ဘောင်းဘီရှည်မဝတ်ဘဲ ရထားစီးကြခြင်း

Monday, January 12, 2015

 .
နိုင်ငံတကာမှာ အထိမ်းအမှတ် အခမ်းအနား အစီအစဉ် မျိုးစုံကို ရည်ရွယ်ချက် အဖုံဖုံနဲ့ ကျင်းပနေကြတာ တနင်္ဂနွေနေ့က ဘာလင်မြို့မှာ တွေ့ခဲ့ရတာကတော့ No Pants Subway Ride ဆိုတာပဲ ဖြစ်ပါတယ်။
ဘောင်းဘီရှည်မဝတ်ဘဲ မြေအောက်ရထားစီးခြင်း ဆိုတဲ့ အစီအစဉ်ပါ။


ဘာလင် ဘူတာရုံတခုမှာ တွေ့ရတဲ့  No Pants  တက်ကြွလှုပ်ရှားသူများ (ဓာတ်ပုံ AFP)

ဒီအစီအစဉ်ကို နှစ်တိုင်း ကျင်းပလာခဲ့တာ ၂ဝဝ၂ ကတည်းကပါ။ စစချင်းနှစ်မှာ အမျိုးသား ၇ ယောက်နဲ့ နယူးယောက်မှာ ကျင်းပတာလို့ ဆိုတယ်။

နောက်ပိုင်းမှာတော့ ဇန်နဝါရီ ၁၁ ရက်နေ့ရောက်တိုင်း ကျင်းပတဲ့ ဒီပွဲမှာ အမျိုးသမီးတွေလည်း ပါဝင်လာသလို ကျင်းပတဲ့ နေရာတွေလည်း မနှစ်က စာရင်းအရဆို မြို့တော် ၆ဝ ထက် မနည်းဘူးလို့ ဆိုတယ်။

နိုင်ငံ ၂ဝ ကျော်က မြို့တော်တွေပါ။ နိုင်ငံတကာ အထိမ်းအမှတ်တခု ဖြစ်လာပါပြီ။

ဟောင်ကောင်၊ ရှန်ဟဲ အစရှိတဲ့ အာရှမြို့ တချို့ ပါလာတယ်။ တူရကီနိုင်ငံမှာတော့ မနှစ်က အဲဒီလို စီးတဲ့ခရီးသည်တွေ အဖမ်းခံရ ဆိုပဲ။

အနောက်တိုင်းမှာတော့ အေးအေးဆေးဆေးပါပဲ။

ရာသီဥတု အေးတဲ့အချိန် အဲဒီ မြို့တော်တွေမှာ ရထားစီးတဲ့အခါ သူတို့က အနွေးထည်တွေ၊ ဦးထုပ်၊ ခြေအိတ်၊ လက်အိတ်တွေ အပြည့်အစုံ ဝတ်ထားပေမယ့် ဘောင်းဘီရှည်တို့ စကတ်တို့ ဝတ်မထားဘူး လို့ ဆိုတယ်။

မနှစ်က နယူးယောက်တမြို့တည်းမှာတင် အဲဒီလို ရထားစီးတဲ့သူ လေးထောင်ကျော်ပါသတဲ့။

ဘာမှ မဖြစ်သလို၊ တယောက်နဲ့တယောက် မသိသလိုနေမယ်၊ စကားလည်း ထူးထူးခြားခြား မများကြဘူး ဆိုတဲ့ ပုံမျိုး ပေါက်အောင် ပြုမူနေထိုင်ကြတာကတော့ သူတို့ သတ်မှတ်ထားတဲ့စည်းကမ်းပါ။
စစ်ဆေး မေးမြန်းတာ ခံရမယ် ဆိုရင်တော့ အဖြေက .... "ဝတ်ဖို့ မေ့သွားတယ်" ပေါ့လေ။

တိုင်ပင်ထားသလို ဝတ်စားကြ၊ ဘူတာ တစ်ခုမှာ စုဝေးကြ၊ ရထားအဆင်းမှာတော့ ဘူတာ မတူကြဘူး။ သူတို့ကတော့ ခပ်တည်တည်။ တခြားသူတွေကတော့ ရသမျိုးစုံ ခံစားကြမှာပေါ့။
ကိုယ့်လုပ်ငန်းခွင်၊ သင်တန်း၊ ကျောင်း ရောက်တဲ့အခါ သို့မဟုတ် မရောက်ခင် တနေရာရာမှာ ဘောင်းဘီရှည် ထုတ်ဝတ်ကြမယ် ထင်ပါတယ်။

အစောပိုင်းနှစ်တွေမှာ စာနယ်ဇင်းတွေက အာရုံ မစိုက်ကြသေးပါဘူး။ ၅ နှစ်မြောက်မှာတော့ နယူးယောက်မှာ အဲဒီလို ရထားစီးသူတွေ အဖမ်းခံရ၊ တရားစွဲခံရပါတယ်။
သို့သော်လည်း ဘောင်းဘီတိုတိုဝတ်ပြီး ရထားစီးခြင်းဟာ ဥပဒေချိုးဖောက်ရာ မရောက်ပါဘူးလို့ တရားသူကြီးက ဆုံးဖြတ်ပါတယ်။ ဒါနဲ့ပဲ ပိုပြီး နာမည်ကြီး၊ ပိုပြီး လူအင်အား များလာဟန်ရှိပါတယ်။

တချို့နိုင်ငံတွေကတော့ ရထားစီးနင်းရာမှာ လိုက်နာရမယ့် အဝတ်အစားဆိုင်ရာ စည်းကမ်းချက် ဆိုတာမျိုး ထုတ်ကောင်း ထုတ်လာဖွယ် ရှိပါတယ်။


ရိုမေးနီးယားနိုင်ငံ ဘူချာရက်မြို့မှာ တနင်္ဂနွေနေ့က ရထားစီးသူများ။ သူတို့ဆီမှာ ဒီနှစ် ပထမဆုံးအကြိမ် ကျင်းပတယ်လို့ ဆိုတယ် (ဓာတ်ပုံ - Reuters)

ဘာရည်ရွယ်ချက်နဲ့ ဒီလို လုပ်ကြသလဲ ဆိုတာတော့ မသိပါဘူး။ ကိုယ်စီ ရည်ရွယ်ချက်တော့ ရှိကြပါလိမ့်မယ်။ ဓာတ်ပုံအရိုက်ခံလိုသူ၊ ဖော်ပြလိုသူ၊ ခြေထောက်ပြလိုသူ၊ ဘောင်းဘီတို ကြွားလိုသူ၊

ကိစ္စများမြောင် လူတို့ဘောင်မှာ အပိုအလုပ်တွေ ရှာဖွေလုပ်တယ်ပဲ ဆိုဆို၊ အူကြောင်ကြောင်လို့ပဲ ပြောပြော၊ အရူးထတယ်ပဲ ပြောပြော ကမ္ဘာ့မြို့ကြီးတွေမှာ လုပ်နေကြတဲ့ ဒီအထိမ်းအမှတ်ကို တချို့ဒေသတွေမှာတော့ မလုပ်သင့်ပါဘူး။
အထူးသဖြင့် အများပြည်သူသုံးမော်တော်ယာဉ်ထဲ မတရားပြုကျင့်မှုဖြစ်တတ်တဲ့ ဒေသမျိုး ဆိုပါတော့။

မြို့ပတ်ရထားရှိတဲ့ ရန်ကုန် မန္တလေးတို့မှာရော ဘယ်လိုလဲ။ အနာဂတ်မှာ ဒီလို အစီအစဉ်မျိုး ရှိလာနိုင်မလား။ ကမ္ဘာလုံးဆိုင်ရာ ဘောင်းဘီရှည်တို့ လုံချည်တို့ မ၀တ်ဘဲ ရထားစီးတဲ့နေ့ ကျင်းပလာနိုင်မလား။

လူဆိုတာ ဟုတ်တာတွေရော၊ မဟုတ်တာတွေရော တက်တက်ကြွကြွ လုပ်ဆောင်တတ်တဲ့သဘော ရှိတာကြောင့်  အဲဒီလို လိုက်မလုပ်နိုင်ဘူးလို့ သေသေချာချာ ကောက်ချက်မချနိုင်သေးကြောင်း ပြောရမှာဖြစ်ပါတယ်။


စည်သူလင်း


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved