ဘီလ်ဂိတ်သောက်နေသော လူ့မစင်ကထုတ်လုပ်ထားတဲ့ရေသန့်

Friday, January 9, 2015


မိုက်ခရိုဆော့အား ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်(ဓာတ်ပုံ - google)

 ဘီလျံနာတစ်ဦးလည်းဖြစ်၊ စည်းရုံးလှုံ့ဆော်သူတစ်ဦးလည်းဖြစ်သူ ဘီလ်ဂိတ်တစ်ယောက် သူဟာလူ့မစင်ကနေရေသန့်အဖြစ် ပြောင်းလဲထားတဲ့ရေကိုသောက်သုံးနေတာပါလို့ ပြောပြီးသူ့ရဲ့ စည်းရုံးလှုံ့ဆော်မှုတစ်ခုကိုစတင်ခဲ့ပါတယ်။

“ကျွန်တော်သောက်နေတဲ့ရေတွေဟာ ရေသန့်ဗူးထဲက လာတဲ့ရေတွေအတိုင်း သောက်လို့ကောင်း ပါတယ်”လို့ သူ့ရဲ့ ဘလော့ခ် မှာရေးသားဖော်ပြခဲ့ပါတယ်။ “ ဒီရေကိုထုတ်လုပ်တဲ့ နောက်ကွယ်က စက်မှုပညာကိုလည်း လေ့လာခဲ့ပြီးပါပြီ၊ ကျွန်တော်ကတော့ ဒီရေကို နေ့တိုင်းပျော်ပျော်ရွှင်ရွှင် သောက်သုံးဖြစ်တော့မှာပါ၊ ဘာ ဘေးဥပါဒ်မှ မရှိပါဘူး”လို့လည်း ဆက်လက် ရေးသားထားပါသေးတယ်။

မိုက်ခရိုဆော့အား ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ဟာ သန်းနှင့်ချီသောလူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိဖို့ရန် ကာလကြာရှည်စွာ ကြိုးပမ်းခဲ့ပြီးနောက် အခု တီထွင်ဆန်းသစ်ခြင်းကတော့ အဲဒီပြသနာကို ဖြေရှင်းလိုက်နိုင်တဲ့ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ဖော်ပြချက်အရ၊ ကမ္ဘာပေါ်ရှိ လူပေါင်းသန်း၂ထောင်နီးပါးရဲ့ သောက်သုံးရေဟာ လူတို့ရဲ့ခန္ဓာကိုယ်ကထွက်တဲ့ အညစ်အကြေးတွေနဲ့ ညစ်ညမ်းလျက်ရှိပါတယ်။

ကမ္ဘာ့လူပေါင်း သန်း ၁၀၀၀ ကျော်ဟာ ရေအိမ်ကို အသုံးမပြုဘဲ မစင်စွန့်လျက်ရှိနေကြသေးပါတယ်။ ထိုသို့ဖြစ်နေခြင်းက ရေထုကို ညစ်ညမ်းစေခြင်း၊ ခန္ဓာကိုယ်၏ အားအင်ကို ယုတ်လျော့စေသော ရောဂါများထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့  ၀မ်းပျက်ဝမ်းလျောရောဂါများကို ဖြစ်ပွားစေပြီး ၄င်း ရောဂါမှာလည်း အသက် ၅ နှစ်အောက်ကလေးများ သေဆုံးမှုကို ဒုတိယ အများဆုံး ဖြစ်ပေါ်စေတဲ့ အကြီးမားဆုံးရောဂါလည်း ဖြစ်ပါတယ်။

ဘီလ်ဂိတ်က “ရေအိမ်များရှိပြီး ခေတ်နှင့်ညီတဲ့ မိလ္လာစနစ်မရှိသော နေရာများတွင်လည်း ရေထုညစ်ညမ်းခြင်းနဲ့ ရောဂါဖြစ်ပွားမှုနှုန်းမှာ မြင့်မားနိုင်ပါတယ်။ မိလ္လာကားတွေဟာ လူ့တို့ရဲ့ အညစ်အကြေးတွေကို မိလ္လာစနစ်နဲ့ စွန့်ပစ်ဖြေရှင်းခြင်းမရှိဘဲ နီးစပ်ရာ မြစ်ချောင်းများနဲ့ ပင်လယ်ထဲမှာ စွန့်ပစ်တတ်ကြတာကို တွေ့ရပါတယ်။” ဟု ထပ်စောင်းဖော်ပြထားပါတယ်။

အဲဒီ့ လူ့အညစ်အကြေးတွေရဲ့ အဆုံးသတ်ဟာ လူတို့သုံးစွဲနေတဲ့ရေမှာပဲ ဖြစ်တယ်။ ဥရောပနိုင်ငံမှာ အသုံးပြုနေတဲ့ ရေအိမ်အမျိုးအစားတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသုံးပြုဖို့ ကြိုးစားနေတာဟာ စရိတ်လည်းကြီး၊ ပိုပြီးလည်း ရှုပ်ထွေးစေတာမို့  ဘီလ်ဂိတ်အနေနဲ့ “Omniprocessor”လို့ခေါ်တဲ့ လူ့မစင်ကနေ သောက်သုံးရေ ထုတ်လုပ်ဖို့ တီထွင်ဆန်းသစ်ထားတဲ့ စက်ယန္တရားအပေါ်မှာ ယုံကြည်မှုရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။

စီရေတယ်လ်မြို့ အင်ဂျင်နီယာလောကမှ ဂျက်နစ်ကီ ဇီဝစွမ်းအင်ကုမ္ပဏီရဲ့   တီထွင်မှုတစ်ခု ဖြစ်တဲ့ စက်ယန္တရားဟာ လူတို့ရဲ့ မစင်တွေကနေ လျှပ်စစ်စွမ်းအင်နဲ့ ရေ ကို ထုတ်လုပ်နိုင်ပါတယ်။

ထိုစက်ယန္တရားမှာ ရေနွေးငွေ့အင်ဂျင်ကို အသုံးပြု၍ လည်ပတ်ပြီး အလွန်မြင့်သော အပူချိန်ကို အသုံးပြုထားသောကြောင့် ရေကနေ အနံ့အသက်ထွက်ခြင်း မရှိနိုင်တော့ပါဘူး။
ဂျက်နစ်ကီမှလည်း စက်၏ မော်ဒယ်ကို အဆင့်မြှင့်တည်ဆောက်ထားပြီး ဘီလ်ဂိတ်ကို အံ့အားသင့်စေခဲ့ပါတယ်။

နောက်ထပ် တိုးမြှင့်ထုတ်လုပ်မယ့် စက်ယန္တရားမှာတော့ လူပေါင်း တစ်သိန်းဆီမှ ထွက်လာတဲ့ အညစ်အကြေးတွေကို အသုံးပြုပြီး တစ်နေ့လျင် သောက်သုံးရေ လီတာပေါင်းရှစ်သောင်း ခြောက်ထောင် နှင့် လျှပ်စစ်ပမာဏ အသားတင် ၂၅၀ ကီလိုဝပ်ကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ထိုကုမ္ပဏီမှ ကနဦး စမ်းသပ်မှုအနေနဲ့ စက်ယန္တရားအား ဒါကာမြို့တော်မှာ ယခုနှစ်ကုန်ပိုင်းလောက် စတင်အသုံးပြုမယ်လို့ သိရပါတယ်။ ဘီလ်ဂိတ်ကတော့ ဤအစီအစဉ်ဟာ ပြောင်းလဲမှုတစ်ခုကို ပြုလုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်မှုရှိနေပါတယ်။

“ထိုစက်ယန္တရားဟာ လူတို့ရဲ့ အညစ်အကြေးတွေကို သောက်သုံးရေအဖြစ် ပြောင်းလဲပေးနေခြင်း သက်သက်မဟုတ်ဘဲ ဈေးကွက်ထဲမှာ တကယ့်တန်ဖိုးရှိတဲ့ ကုန်စည်တစ်ခု အဖြစ်ပါ ဖန်တီးပြောင်းလဲပေးမှာ ဖြစ်တယ်” လို့ ဂိတ်က ရေးသားထားပါတယ်။ ပြီးတော“ ဒီအစီအစဉ်ဟာ ‘လူတစ်ဦးအတွက် အမှိုက်ဟာ နောက်တစ်ဦးအတွက်တော့ရတနာ’ ဆိုတဲ့ ရှေးဆိုရိုးစကားတစ်ခုကို ဖော်ပြလိုက်တဲ့ အကောင်းဆုံး ဥပမာတစ်ခုပါပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။


လုဒိ


ကိုးကားသတင်း။  ။ http://www.huffingtonpost.com/2015/01/06/bill-gates-poop_n_6424436.html?utm_hp_ref=impact


 လူ့မစင်ကနေ ရေသန့်အဖြစ်ပြောင်းလဲထားပုံ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။




 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved