မလိုတဲ့သူတွေကိုလည်း ဘာမှ ပြောစရာမရှိဘူး။ လိုတဲ့သူတွေကိုလည်း ဘာမှ ပြောစရာမရှိဘူး။

Friday, January 2, 2015




 
သိပ်မကြာသေးခင်ကာလလောက်က ဖြစ်ပွားခဲ့တဲ့ သရုပ်ဆောင်မင်းအုပ်စိုးရဲ့ အမှုအခင်းကိစ္စဟာ ဟိုးလေးတကျော်ကျော်ဆိုတော့ အားလုံးလည်း သိကြမယ်ထင်ပါတယ်။ သရုပ်ဆောင် မင်းအုပ်စိုးက သရပါ မဂ္ဂဇင်းရဲ့ အယ်ဒီတာ မနုနုယဉ်ကို သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲဆိုခံနေရခြင်းပါ။ ဒါ့ထက် ဒီကိစ္စ မတိုင်ခင် ရက်ပိုင်းအနည်းငယ်ကလည်း ပြီးခဲ့တဲ့၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖိုးစိန်လမ်းထဲက အမှိုက်ပုံကို မီးရှို့ပြီး ရမ်းကားခဲ့စဉ်တုန်းက သူ့ရဲ့ ပုဆိုးကျွတ်သွားခဲ့တဲ့ ဓာတ်ပုံတွေကြောင့် နာမည်ကြီးသွားခဲ့ရခြင်းနဲ့ ပတ်သက်လို့ “ဂွေးတန်းလန်းနဲ့ မင်းအုပ်စိုး” ဆိုတဲ့ ဆောင်းပါးကို သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးပြီး တင်ထားခဲ့ပါသေးတယ်။ ဒါကြောင့် သူ အမှုအခင်းဖြစ်ပွားခဲ့တဲ့ ခရစ်စမတ်နေ့ မတိုင်ခင် ဒီဇင်ဘာ ၂၄ ရက်နေ့က သရုပ်ဆောင် မင်းအုပ်စိုးနဲ့ ဧရာဝတီဘလော့ဂ်တို့ တွေ့ဆုံပြီး ပြောဖြစ် မေးဖြစ်ခဲ့တဲ့ အမေးအဖြေ တချို့ကို  ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မေး။  ။ အကိုရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ များသောအားဖြင် ပေါက်ကွဲသံစဉ်တွေ တွေ့ရလေ့ရှိတယ်။ ဘာကြောင့် အဲ့လိုမျိုးတွေ ရေးဖြစ်ရတာလဲ။

ဖြေ။  ။ အွန်လိုင်းမှာ ဖေ့ဘုတ်မှာရေးဖြစ်တဲ့ နံပတ်တစ် အကြောင်းရင်းကတော့ အချိန်နဲ့တပြေးညီပေါ့။ ကိုယ် ပြောချင်တာလေးတွေ ကိုယ်ပြချင်တာလေးတွေကို ကိုယ့်ကိုခင်မင်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ သိ ခွင့်ရတယ်။ နံပါတ် ၂ ကကျတော့ ဒီ မီဒီယာလေးက ပိုက်ဆံအကုန်အကျနည်းနည်းနဲ့ အချိန်ကုန်သက် သာမှုနည်းနည်းနဲ့ သုံးစွဲလို့ရတယ်။ နံပါတ် ၃ ကကျတော့ ပျံ့နှံ့မှုမြန်တာပေါ့နော်။ ကျနော်ဆိုရင် ကျနော်ကိုယ်တိုင် သရပါမဂ္ဂဇင်းကို အယ်ဒီတာချုပ်လုပ်ပြီး ထုတ်တယ်။ publisher လုပ်ပြီး ထုတ်တယ်။ ဒါပေမယ့် ကျနော့ မဂ္ဂဇင်းက မပျံ့နှံ့ဘူး။ မြန်မာပြည်ထဲလည်း မပျံ့နိုင်ဘူး။ နိုင်ငံတကာကိုလည်း မပျံ့နိုင်ဘူး။ အခု ဒီဟာလေး လုပ်တဲ့အခါကျတော့ အွန်လိုင်းဖြစ်တဲ့အတွက် ကျနော်ပြောချင်တာလေး ကျနော်ပြချင်တာ လေး ရေးချင်တာလေးကို အွန်လိုင်းမှာတင်လိုက်ရင် စက္ကန့်ပိုင်းအတွင်းမှာပဲ တကမ္ဘာလုံးက ပျံ့နှံ့သွားတာ။ ကြည့်တဲ့သူအနေနဲ့လည်း လက်ဖ၀ါးလေးပေါ် တင်ပြီး ကြည့်နေရုံဖြစ်တဲ့အတွက် သိပ်ပြီး ဟဲဗီးမဖြစ်ဘူး။ အဲ့ဒီအတွက်ကြောင့် ဒါလေးကို မီဒီယာတခု အနေနဲ့ အသုံးချပြီးတော့ ရေးဖြစ်တာပါ။

မေး။  ။ “ဂွေးတန်းလန်းနဲ့ မင်းအုပ်စိုး” ဆိုတဲ့ဆောင်းပါးရဲ့အကြောင်းအရာကလည်း အရင် ဖိုးစိန်လမ်းမှာ ဖြစ်သွားခဲ့တဲ့ အနေအထားကို ပြန်ရင်ဖွင့်ထားတာဆိုတော့ အဲ့ဒီကာလတုန်းကလည်း အောင်မြင်တဲ့ အနုပညာရှင် တယောက်အနေနဲ့ ဘာကြောင့် ဒီလောက်အနေအထားထိဖြစ်သွားရတာလည်းဆိုတဲ့အပေါ် ဝေဖန် အပြစ်တင်ကြတာများပါတယ်။ အဲ့ဒီအပေါ် ဘာပြောချင်ပါလဲ။

ဖြေ။  ။ ဘာမှမပြောချင်ဘူး။ လူဆိုတာ နောက်ဆုံး လူတွေ ချစ်လှပါချည့်ရဲ့ပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်း တောင် သူများသတ်လို့သေရတာ။ ကျနော်တို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာမှာ အထွဋ်အမြတ်ထားတဲ့ ရှင်တော်ဂေါတမတောင်မှ သူ သက်ရှိထင်ရှား ရှိနေတဲ့အချိန်မှာလည်း သူ့အပေါ်မှာ မလိုမုန်းထား တိုက်ခိုက်တဲ့သူရှိနေသေးတာ။ ကျနော်တို့တွေဆိုတာ သာမာန်လူတွေလေ။ သာမာန်လူတွေ သာမာန် အဆင့်အတန်းတွေဖြစ်တဲ့အတွက် တိုက်ခိုက်တဲ့သူတွေ ပိုများမှာပေါ့။ မလိုတဲ့သူတွေများမယ်။ မုန်းတဲ့ သူတွေများမယ်။ အဲ့လို သူတို့မုန်းတာ မလိုတာကို ခေါင်းထဲထည့်ပြီး လိုက်ဖြေရှင်းနေမယ်ဆိုရင် ကျနော် ဒီအချိန်မှာ အခုလို စကားပြောလို့တောင်ရမှာမဟုတ်ဘူး။ အဲ့ဒီအတွက် မလိုတဲ့သူတွေကို လည်း ဘာမှ ပြောစရာမရှိဘူး။ လိုတဲ့သူတွေကိုလည်း ဘာမှ ပြောစရာမရှိဘူး။ ဘယ်တော့မှလည်း ဘာမှမပြောခဲ့ဘူး။ အခု “ဂွေးတန်းလန်းနဲ့ မင်းအုပ်စိုး” ဆိုတဲ့ ဆောင်းပါးကိုရေးဖြစ်တဲ့ အကြောင်းရင်း ကလည်း အဲ့ဒီမလိုတဲ့ကောင်တွေကို ပြောချင်လို့မဟုတ်ဘူး။ တကယ်လို့များ ကျနော်သေသွားခဲ့ရင် ဒီအဖြစ်အပျက်အမှန်ကို ဘယ်သူ့ကိုမှ မပြောပြခဲ့တဲ့အတွက် ကျနော့သမီးလေးနှစ်ယောက်က အော် ငါတို့အဖေက လမ်းလယ်ခေါင်မှာ ပုဆိုးကျွတ်ပြီး မတ်တပ်ရပ်ရလောက်အောင် သိပ်မိုက်ရိုင်းတဲ့လူကြီး လားလို့တွေးလိုက်မိရင် သူတို့တွေ ငရဲကြီးမှာ ဆိုးတဲ့အတွက် သူတို့အဖေက ဘာကြောင့် လမ်းပေါ်မှာ ပုဆိုးကျွတ်ပြီး ဂွေးတန်းလမ်းဖြစ်ရသလဲဆိုတာလေးကို သိရအောင်လို့ ကျနော်ရေးပေးထားခဲ့တာ အဲ့ဒါ လေးကိုလည်း ကျနော့ သရပါမှာ ပြန်ထည့်ထားတယ်။ အဲ့တော့ ကျနော်သေသွားလည်း ဒီစာလေးက ကျန်ခဲ့မယ်။ ဒီမဂ္ဂဇင်းလေးက ကျန်ခဲ့မယ်။ အဲ့ဒါလေးကို သူဖတ်ကြည့်လိုက်တဲ့အချိန်မှာ သူတို့ကို တယောက်ယောက်က လာပြောမယ် ဟဲ့ နင်တို့အဖေက လမ်းပေါ်မှာ ဂွေးတန်းလန်းနဲ့နေတဲ့အထိ မိုက်ရိုင်းတယ် ဆိုရင် သူတို့တွေ အချက်ကျ အလက်ကျ ပြန်ပြောလို့ရတာပေါ့နော့။ အဲ့ဒီအတွက် ကျနော်ရေးဖြစ်တာပါ။

မေး။  ။ ဖိုးစိန် gallery ဆိုတဲ့ ပန်းချီ ပြခန်းလည်း ဖွင့်ထားတယ်ဆိုတော့ ပန်းချီဆရာတွေရဲ့ဘ၀တွေကိုမြှင့်တင် ပေးဖို့ အစီအစဉ်ရှိပါသေးလား။

ဖြေ။ ။ရှိတာပေါ့။ လုပ်ပေးခဲ့ရတာပေါ့။ ပခုံးနဲ့ထမ်းပြီးတင်ပေးခဲ့ရတဲ့ ပန်ချီဆရာတွေအများကြီးပါ။ ဒါ ကာယကံရှင်တွေသိပါလိမ့်မယ်။ ဒါ သူတို့ဘ၀တွေ အဆင်ပြေအောင် မြန်မာပြည်မှာ ဖုန်းအရမ်း ဈေးကြီးနေတဲ့အချိန်မှာ ပန်းချီဆရာတွေကို ဖုန်းကိုင်နိုင်အောင် အိတ်ထဲကနေ ပိုက်ဆံထုတ်ပြီး စိုက်ဝယ်ပေးခဲ့တာ မင်းအုပ်စိုး စိုက်ဝယ်ပေးခဲ့တယ်ဆိုတာ ပန်းချီဆရာတွေ ၀န်ခံချင်လည်း ၀န်ခံ ပါလိမ့်မယ်။ ၀န်မခံချင်တဲ့ကောင်လည်း ၀န်မခံဘူးပေါ့။ ဒါက သူတို့ရဲ့ စိတ်ဆန္ဒပေါ့။ ဒီလိုပါပဲ မင်းအုပ် စိုး ၀ယ်ပေးထားတဲ့ တိုက်ခန်းမှာနေနေတဲ့ ပန်းချီဆရာတွေလည်း အများကြီးရှိပါတယ်။

မေး။  ။ ဒီ gallery က ပန်းချီကားတွေကို နိုင်ငံတကာသွားပြဖို့ ရည်ရွယ်ချက်ရော ရှိပါသလား။

ဖြေ။  ။ မရှိဘူး။ ကျနော်က စ၀ယ်ကတည်းက နိုင်ငံတကာတွေဘာတွေလည်း သိပ်မတွေးဘူး။ ရောင်းဖို့ လည်း သိပ်မတွေးဘူး။ ကျနော့အဒေါ်ဆီက ပိုက်ဆံကို ဒီအတိုင်း ရိုးရိုးတောင်းလို့မရတဲ့အခါကျတော့ ပန်းချီကားဝယ်မယ်ဆိုပြီးတော့ တောင်းရတာပေါ့။(ရယ်လျက်) အဓိကကတော့ ကျနော်က ဒါတွေကို သိမ်းထားတာပေါ့။ ရင်းနှီးမြှပ်နှံတဲ့နေရာမှာ ငွေတရာကို သိမ်းထားရင် ဒီငွေတရာက နောင် နှစ်နှစ် လည်း သုံးရာမဖြစ်နိုင်ဘူးလေ။ နောင် ငါးနှစ်လည်း ငါးရာမဖြစ်နိုင်ဘူး။ မသေချာဘူးပေါ့။ ပန်းချီဆိုတာ ကတော့ အနုပညာပစ္စည်းတခုဖြစ်နေတဲ့အတွက် တကမ္ဘာလုံးမှာလည်း ရင်းနှီးမြှပ်နှံကြတယ်ဆိုရင် ပန်းချီကိုပဲ လုပ်ကြတယ်။ နောက်တခါ တန်ဖိုးဖြတ်လို့မရတာက ပန်းချီကားပဲ။ ဥပမာ- သန်းငါးဆယ် တန်တဲ့ စိန်တို့ ပတ္တမြားတို့ဆိုတာ အရမ်းရှားတယ်လေ။ ပန်းချီကားကတော့ သန်းငါးရာ သန်းငါးဆယ် တန်တဲ့ ပန်ချီကားလည်းရှိတယ်။ သန်းတရာတန်တဲ့ ပန်းချီကားလည်းရှိတယ်။ ကမ္ဘာပေါ်မှာ ဈေးအ ကြီးဆုံးကိုပြောပါဆိုရင်တော့ ပန်းချီကားပဲလေ။ အဲ့ဒီအတွက် ချမ်းသာတဲ့သူတော်တော်များများ အနုပညာဝါသနာပါတဲ့သူ တော်တော်များများ၊ ရင်းနှီးမြှပ်နှံမယ့်သူတော်တော်များများ ကမ္ဘာပေါ်မှာ ဒီပန်းချီကားကိုပဲ ရင်းနှီးမြှပ်နှံကြတာပေါ့။ ကမ္ဘာနဲ့ယှဉ်ရင် ကျနော်တို့မြန်မာပြည်မှာ ပန်းချီကားကို ရင်းနှီးမြှပ်နှံရတာ ဈေးအရမ်းချိုပါတယ်။ အခု ကျနော်တို့ဆီမှာ တကားကို ငါးသောင်းတသိန်းလောက် နဲ့တောင် ၀ယ်လို့ရတယ်။ နိုင်ငံတကာမှာ ပန်းချီကားကို ငါးသောင်းတသိန်းလောက်နဲ့ ၀ယ်လို့ရတဲ့ နေရာတော်တော်ရှားပါတယ်။ မရှိပါဘူး။

မေး။  ။ ဒါဆို ပန်းချီကားတွေဟာ အကိုအတွက် ရင်းနှီးမြှပ်နှံဖို့ သက်သက်ပဲလား။

ဖြေ။  ။ တခုတော့ရှိတာပေါ့။ ထမင်းစားတဲ့နေရာမှာ ထမင်းဆိုတာ မစားမဖြစ်စားကြရမှာပဲလေ။ အဲ့ဒီမှာ ကိုယ်ကြိုက်တဲ့ဟင်းနဲ့စားရင် ထမင်းကပိုပြီး စားကောင်းတာပေါ့။ ကိုယ်မကြိုက်တဲ့ဟင်းနဲ့မစားရရင် သိပ်စားရတာ အဆင်မပြေဘူး။ အဲ့လိုပဲ ရင်းနှီးမြှပ်နှံမှုဆိုတာ လူ့ဘ၀မှာတော့ လုပ်ကြရမှာပဲလေ။ လုပ်တဲ့နေရာမှာ အခုလောက်အများကြီးလုပ်ဖြစ်တယ်ဆိုတာ ကိုယ်ကြိုက်တဲ့ဟင်းမို့ ဒီလောက် အများကြီးစား ဖြစ်တာပေါ့။ ဒါရိုးရိုးလေး စဉ်းစားကြည့်လို့ရတယ်။ ဒီပန်းချီကို ဒီလောက်အများကြီး မြှပ်နှံတယ် ဆိုတာ ရင်မခုန်ရင် တကယ်မကြိုက်ရင် ဒီလောက်အများကြီး မမြှပ်နှံဘူး။

မေး။  ။ အနုပညာနဲ့ပတ်သက်လို့ရော ဘာတွေဆက်လုပ်ဖို့ရှိဦးမလဲ။

ဖြေ။  ။ အွန်လိုင်းမှာ စာတွေ နေ့တိုင်း ရေးဖြစ်ပါတယ်။ နောက်တခါ ပန်းချီကားတွေကလည်း နေ့တိုင်းဝယ်ဖြစ် တယ်ပေါ့။ နေ့တိုင်းတော့ မရောင်းဖြစ်ပါဘူး။ နေ့တိုင်းဝယ်တဲ့သူမလာပါဘူး။ ကျနော်ကတော့ နေ့တိုင်း လိုလို ပန်းချီကားတွေဝယ်ဖြစ်ပါတယ်။ နောက်တခါ ဗီဒီယိုကားလေးတွေလည်း နောက်သုံးလလောက် ဆို ရိုက်ဖို့လုပ်နေတယ်။ နောက်တခါ ရုပ်ရှင်ကားတကားရိုက်ဖို့အတွက်လည်း အကို့ရဲ့ စိတ်ပိုင်းဆိုင် ရာရော ရုပ်ပိုင်းဆိုင်ရာပါ အံဝင်ခွင်ကျ ဖြစ်အောင် လုပ်နေပါတယ်။ ရိုက်မယ့်ကားက နည်းနည်းလေး ပင်ပန်းမှာဆိုတော့လေ။

သရုပ်ဆောင် မင်းအုပ်စိုးရဲ့ ဖေ့ဘုတ်စာမျက်နှာထက်က သူရေးသားခဲ့သော “ဂွေးတန်းလန်းနဲ့ မင်းအုပ်စိုး” ဆိုတဲ့ ဆောင်းပါးကို မဖတ်ရှုရသေးသူများအတွက် သူ့ခွင့်ပြုချက်နဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
                                      
                                        ''ဂွေးတန်းလန်းနဲ့မင်းအုပ်စိုး''

 

အစတုန်းက ဒီကိစ္စကိုရေးဖို့အစီအစဉ် တစ်စက်ကလေးမှ မရှိပါဘူး။ ကျွန်တော့်အကျင့်ကိုက ဘယ်သူ ဘာပြောပြော သိပ်ဂရုစိုက်တတ်တဲ့ကောင် မဟုတ်ပါဘူး။ ဘယ်သူက ဘာထင်ထင် ဘယ်သူကဘာမြင်မြင် ကိုယ့်အကြောင်းကိုယ်သိရင် ပြီးတာပဲဆိုတဲ့စိတ်နဲ့ တစ်သက်လုံးနေလာခဲ့တဲ့ကောင်ပါ။ အဲဒါကြောင့်လည်း ဘယ်လိုတွေရေးရေး ဘယ်လိုတွေပြောပြော ဘယ်လိုပဲသိက္ခာချချ လှည့်လည်းမကြည့်ခဲ့သလို စာတစ်စောင်ပေတစ်ဖွဲ့လည်းလုပ်ပြီး မရေးခဲ့မိပါဘူး။
အခုရေးတယ်ဆိုတာကလည်း ကျွန်တော့်ကိုတိုက်ခိုက်နေတဲ့ကောင်တွေကို ဂရုစိုက်လို့ သူတို့စကားကိုတုန်လှုပ်လို့ရေးတာမဟုတ်ပါဘူး။ ကျွန်တော့်သမီးလေး နှစ်ယောက်အတွက် ဒီစာကိုရေးရတာပါ။
ကလေးတွေအရွယ်ရောက်လာတဲ့အချိန်မှာ တကယ်လို့များ ကျွန်တော်ကလည်း သက်ရှိထင်ရှား ရှိမနေတော့ဘူးဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ဘက်ကလည်း တုန့်ပြန်ချေပရေးသားထားတာမျိုးကိုလည်း မတွေ့မိကြဘူးဆိုရင် သြော် ငါတို့အဖေက ဒီလိုလူစားမျိုးပါလားဆိုပြီး ရှက်ရွံ့သိမ်ငယ်သွားမှာစိုးလို့ပါ။
ဒါကြောင့် ဒီစာကိုရေးတာဟာ ကျွန်တော့်သမီးလေးနှစ်ယောက်အတွက် ရည်ရွယ်ပြီးရေးတာပါ။ ဟုတ်ကဲ့ ဘယ်အကြောင်းလဲဆိုရင် ဂွေးတန်းလန်းအကြောင်းပါ။ အတိအကျပြောရရင် ကျွန်တော်ဂွေးတန်းလန်းနဲ့ ဖိုးစိန်လမ်းပေါ်မှာ မတ်တပ်ရပ်ဖြစ်ခဲ့တဲ့အကြောင်းပါ။ ကျွန်တော် ငယ်ငယ်ကတည်းက တော်တော်ဆိုးပါတယ်။
သုံးတန်းကျောင်းသားအရွယ်မှာကတည်းက စကေဘာကိုင်တတ်နေပါပြီ။ ခုချိန်ထိလည်း မလိမ်မာသေးပါဘူး။ ဆိုးနေတုန်း ဆိုးနေမြဲ။ ဒါပေမယ့် လူတစ်ဖက်သားအပေါ် အကြောင်းမဲ့ ရန်စစော်ကားတာမျိုး ကျွန်တော်လုပ်ခဲပါတယ်။
ငယ်ငယ်ကတည်းကလည်း ကျွန်တော် အတွင်းခံဘောင်းဘီကို ၀တ်လေ့ဝတ်ထ မရှိပါဘူး။ မ၀တ်ဖြစ်အာင်လည်း တမင်ကို လေ့ကျင့်ယူထားခဲ့တာပါ။
အခုချိန်ထိလည်း မ၀တ်တတ်ပါဘူး။ နောင်ကိုလည်း အတွင်းခံဘောင်းဘီဝတ်ဖို့ အစီအစဉ်မရှိပါဘူး။ ကားရိုက်လို့ မောင်နှမအခန်းတွေမှာ မင်းသမီးကို ပေါင်ပေါ်တင်သိပ်ရမယ်ဆိုလည်း ကျွန်တော် အတွင်းခံမ၀တ်ခဲ့ပါဘူး။ ပိုက်ဆံမရှိခင်အချိန် ဘတ်စ်ကား တိုးဝှေ့စီးနေခဲ့ရတုန်းကလည်း အတွင်းခံဘောင်းဘီ မ၀တ်ခဲ့ပါဘူး။
အတွင်းခံဘောင်းဘီမ၀တ်တဲ့အတွက်လည်း ဘယ်တုန်းကမှ ဘယ်သူနဲ့မှ ဘာပြသနာမှမဖြစ်ဖူးပါဘူး။ ကျွန်တော် ငယ်ငယ်ကတည်းက အင်မတန်ခေါင်းမာ ပါတယ်။ ကောင်းကောင်းဆိုးဆိုး လုပ်ချင်မိပြီဆိုရင် ဘယ်သူက ဘာပဲပြောပြော ကျွန်တော်လုပ်ချင်တာကို ဇွတ်တိုးပြီး လုပ်တတ်တဲ့ကောင်ပါ။ အဲလို လုပ်လိုက်တဲ့ အတွက် ရလာတဲ့ ရိုက်ခတ်မှုဒဏ်တွေကိုလည်း အပြုံးမပျက်ဘဲ ကျွန်တော် ခံခဲ့ပါတယ်။ ကိုယ်လုပ်လို့ ကိုယ်ခံရတာ ဘာဖြစ်သလဲဗျာ။ ခံရကျိုးနပ်ပါတယ်။
အခု ဂွေးတန်းလန်းကိစ္စကတော့ ကျွန်တော်မလုပ်ဘဲ ကျွန်တော်ခံနေရလို့ ထောင်ထဲမှာရှိတဲ့အချိန်တုန်းကတည်းက ဆောင်းပါးတစ်စောင်ရေးပြီး သရပါထဲမှာ ထည့်မယ်လို့ စိတ်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် သရပါမဂ္ဂဇင်းလေးဖတ်နေတဲ့ စာဖတ်ပရိသတ်ကြီးအတွက် စိတ်အနှာင့်အယှက်ဖြစ်သွားမှာစိုးလို့ မရေးဖြစ် မထည့်ဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်တုန်းက Facebook လည်း မသုံးတတ်သေးဘူးဆိုတော့ ဒီပေါ်မှာ ဒီလိုရေးရင်ရပါ့လားဆိုတဲ့အသိလည်း မရှိသေးဘူးလေ။
ပြီးတော့လည်း အချိန်ကြာလာရင် သူ့အလိုလို ပါးစပ်ပေါက်တွေ ပိတ်သွားကြ လိမ့်မယ်လို့လည်း ထင်ခဲ့မိတာလည်း ပါတာပေါ့။ ဒါပေမယ့် ထင်သလိုဖြစ်လာဘူးဗျာ။ ဒီဂွေးတန်းလန်းကိစ္စနဲ့ပတ်သက်ရင် ဒီနေ့ညအထိ ရေးနေကြတာကို ဖတ်လိုက်ရတဲ့ အတွက် သမီးလေးနှစ်ယောက် အရွယ်ရောက်လာရင် ဖတ်ဖြစ်ဖို့ဆိုပြီး ဒီစာကို မရေးချင်ဘဲနဲ့ ရေးလိုက်တာပါ။
ဂွေးတန်းလန်းဖြစ်ရတဲ့အဓိကအကြောင်းကတော့ ဖိုးစိန်လမ်းထဲမှာ တာမွေးရဲစခန်းက ရဲတွေနဲ့ကျွန်တော်နဲ့ ပြဿနာဖြစ်ကြပါတယ်။ ရုန်းရင်းဆန်ခတ်ပေါ့။ သူတို့ဘက်က ရဲအင်အား ၁၄ ယောက်လောက်ရှိပြီး ကျွန်တော်ကတော့ ထုံးစံအတိုင်း ကျွန်တော်တစ်ယောက်ပဲပေါ့။ ဒါပေမယ့် ကျွန်တော့်ကို စိတ်မချလို့ ထိန်းဖို့ ဆွဲဖို့ဆိုပြီး စောင့်နေပေးကြတဲ့ ကျွန်တော့်ညီတွေ ညီမတွေကတော့ အယောက်သုံးဆယ်ကျော် ရှိပါတယ်။ တိုတိုပြောကြစတမ်းဆိုရင် ရဲတွေနဲ့ပြသနာဖြစ်ပြီး ကျွန်တော့်ကိုဖမ်းဖို့ အတွက် သူတို့က လူအင်အားသုံးပြီး သူတို့ရဲ့ ဟိုင်းလတ်ကားပေါ် ဆွဲတင်ပါတယ်။
ကျွန်တော့်ည်ီတွေနဲ့ ညီမတွေကလည်း သူတို့ကားပေါ်မှာ ကျွန်တော်ပါမသွားဖို့အတွက် ကားအောက်ကနေ ကျွန်တော့်ကို ၀ိုင်းဆွဲကြပါတယ်။ ရဲတွေက လက်ကနေ အပေါ်ပိုင်းကိုဆွဲပါတယ်။ ညီတွေ ညီမတွေက ခြေထောက်ကနေ အောက်ပိုင်းကိုဆွဲပါတယ်။ သားလုခန်းပေါ့ဗျာ။
သံယောဇဉ်တွေလည်းပါ လူအင်အားကလည်းများဆိုတော့ နောက်ဆုံးမှာ အောက်ပိုင်းကဆွဲတဲ့ ကျွန်တော့်ညီတွေနဲ့ ကျွန်တော့်ညီမတွေက ကျွန်တော့်ကိုရသွားပါတယ်။
ရဲလက်ထဲကလွတ်လို့ သူတို့လက်ထဲလည်းရောက်ရော ကျွန်တော့်ကိုမြေကြီးပေါ် သူတို့ချပေးလိုက်ကြတာပေါ့။ အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဗြုန်းကနဲ သူတို့လည်း မတွေ့ကြသလို ကျွန်တော်လည်းမသိပါဘူး။ ကိုယ့်ဟာကို ခပ်အေးအေးပဲ မတ်တပ်ရပ်နေလိုက်တာပေါ့။
တကယ်ကို ခပ်အေးအေးပါ။ ဘာမှမရှိမှတော့ အေးပြီပေါ့ဗျ။ အဲဒီအချိန်မှာပဲ ကျွန်တော့်ကို ဖုန်းကင်မရာတွေနဲ့ ဓါတ်ပုံလှမ်းရိုက်နေမှ ဘေးက ညီတွေ ညီမတွေကလည်း ကျွန်တော့်အောက်ပိုင်းကို ငုံ့ကြည့်ပြီး အပြေးအလွှား ကိုယ်တွေနဲ့ကာ။ အဲဒီအချိန်ကျမှ ကျွန်တော်ကလည်း ဟဲ့ ဘာဖြစ်ကြတာလဲလို့ မေးလိုက်တော့မှ ကျွန်တော့်အောက်ပိုင်းကို လက်ညှိုးထိုးပြပါတယ်။
ဟုတ်ပါတယ် ကျွန်တော့်ခါးမှ ၀တ်ထားတဲ့ ပုဆိုး မရှိတော့ပါဘူး။ အတွင်းခံဘောင်းဘီ အရှည်ဝတ်ထားတဲ့ ညီတစ်ယောက်က သူ့ပုဆိုးကို ခေါင်းကနေ ဆွဲချွတ်ပြီး ကျွန်တော့်ကိုလည်း ခေါင်းကနေပဲ စွပ်ချပြီးစည်းပေးပါတယ်။ ရဲကားပေါ်ကနေ ကျွန်တော့်ကိုဝိုင်းပြီး ဆွဲကြပြုကြတုန်းက ကျွန်တော့်ပုဆိုးကျွတ်ပြီး ပါသွားတာပါ။ အတွင်းခံဘောင်းဘီလည်း ၀တ်တဲ့အကျင့်မရှိဘူးဆိုမှတော့ ဂွေးတန်းလန်းဖြစ်ပြီပေါ့ဗျာ။
အဲဒီလိုဖြစ်သွားလိုက်တဲ့အတွက်လည်း ကျွန်တော့်ရင်ထဲမှာ တစ်ခုခုကိုတွေးပြီး ပူသွားတာမျိုး ရှက်သွားတာမျိုး စိုးရိမ်သွားတာမျိုး မဖြစ်ခဲ့မိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဟာကျွန်တော် ကိုယ့်ပုဆိုးကိုဆွဲချွတ်ပြီး လမ်းလယ်ကောင်မှာ မိုက်မိုက်ရိုင်းရိုင်း ဂွေးလှန်ပြနေတာ မဟုတ်ဘူးဆိုတာ အဲဒီနေ့က အဲဒီဖြစ်စဉ်မှာပါတဲ့ ရဲတွေ၊ Holiday စားသောက်ဆိုင်က ၀န်ထမ်းတွေ ကျွန်တော့်ညီတွေ ညီမတွေ ကောင်းကောင်းမြင်ကြသိကြပါတယ်။
ဒီလောက် အောက်တန်းကျလှတဲ့လုပ်ရပ်ကို ကိုယ်ကိုယ်တိုင်လုပ်တာ မဟုတ်တဲ့အတွက် အဲဒီအချိန်တုန်းကလည်း ကျွန်တော် ဘယ်လိုမှ မခံစားရပါဘူး။ အခုချိန်မှာလည်း ဘယ်လိုမှ မခံစားရပါဘူး။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားရုံးမှာလည်း ရဲတွေကိုယ်တိုင် သက်သေ ထွက်ထားပြီးကြပါပြီ။
ဒါဟာ ဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။ လုပ်ကြံလီဆယ် ဖန်တီးရေးသားစရာ အကြောင်း တစ်စက်ကလေးတောင်မရှိပါဘူး။ ဖြစ်ခဲ့တဲ့ဖြစ်ရပ်အမှန်ကို အမှန်အတိုင်းပဲ ကျွန်တော်ရေးပြတာပါ။
အဲဒီမှာ ကျွန်တော်တို့ ဆန်းစစ်ကြည့်ရအောင်ပါ။ ကျွန်တော့်ပုံကို ဖုန်းနဲ့ဓါတ်ပုံရိုက်တယ်။ အင်တာနက်တင်လိုက်တယ်။ အယုတ္တ အနတ္တပေါင်းစုံအောင် comment တွေရေးကြတယ်။ အဲဒီပုံကို အဲဒီလိုတင်လိုက်တဲ့အတွက် ဘယ်သူ့မှာများ အကျိုးရှိသလဲဗျာ။ မြင်ရတွေ့ရတဲ့လူတွေအတွက် စိတ်မချမ်းမသာဖြစ်ရတဲ့ရသတွေပဲ ခံစားရမှာပါ။ comment တွေကို အယုတ္တအနတ္တစုံအောင် ရေးခဲ့ကြတဲ့ပုဂ္ဂိုလ်ကျော်တွေကရာ အဖြစ်အပျက်မှန် ဘာလဲဆိုတာ သိကြပါသလား။
မသိပါဘူး။ မသိဘဲနဲ့ ပုံကိုကြည့်ပြီး ရမ်းသန်းမှန်းဆဲနေတော့တာပါ။ ကျွန်တော် ထပ်ရေးပါ့မယ်။ မင်းအုပ်စိုးဂွေးတန်းလန်းဖြစ်ရခြင်းအကြောင်းဟာ အဲဒါ တကယ့်အမှန် တရားပါ။ ကျွန်တော့်သမီးလေးနှစ်ယောက် စာဖတ်တတ်တဲ့အချိန်ကျရင်လည်း ဒီစာကို ဖတ်ကြည့်လိုက်တာနဲ့ သူတို့အဖေဟာ ဘယ်လိုလူစားဆိုတာ သူတို့ကောင်းကောင်း သိမှာပါ။ ကျွန်တော့်အကောင့်လေးထဲမှာ ကျွန်တော့်ကိုခင်မင်နေကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက်လည်း အဖြစ်အပျက်အမှန်ကို ဖတ်လိုက်ရတဲ့အတွက် သြော် ငါတို့လူကြီးဟာ ငါတို့ထင်ထားသလို မဟုတ်ပါလားဆိုပြီး စိတ်သက်သာရာ ရကြပါလိမ့်မယ်။
အယုတ္တ အနတ္တပေါင်းစုံအောင်ဆဲချင်ကြတဲ့ ပုဂ္ဂိုလ်များလည်း ဒီ post ရဲ့အောက်မှာ ကြိုက်သလို လွတ်လွတ်လပ်လပ်ဆဲနိုင်ပါတယ်။ စာရေးဆဲယုံနဲ့ အားမရသေဘူးဆိုရင် ၀၉ ၇၃၉၉၉၉၇၃ ကိုလှမ်းဆက်ပြီး ပါးစပ်နဲ့လည်း ဆဲနိုင်ပါတယ်။ အခု ရေးပြတဲ့အကြောင်းအရာဟာ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ရှင်းမပြခဲ့တဲ့ မင်းအုပ်စိုး ဂွေးတန်းလန်းဖြစ်ရခြင်းအကြောင်းပါပဲ။
 

ဖတ်ရှုပေးကြသူအပေါင်း သူတော်ကောင်းတို့ကို ကျေးဇူးအထူးပဲ တင်ရှိပါတယ် ခင်ဗျာ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved