ချစ်သူများနေ့မှာ ထိုင်းဆယ်ကျော်သက်တွေကို လိင်ကိစ္စမပြုမူဖို့ တိုက်တွန်း

Friday, February 13, 2015



photo - bangkokpost.com

လာမယ့် ချစ်သူများနေ့မှာ ဆယ်ကျော်သက် ချစ်သူစုံတွဲတွေအနေနဲ့ ကိလေသာစိတ်တွေကို ထိန်းချုပ်ကြဖို့ ထိုင်းအစိုးရအနေနဲ့ လှုံဆော်မှုတရပ်ကို စတင်ဆောင်ရွက်ခဲ့တယ်လို့ မနေ့က တရားဝင်ပြောဆို လိုက်ပါတယ်။

ဆယ်ကျော်သက် လူငယ် ချစ်သူတွေဟာ တဦးနဲ့ တဦး လိင်ပိုင်းဆိုင်ရာ ပြုမူဆက်ဆံမှုတွေအစား နှစ်ယောက်အတူတူ ညစာစားကြမယ် နောက်ပြီး အိမ်ပြန်မယ် ဆိုတဲ့ အပြုအမူမျိုးကိုသာ လုပ်ဆောင်ကြဖို့ ပြောဆိုလိုက်ခြင်းပါ။

“စားကောင်းသောက်ဖွယ်တွေတော့စားပါ လိင်တော့ မဆက်ဆံပါနဲ့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကြောင့် ဖြစ်ပေါ်လာနိုင်မယ့် မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှု အန္တရာယ်တွေကို သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်လို့ ကျင့်ဝတ်သိက္ခာဆိုင်ရာ မြှင့်တင်ရေးစင်တာအနေနဲ့ ဒီ လှုံဆော်မှုတွေကို ပြုလုပ်ခဲ့တာပါ။

 “မသင့်လျော်တဲ့ ကိစ္စရပ်တွေ ပြုလုပ်မှုကြောင့် ရှုပ်ထွေးလာမယ့် နောက်ဆက်တွဲပြသနာတွေနဲ့အတူ လူငယ်ချစ်သူတွေကြား ပတ်သက်ဆက်နွယ်မှုတွေကို ရပ်တန့်နိုင်ဖို့ ကျမတို့တွေ ကြိုးစားခြင်းဖြစ်ပါတယ်” လို့ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ မြှင့်တင်ရေး စင်တာမှ အမျိုးသမီးတဦးကဆိုပါတယ်။

နောက်ပြီး“ကျမတို့တွေရဲ့ ဆယ်ကျော်သက်ကလေးငယ်တွေကို အခြားသော လူသိမခံချင်တဲ့ ကိစ္စရပ်တွေ ရှိမရှိဆိုတာကိုလည်း တိုက်တွန်းမေးမြန်းသွားမှာဖြစ်ပါတယ်” လို့လည်း အဲ့ဒီအမျိုးသမီးက ဆက်ပြောပါတယ်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှုနှုန်း အမြင့်ဆုံးနေရာတွင်ရှိနေပြီး နှစ်စဉ် အသက် ၁၅ နှစ် မှ ၁၉ နှစ်အတွင်း  မိန်းကလေးငယ် ၁ ထောင်မှာ ၅၄ ယောက်ဟာ မီးဖွားမှုများရှိနေတယ်လို့ သိရပါတယ်။ မီဒီယာတွေရဲ့ ခြုံငုံသုံးသပ်ချက်အရ ထိုင်းဆယ်ကျော်သက်မိန်းကလေးငယ်တွေဟာ ချစ်သူများနေ့မှာ သူတို့ရဲ့ အပျိုစင်ဘ၀တွေကို အဆုံးသတ်ပစ်လိုက်ကြတယ်လို့လည်း ဆိုပါတယ်။

 “ကလေးငယ်တွေဟာ တယောက်နဲ့ တယောက် တကယ်ချစ်ကြတယ်ဆိုရင် ဘုရားကျောင်းကန်သွား တာတို့ ဇီဝိတဒါန ငှက်လွှတ်တာတို့ ငါးလွှတ်တာတို့ စတဲ့ ပြုမူမှုတွေကို လုပ်ဆောင်ကြမယ်ဆိုရင် သူတို့အတွက် ပိုကောင်းမှာပါ”  မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဇီဝိတဒါန ငှက်လွှတ်တယ်ဆိုတဲ့ ကုသိုလ်ဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့ရဲ့ ကံကောင်းခြင်း တွေ ကုသိုလ်တွေ တိုးပွားလာနိုင်စေမယ့် ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း မင်္ဂလာတခုလို့ သိမြင်ထားတဲ့ အတွက် မိမိစိတ်ကို အေးချမ်းစေနိုင်မယ့်အကောင်းဆုံးကိစ္စရပ်တခုဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။

ဒါ့ထက် ထိုင်းနိုင်ငံရဲ့ လူငယ်ထုအကြား မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိမှု အပြင် HIV ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းဟာလဲ စိုးရိမ်နေရတာပါ။

ထိုင်းနိုင်ငံဟာ လိင်တူဆက်ဆံသူတွေအကြား HIV ကူးစက်မှုနှုန်းဟာ  အာဖရိကနိုင်ငံရဲ့ ကူးစက်နှုန်းမြင့်တဲ့ နေရာတွေနဲ့ အတူတူလောက်ရှိနေတယ်လို့လည်း သိရပါတယ်။


ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/general/473372/thailand-urges-teens-to-have-dinner-not-sex-for-valentine-day

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved