ဂျပန်ရိုးရာစားစရာ မြည်းစမ်းဖို့ SHUSHI HOUSE

Saturday, December 13, 2014


နိုင်ငံတကာမှာထိုင်း၊ တရုတ် အစားအသောက်တွေလိုပဲလူကြိုက်များတဲ့ ရိုးရာအစားအသောက်ဆိုရင် ဂျပန်အစားအသောက်လည်းတခုအပါအဝင် ဖြစ်ပါတယ်။





ရန်ကုန်မြို့မှာဆိုရင်လည်းဂျပန်အစားအစာကိုခုံခုံမင်မင်စားသုံးသူတွေ များပြားလာတာတွေ့ရသလို၊ ဂျပန်စားသောက်ဆိုင် အများအပြားလည်းရှိပါလာပြီ။

ဒါကြောင့် ဂျပန်အစားအစာကို နှစ်ခြိုက်တဲ့ စားသုံးသူတွေအတွက် အရသာကောင်းမွန်တဲ့ ဂျပန် အစားအစာကိုဈေးနှုန်းသင့်တင့်စွာစားနိုင်အောင် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမကြီးပေါ်က Sushi House ဂျပန်စားသောက်ဆိုင်ကိုလမ်းညွှန်ပါရစေ။

ဆိုင်အတွင်းမှာတော့ ဂျပန်ရိုးရာစားသောက် ဆိုင်ပုံစံအတိုင်းစားသောက်နိုင်အောင် တင်ပျဉ်ခွေ စားပွဲဝိုင်းတွေကို ပြင်ဆင်ပေးထားတာတွေ့ရပါတယ်။

ပုံမှန်စားနေကျအတိုင်းစားပွဲဝိုင်းတွေမှာလည်းထိုင်စားလို့ရအောင် စီစဉ်ပေးထားတာကြောင့် စားသုံးသူတွေ အဆင်ပြေမယ့် နေရာထိုင်ခင်းကိုရွေးချယ်စားသောက်နိုင်မှာပါ။




ထိုင်ခုံမှာထိုင်လိုက်ပြီဆိုတာနဲ့ တပြိုင်နက် ကြွေခွက်နဲ့ထည့်လာတဲ့ အနံ့မွှေးတဲ့ ရေနွေးအေး တခွက်က ဝန်ဆောင်မှုအဖြစ် စတင်ရရှိမှာဖြစ်ပါတယ်။

အဲဒီဆိုင်မှာ ဆူရှီ၊ စရှီမီ၊ နှစ်တရာပဲသီး၊ ကင်းမွန်ငါးပိ၊ ငါးဥသုပ်၊ ဂျပန်ခေါက်ဆွဲကြော်နဲ့ ခရုစတဲ့ ဟင်းအမည်ပေါင်း ၁၅၀ ကျော်အပြင် သောက်စရာအဖြစ် ဆာကေးအရက်လည်းရရှိမှာဖြစ်ပြီး ဟင်းပွဲတွေနဲ့ သောက်စရာတွေရဲ့ ဈေးနှုန်းကအနည်းဆုံး ၅၀ဝ ကျပ်ကနေ ၄၀ဝ၀ဝ ကျပ်ထိရှိပါတယ်။




Sushi Houseဂျပန်စားသောက်ဆိုင်မှာပုံမှန် စားနေကျ ဆော်လမွန်၊ တူနာငါး၊ ကင်းမွန် စတဲ့ အသားငါးအစိမ်းနဲ့ တွဲဖက်စားသောက်ရတဲ့ ဆူရှီထမင်းလိပ်ဟင်းပွဲတွေအပြင် အဲဒီဟင်းအမည်တွေကိုပဲ ကျက်အောင် ပြုလုပ်ထား တဲ့ ဆူရှီအကျက် ဟင်းပွဲကိုအသား၊ ငါးအစိမ်းခံတွင်းမတွေ့တဲ့ စားသုံးသူတွေအတွက် အကြိုက်တွေ့အောင် ပြင်ဆင်ပေးထားတာတွေ့ရပါတယ်။  အဲဒီပွဲကြီးတပွဲကိုကျပ် ၄၀ဝ၀ဝ ပေးရမှာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ခေါက်ဆွဲနဲ့ အရသာမတူတဲ့ ယာကိဆော့ဘဂျပန်ခေါက်ဆွဲကို ဆော့၊ ပုစွန်၊ အသား၊ အသီးအရွက်တွေနဲ့ ကြော်လှော်ထားပြီး Soy Beansဆော့နဲ့ တွဲဖက်စားရတဲ့ ဂျပန် ခေါက်ဆွဲကြော်ကချိုစိမ့်ပြီးအရသာကောင်းမွန်တာတွေ့ရပါတယ် ။ ဆူရှီထမင်းလိပ်၊ ငါးကင်နဲ့ အကြော်ဟင်းအမည် ၃ မျိုးတွဲလျက်ကို ဆော့၊ အချဉ်တို့နဲ့ တွဲဖက် စားရတဲ့ Sushi House Set၊ ဆော်လမွန်ငါးဟင်းရည်တို့ကလည်းဆိုင်ရဲ့ အရောင်းရဆုံးနေ့လယ်ခင်းဟင်းလျာတွေဖြစ်တယ်လို့ Sushi House ဆိုင်တာဝန်ရှိသူတဦးကပြောပါတယ်။

“တချို့က ဆူရှီကိုအစိမ်းမစားတတ်ဘူးဆိုတဲ့ သူတွေအတွက် လုံးဝအကျက်ဖြစ်အောင် လုပ်ပေးထားတယ်၊ ဥအပြည့်ပါတဲ့ ရှီရှားမိုဆိုတဲ့ ငါးအကင်၊ ငါးအကြော်ကိုမှာစားကြတယ်၊ ခံတွင်းတွေ့ကြတယ်”လို့ သူကရှင်းပြပါတယ်။

ဆိုင်ရဲ့ အခြားဟင်းလျာတွေဖြစ်တဲ့ ပုစွန်ဥထမင်းလိပ်၊ ငါးဥသုပ်၊ ကင်းမွန်ငါးပိ၊ ငါးရှဥ့်၊ ငါးပေါက်လေးအစိမ်း၊ ဆော်လမွန်ငါးကင် ထမင်းလိပ်၊ ငါးထောပတ်ကင်၊ ခေါက်ဆွဲနှင့် အကြော်ဟင်းလျာတွေကလည်း အရသာကောင်းမွန်တာတွေ့ရပါတယ်။




 အဲဒီဆိုင်မှာအသုံးပြုတဲ့ ဟင်းအမည်တွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ အားလုံးကို ထိုင်းနိုင်ငံဘက်ကတဆင့် မှာယူ အသုံးပြုတယ်လို့ သိရပါတယ်။ ဆိုင်ရဲ့ စားဖိုမှူးတွေကတော့ ဂျပန်နိုင်ငံကပညာသင်ပြီး ပြန်လာသူတွေနဲ့ အခြား အကူစားဖိုမှူးတွေနဲ့ ဟင်းအမည်တွေကို ပြုလုပ်ကြတယ်လို့ သိရပါတယ်။

ဆိုင်ကိုအများဆုံးလာစားသုံးသူတွေကတော့ နိုင်ငံခြားသားအများစုဖြစ်ပြီးဂျပန်၊ ကိုရီးယားနဲ့ တရုတ်နိုင်ငံက ဖြစ်တယ်လို့ သိရပါတယ်။


Sushi Houseဂျပန်စားသောက်ဆိုင်ကိုဖွင့် လှစ်ခဲ့တာ ၆ နှစ်ကျော်ပြီဖြစ်ပြီးဆိုင်ခွဲ ၂ ဆိုင်ကိုလည်းဒဂုံမြို့နယ်၊ တော်ဝင်ဈေးဝယ်စင်တာနဲ့ မြေနီကုန်း၊ ရှင်စောပုလမ်းတို့မှာလည်းဖွင့်လှစ်ထားပါတယ်။


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ်ရဲ့ အမှတ်စဉ် ၅၀ မှာလည်း ဖတ်ရှုနိုင်ပါတယ်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved