် Off-Road ပိုင်းဆိုင်ရာစွမ်းဆောင်ရည်က တခြား Off-Road အတွက်သီးသန့်ဖန်တီးထုတ်လုပ်ထားတဲ့ မော်ဒယ်တွေကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ ဒီတချက်ကြောင့်လည်း ပြည်တွင်းမှာရော၊ ပြည်ပမှာပါ Land Cruiser က Cityအတွက်ရော၊ Hightway အတွက်ရော၊ နောက်ဆုံးOff-Roadအတွက်ပါအကောင်းဆုံးမော်ဒယ်တမျိုး ဖြစ်နေတာပါ။ နောက်ပြီးတော့Off-Road စွမ်းဆောင်ရည်နဲ့On-Road စွမ်းဆောင်ရည်ပိုင်းမှာ သိသာတဲ့ခံစားမှုကိုလည်းသီးသန့်ခွဲခြား ပေးစွမ်း နိုင်ပါသေးတယ်။ဆိုလိုရင်းကတော့ Off-Road အပိုင်းမှာ ကိုယ်ထည်ပိုင်း မာကျောမှု အကောင်းဆုံးနဲ့ အကြမ်းခံနိုင်မှုကို ပေးစွမ်းမှာဖြစ်ပြီးတော့ On-Road အပိုင်းမှာတော့ငြိမ့်ညောင်းတဲ့စီးနင်းလိုက်ပါရမှုကို ပေးစွမ်းမှာဖြစ်ပါတယ်။
အပြစ်အနာအဆာ
တန်ကြေးပိုင်းကတော့ ပုံမှန် SUV  တွေ၊ မော်ဒယ်တွေထက်သိသိသာသာ မြင့်မားပါလိမ့်မယ်။ ဒါကလည်း Luxury တန်းဝင်ဖြစ်အောင်ဖန်တီးထားတာကြောင့် တန်ကြေးပိုင်း မြင့်မားသွားတာ ဖြစ်ပြီးတော့ ပစ္စည်းကောင်းလိုချင်မှတော့ ဈေးကောင်းကောင်းပေးရမယ်ဆိုတာကအထူးအဆန်းမဟုတ်ပါဘူး။ နောက်ပြီး ရှေ့မှာ ပြောခဲ့သလိုမျိုး တတိယထိုင်ခုံတန်း ပါဝင်တာကြောင့် ခရီးသည် ၈ ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပေမယ့် နောက်ဆုံးထိုင်ခုံတန်းက ကလေးငယ်တွေအတွက်လောက်ပဲ အဆင်ပြေပါလိမ့်မယ်။ ပြီးတော့ Last Point အဖြစ် ထောက်ပြချင်တဲ့ တချက်က စွမ်းအားမြင့်အင်ဂျင်ကို တပ်ဆင်ထားတာ  တွေ့ရပေမယ့် အာရှထုတ် SUV တစီးနဲ့မလိုက်အောင် ဆီစားနှုန်းများပြားတာ တွေ့ရတာပဲ ဖြစ်ပါတယ်။
ဘော်ဒီပိုင်း
ဒီအပိုင်းကတော့ Land Cruiser ကို အမေရိကန်SUVလား၊ အာရှ SUV လား ယုံမှားရလောက်အောင် ဖန်တီးထားတဲ့အပိုင်းပါ။ကားတစီးလုံးရဲ့အလေးချိန်ကိုက ပေါင် ၅၇၀ဝ ကျော်ဆိုတာ Cadillac SUV လိုလို၊Ford Truck လိုလိုထင်ချင်စရာပါ။ နောက်ပြီးဝန်တင်ဆောင်နိုင်မှု၊ ရုန်းကန်နိုင်မှုက ပေါင်၈၀ဝ၀ဝန်းကျင် ထိအောင်ဆိုပါ့လား၊ တကယ်ကိုExcellentအဆင့်ပါနော်။ အတွင်းခန်းအပိုင်းမှာတော့ ရှေ့ခန်းက ၆၁လက်မ ကျယ်ဝန်းမှာ ဖြစ်ပြီးတော့ နောက်ဘက်ခန်းက သူ့ထက်တောင်မှ တစိတ်စာပိုကျယ်ဝန်းပါသေးတယ်။ ကားတစီးလုံးရဲ့ အလျားက ၁၆ ပေနဲ့၃လက်မ ကိုတစိတ်ပဲလျော့မှာ ဖြစ်ပြီးတော့မျက်နှာစာအကျယ်က ၆ ပေနဲ့၅လက်မခွဲ ကျော်ပါသေးတယ်။ ကားရဲ့အမြင့်က ၆ ပေကွက်တိရှိမှာဖြစ်ပြီးတော့Off-Roadအတွက်ပါ အဆင်သင့် စေနိုင်လောက်တဲ့ကိုယ်ထည်နဲ့ မြေပြင်ရဲ့ကင်းလွတ်မှုကို၉လက်မတစိတ်လျော့ထိအောင်ဖန်တီးထားတာ တွေ့ရပါတယ်။
စွမ်းဆောင်ရည်
ဒီအပိုင်းကတော့အင်ဂျင်ရဲ့ စွမ်းအင်ထုတ်လွှတ်နိုင်မှုကို အရင်ဆုံးကြည့်ရမှာဖြစ်ပြီးတော့ အင်ဂျင်က ၅ဒသမ၇လီတာသုံး V8 အင်ဂျင်ကိုတပ်ဆင်ထားတာတွေ့ရသလို အင်ဂျင်ရဲ့စွမ်းအင် ထုတ်လုပ်နိုင်မှု ကောင်းမွန်တာကို တွေ့ရပြီးအင်ဂျင်ရဲ့ လည်ပတ်နှုန်းတမိနစ်ကို အပတ်ရေ ၃၆၀ဝမှာ ရုန်းအားက ၄၀၁ ပေ-ပေါင်ဖြစ်ကာစွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၃၈၁ ကောင်အားဖြစ်ပါတယ်။ ဒီတော့ စွမ်းအင် ထုတ်လုပ်နိုင်မှု အထူးကောင်းမွန်တာ တွေ့ရပြီး ထွက်ရှိမှုအပိုင်းမှာတော့ အနည်းငယ်အားနည်းတယ်လို့ ဆိုရမှာပါနော်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တနာရီမိုင်၆၀နှုန်းအတွက် အချိန်၇စက္ကန့် ဝန်းကျင်ပဲ ယူမှာ ဖြစ်တာကြောင့် SUV တစီးအတွက် သင့်တင့်လုံလောက်တဲ့နှုန်းလည်း ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်မှုနှုန်းကတော့ တမိနစ်ကို အပတ်ရေ၅၆၀ဝ ဖြစ်တာကြောင့် ကောင်းမွန်တာတွေ့ရပြီး ဆီစားနှုန်း အပိုင်းဘက်ကို နည်းနည်းခံသာသွားနိုင်ပါတယ်။ လေးဘီးယက်စနစ်ကိုအသုံးပြုထားတာ တွေ့ရတာကြောင့်တဖက်ကကြည့်မယ်ဆိုရင် ရုန်းအား ကောင်းမွန်လာမှာ ဖြစ်သလိုတဆက်တည်းမှာလည်းအမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု ကောင်းမွန်လာပါလိမ့်မယ်။ စုစုပေါင်းအသုံးပြုနိုင်မယ့် ဂီယာချက် ၆ ချက် ဖြစ်တာကြောင့် မဆိုးလှပေမယ့် Autoစနစ်နဲ့ဆိုတော့ မောင်းနှင်ရလွယ်ကူမှာ ဖြစ်သလိုနယ်ဝေးသွားလာ မောင်းနှင်မှုတွေ အတွက်ပါသက်သာကောင်းမွန်ပါလိမ့်မယ်။ ဒါပေမယ့်ကျနော့်အမြင်အရတော့ ဂီယာချက်ကို ၇ချက်လောက် ဖြစ်အောင်ဖန်တီးထားသင့်သလို Manual နဲ့ လည်း ရွေးချယ်နိုင်အောင် ဈေးကွက်ကိုတာ စူဝင်လာသင့်တယ် လို့ထင်ပါတယ်။
 ဆီစားနှုန်း
ဒီ အပိုင်းက အထက်မှာ ပြောခဲ့သလို အားနည်းချက်ရယ်လို့ ဆိုရမှာဖြစ်ပြီးတော့ အာရှထုတ် SUV ရယ်ဖြစ်နေ ပါလျက်နဲ့ဆီစားနှုန်းကတော့ တော်တော်လေးတာသွားတာ တွေ့ရပါတယ်။အင်ဂျင်အရွယ်ကြီးမားတာရယ်၊ လေးဘီးယက်စနစ် ဖြစ်တာရယ်၊ ရုန်းအားများတာရယ်တွေက ဆီစားနှုန်းကို တာသွားနေစေပြီး တဖက်က လည်ပတ် အားနည်းတယ်ဆိုတဲ့ တချက်ကပဲ ခံသာနေစေတော့ ဆီစားနှုန်းများသွားတာ ဖြစ်နိုင်ပါတယ်။ ပျမ်းမျှ ဆီစားနှုန်းက ဆီတဂါလန်ကို ၁၅မိုင် ဆိုတာက အမေရိကန် SUV တစီးလားမှားရအောင်ပါပဲ။ မြို့တွင်း လမ်းကြောင်းတွေမှာဆိုရင် ဆီတဂါလန်ကို ၁၃မိုင်နဲ့ အဝေးပြေးလမ်းကြောင်းတွေမှာဆိုရင် ၁၈မိုင်လောက် ထိအောင် စီးနင်းသွားလာနိုင်မှာ ဖြစ်ပါတယ်။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီကတော့ ၂၄ဒသမ ၆ဂါလန် ဆိုတော့ နယ်ဝေး သွားလာတတ်သူတွေအတွက် အနည်းငယ် သေးတယ်လို့တောင်ဆိုနိုင်မှာဖြစ်ပါတယ်။
လင်းထက် (IA)
0 comments :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved