ကျူးကျော်တဲတွေ သွား၊ ပန်းပင်တွေ လာထား

Thursday, December 4, 2014

.


နော်ဝေဘုရင်၊ မိဖုရားတို့ ပုဂံ - မန္တလေး ရေကြောင်းခရီးစဉ်ရှိတဲ့အတွက် ဧရာဝတီမြစ်ဘေး ကျူးကျော်အိမ်တွေကို မြန်မာအာဏာပိုင်တို့က ဘူဒိုဇာနဲ့ ရှင်းထုတ်ပါတယ်။


  • မန္တလေး ဂေါဝိန်ဆိပ်ဝန်းကျင် ကျူးကျော်တဲများကို မဖယ်ရှားမီက တွေ့ရတဲ့ မြင်ကွင်းတခု   (Photo: Steve Tickner / The Irrawaddy)

ဘုရင် မိဖုရားတို့ သောကြာနေ့ မန္တလေး  ဂေါဝိန်ဆိပ်အနီး ရောက်တဲ့အခါ အဲဒီအိမ်တွေကို တွေ့ရတော့မယ် မဟုတ်ပါ။

 အဲဒီနေရာမှာ နေထိုင် လုပ်ကိုင်သူတို့ကို ဖယ်ရှားပေးဖို့ ခရီးစဉ် မတိုင်ခင် အကြောင်းကြားပြီးသားပါ။

သို့သော်လည်း ပြောင်းရွှေ့ဖို့ လုံလောက်တဲ့အချိန် မပေးခဲ့ဘူး လို့  ဒေသခံ စာရေးဆရာ ညီပုလေးက ပြောပါတယ်။
နေစရာ မရှိတော့တဲ့အတွက် သောင်ပြင်မှာပဲ နေကြသူတွေ ရှိကြောင်း၊ အဲဒီလူတွေထဲမှာ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်တို့လို ရပ်ဝေးက ပြောင်းလာသူတွေ ပါဝင်တဲ့အတွက် နေရပ်ရင်း ပြန်ဖို့လည်း အဆင်မပြေကြောင်း သူက ဆက်ပြောပါတယ်။

ကျူးကျော်နေထိုင်နေရာကနေ ထွက်ခွာကြဖို့ အကြောင်းကြားစာကို ခရီးစဉ် မတိုင်ခင် ရက်အနည်းငယ် အလိုမှာ (နိုဝင်ဘာ လကုန်ပိုင်းမှာ)  ထုတ်ပြန်ခဲ့တယ်လို့  မန်းမြို့တော်စည်ပင် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက အတည်ပြုပါတယ်။

အရေအတွက် မည်ရွေ့မည်မျှကို ဖယ်ရှား လိုက်ကြောင်း ဆိုတာကိုတော့ မန်းစည်ပင်က ပြောဆိုနိုင်ခြင်း မရှိသေးပါ။

ဘူဒိုဇာထိုးလိုက်တဲ့နေရာတွေမှာ ပန်းပင် ပန်းအိုးများနဲ့ အလှဆင်ထားကြောင်း သတင်းရပါတယ်။

နော်ဝေ ဘုရင်နဲ့မိဖုရားခရီးစဉ်အတွက် ဒီလို လုပ်ဆောင်ခြင်းကို  ချမ်းမြသုခ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှအောင်က ကန့်ကွက် ရှုတ်ချပါတယ်။

ပြည်သူတွေ ဆင်းဆင်းရဲရဲဖြစ်နေတာကို နိုင်ငံခြားသားတွေ မြင်သွားမှာ အစိုးရက စိုးရိမ်နေတာပဲလို့ သူက ဆိုပါတယ်။

ဒါကတော့ ဧရာဝတီစာမျက်နှာ
http://www.irrawaddy.org/burma/squatters-evicted-ahead-norwegian-kings-arrival-mandalay.html မှာ ဖော်ပြထားတဲ့ သတင်းတပုဒ်ကို ကောက်နုတ်ပြီး ဆီလျော်အောင် ဘာသာပြန်လိုက်ခြင်းပါ။

ဂေါဝိန်ဆိပ်ကို ကမန်းကတန်း ထုံးသုတ်ခြင်း ရှိမရှိတော့ သတင်းထဲမှာ ရေးမထားပါဘူး။

နော်ဝေဘုရင်၊ မိဖုရားတို့ရဲ့ မြန်မာပြည် ခရီးစဉ်မှာ နေပြည်တော် နိုင်ငံရေး ထိပ်သီးများနဲ့ တွေ့ဆုံခဲ့သလို ရန်ကုန်ရောက်ခိုက်မှာလည်း ရန်ကုန်တက္ကသိုလ်ကို သွားရောက်ခဲ့ပါတယ်။

စည်သူလင်း



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved