အီတလီကော်ဖီစစ်စစ် သောက်ချင်သူတွေအတွက် Nervin Café & Bistro

Thursday, January 15, 2015



ဓာတ်ပုံများ  -သော်ဟိန်းထက် / ဧရာဝတီ

အနောက်တိုင်းအစားအစာတွေထဲမှာ ဥရောပအစားအစာ၊အမေရိကန် အစားအစာတို့လိုပဲ အီတလီအစားအစာကလည်း နာမည်ကြီးလူကြိုက်များကြပါတယ်။
အထူးသဖြင့် အီတလီနိုင်ငံကထွက်တဲ့ အီတလီကော်ဖီက ကော်ဖီချစ်သူ နိုင်ငံခြားသားတွေနဲ့ ပြည်တွင်းက ကော်ဖီခရေဇီတွေရဲ့ အကြိုက်ပေါ့။

ကော်ဖီသောက်ခြင်းက အာရုံကြောကို နိုးကြားကောင်းမွန်စေပြီး အီတလီနိုင်ငံကထွက်တဲ့ ကော်ဖီစေ့နဲ့ အီတလီနည်းပညာနဲ့ ဖျော်စပ်ထားတဲ့ Americano,Cappuccino,Espresso,Latte , Mocha စတဲ့ အီတလီကော်ဖီတွေကို လူကြိုက်များပါတယ်။

ဒီတပတ်မှာတော့ The Irrawaddy ရဲ့ စားသောက်ဆိုင် သုံးသပ်ချက် ကဏ္ဍကနေ မိတ်ဆက် ပေးချင်တာက အီတလီအစားအစာတွေနဲ့ အီတလီကော်ဖီတွေပါ ရရှိနိုင်တဲ့ ကရဝိက်ဥယျာဉ်ကမ္ဘာထဲက Nervin Café & Bistro အီတလီကော်ဖီဆိုင်ပဲ ဖြစ်ပါတယ်။




 ကန်တော်ကြီးကရဝိက်ဥယျာဉ်ကမ္ဘာ ဝင်ဝင်ချင်းမှာရှိတဲ့ ဆိုင်ကကန်တော်ကြီးကန်ရေပြင်အနီးမှာရှိတာကြောင့် Lake View ကောင်းကောင်းကို ကြည့်ပြီး အေးအေးလူလူ စားသောက်နိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်က နံနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိဖြစ်ပြီး ဆိုင်မှာအီတလီအစားအစာတွေကို Main Dish, Side Dish, Appetizer စသဖြင့် ရရှိနိုင်ပါတယ်။ ပီဇာ၊ ဘာဂါ၊ ပါစတာနဲ့ အီတလီကော်ဖီမျိုးစုံရရှိနိုင်တာကြောင့် နေ့လယ်စာ၊ ညနေစာ၊ ညစာစားသုံးလိုသူတွေနဲ့ နေ့လယ်ခင်းနဲ့ ညနေဘက် ကော်ဖီသောက်ရင်း အေးအေး လူလူ နားနေချင်သူတွေအတွက် အဆင်ပြေပါတယ်။

ဆိုင်ကကုန်းအမြင့်လေးပေါ်မှာရှိပြီး သုံးထပ်ပုံစံအဆင့်ဆင့် လှေကားလေးတွေနဲ့ တည်ဆောက် ထားတာကြောင့် ကျယ်ကျယ်ဝန်းဝန်းနဲ့ စားသုံးသူလူဦးရေများများ လာစားနိုင်တဲ့ အနေအထားပါ။




 ဆိုင်ရဲ့အလှဆင်ထားပုံကတော့ အနောက်တိုင်းဆန်ဆန် ရိုးရိုးရှင်းရှင်းနဲ့ အီတလီကော်ဖီကို အဓိကထားရောင်းတဲ့ဆိုင်ဖြစ်တာကြောင့် ဆိုင်မှာကော်ဖီဘားပါ တွဲဖက်ပါရှိတာကိုတွေ့ရပါတယ်။ ဆိုင်မှာလေးယောက်ထိုင်စားပွဲ၊ နှစ်ယောက်ထိုင် စားပွဲတွေနဲ့ စားသောက်ထိုင်ခုံအခင်းအကျင်းကလည်းဆိုင်ရဲ့ သုံးထပ်အဆင့်ဆင့်နေရာမှာခင်းကျင်းထားတာကြောင့် ကိုယ်ထိုင်ချင်တဲ့နေရာ၊ ကိုယ်ကြည့်ချင်တဲ့ View ရှိတဲ့နေရာကိုရွေးချယ်စားသုံးနိုင်ပါတယ်။

Menu လာချတဲ့အခါ Main Dish အဖြစ် ဝက်နံရိုးသားကြော် (Mushroom Pork Chops)၊ Appetizer အဖြစ် ဆယ်လ်မွန်ငါးအစိမ်းသုပ် (Salmon Affumicato Salad) နဲ့ အဆာပြေစားဖို့ အသီးအရွက်စုံပီဇာ (Chef’s Special Pizza) တို့ကိုမှာယူလိုက်ပါတယ်။



 ဈေးနှုန်းတွေအနေနဲ့ Mushroom Pork Chops ကို ၈၀ဝ၀ ကျပ်၊ Salmon Affumicato က ၈၀ဝ၀ ကျပ်၊ ပီဇာက ၇၅၀ဝ ကျပ်တို့ ကျသင့်ပါတယ်။ အစားအစာတွေမှာပြီးတော့ အေးအေးလူလူကော်ဖီသောက်ဖို့ ဆိုင်ရဲ့ အီတလီကော်ဖီတွေထဲက Espresso Coconut Frozen  (ကျပ် ၃၅၀ဝ) နဲ့ Espresso Sorriso (Singolo) ကျပ် ၂၅၀ဝ တို့ကို တခွက်စီမှာလိုက်ပါတယ်။

NervinCafé  ကိုအဓိကအားဖြင့် နိုင်ငံခြားသားတွေ အလာများပြီး Nervin ဆိုင်မှာရရှိတဲ့ အီတလီကော်ဖီ အမျိုးအစားစုံ၊ nerving တံဆိပ်နဲ့ အီတလီကလာတဲ့ ကော်ဖီစေ့၊ အီတလီနည်းပညာအီတလီကော်ဖီစက်များနဲ့ ဖျော်စပ်ထားတဲ့ ကော်ဖီအရသာကြောင့် လာရောက် သောက်သုံးကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်နာမည် “Nervin” အဓိပ္ပာယ်ကတော့ ကော်ဖီသောက်တဲ့အခါ အာရုံကြော အဖွဲ့အစည်းတွေကို ကောင်းမွန် စေတယ်ဆိုတဲ့ အဓိပ္ပာယ်အနေနဲ့ “Nervous” ကနေ “Nervin” လို့ မှည့်ယူထားတာ ဖြစ်ပြီး ဆိုင်ဆိုင်းဘုတ်Logoမှာ လူ့ဦးနှောက်ထဲ ကော်ဖီစေ့ရှိနေတဲ့ ပုံသဏ္ဌာန် ပုံဖော်ထားတာကိုတွေ့ရပါတယ်။

အစားအသောက်တွေကိုစားကြည့်တဲ့အခါမှာတော့ ဝက်နံရိုးသားကြော်ကိုပြုတ်ထားတဲ့ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ တွဲစားရတာဖြစ်ပြီး Mayonnaise နဲ့ တို့စားရတာကြောင့် အရသာက အရှေ့တိုင်းသားတွေ အကြိုက် မဟုတ်ပေမယ့် အနောက် တိုင်းသားတွေအတွက်တော့ ခံတွင်းတွေ့မှာအသေအချာပါ။ အသားကလည်းဝက်နံရိုးနဲ့ ကပ်နေတဲ့ အသားဖြစ်တာကြောင့် စားရတာအနည်းငယ် အီပါတယ်။

ဒါ့အပြင် Appetizer ဖြစ်တဲ့ ဆယ်လ်မွန် ငါးအစိမ်းသုပ်ကို မြည်းစမ်းကြည့်ချိန်မှာတော့ ဆယ်လ်မွန်ငါး အသားကပါးပါးလေးလွှာထားတာမျိုးမဟုတ်ဘဲ အနည်းငယ်ထူတာကြောင့် စားလိုက်တဲ့အခါ လျှာပေါ်မှာ စိမ်းရွှင်တဲ့ အရသာမျိုးခံစားရပြီးအနည်းငယ်လည်း ညှီတယ်လို့လည်းခံစားမိပါတယ်။
ဆယ်လ်မွန်ငါးအစိမ်းသုပ် ကိုတော့  ဂျပန်စာဆယ်လ်မွန်ဆာရှိမိ စားနေကျ ဆယ်လ်မွန်ငါးချစ်သူတွေတော့ ခံတွင်းတွေ့မယ် ထင်ပါတယ်။
Chef’s Special Pizza လို့ခေါ်တဲ့ အသီးအရွက် အစုံနဲ့ ပြုလုပ်ထားတဲ့ ပီဇာက Cheese နံ့ သင်းသင်းလေး ကြောင့် စားသုံးသူကို စားချင်စိတ်ပေါက်အောင် ဆွဲဆောင်ထားနိုင်ပြီး အရသာကို မြည်းစမ်းတဲ့အခါမှာပီဇာမုန့် ဂျုံအသားအနည်းငယ် မာတာကလွဲရင် အရသာမဆိုးဘူးလို့ ဆိုချင်ပါတယ်။

ဆိုင်ကကော်ဖီကို အဓိကထားရောင်းချတဲ့ဆိုင် ဖြစ်တာကြောင့် အစားအစာတွေ စားပြီးတဲ့အချိန်မှာ မှာယူထားတဲ့ ကော်ဖီနှစ်ခွက်ကို တခွက်ချင်း မြည်းစမ်းသောက်သုံးကြည့်ပါတယ်။

Espresso Cocount Frozenကတော့ ကော်ဖီဆိုင် တော်တော်များများမှာ သိပ်မတွေ့ရတဲ့ ကော်ဖီမျိုးဖြစ်ပြီး သောက်သုံးကြည့်တဲ့အခါမှာ အုန်းစိမ်းရေနဲ့ ရောစပ်ဖျော်ထားတဲ့ ကော်ဖီဖြစ်တာကြောင့် ကော်ဖီအရသာက တခြား Espresso ကော်ဖီပြင်းပြင်းတွေလို အရမ်းခါးသက်မနေဘဲ တမျိုးလေး ထူးခြားကောင်းမွန်ပါတယ်။

Espresso Sorriso (Singolo)ကော်ဖီကတော့ Espresso ကော်ဖီ ပီသစွာပဲ ပြင်းပြင်းခါးခါးနဲ့ တကယ့် အီတလီ ကော်ဖီစစ်စစ် အရသာကိုမှ သောက်သုံးချင်တဲ့ ကော်ဖီချစ်သူတွေလောက်သာအကြိုက်တွေ့ သောက်သုံး နိုင်မယ့် ကော်ဖီခါးတခွက်လို့ ဆိုချင်ပါတယ်။

Nervin Café &Bistro ကော်ဖီဆိုင်ကိုကန်တော်ကြီးကရဝိက်ဥယျာဉ်ကမ္ဘာထဲမှာ ဖွင့်လှစ်ခဲ့တာ တနှစ်ကျော်ပြီဖြစ်ပြီး လက်ရှိရန်ကုန်မြို့မှာဒဂုံစင်တာ (၂)၊ ရန်ကင်းစင်တာ၊ မန္တလေးမြို့နဲ့ နေပြည်တော်မှာ တဆိုင်စီ၊ စုစုပေါင်းဆိုင်ခွဲ ၅ ဆိုင် ဖွင့်လှစ်ထားတယ်လို့ သိရှိရပါတယ်။

သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ် ၂ မှ ကူးယူဖော်ပြသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved