သတိ ပျင်းတတ်သူများလည်း အောင်မြင်ခွင့်ရှိသည်(ဘ၀အောင်မြင်ရေးစာစု - ၁၁)

Friday, February 13, 2015




ပျင်းတတ်တဲ့ တို့လူငယ်တို့ရေ..ပျင်းတတ်သူများလည်းအောင်မြင်ခွင့် ရှိသည်လို့ ဆိုတော့..၊ အောင်မြင်မှု ဆိုတာဘာကို ခေါ်သလဲလို့ ပျင်းပျင်းနဲ့ စဉ်းစားကြည့်ရအောင်ပါ။ အောင်မြင်မှု ဆိုတာကို သိမြင်ပြီးရင် အောင်မြင်သူဆိုတာ ဘယ်လိုလူလဲ ဆိုတာလည်းအလွယ်လေးသိမြင်ကြမယ် မဟုတ်လား။ အဲဒီမှာ ကိုယ့်လိုလားမှုကို ကိုယ်တိုင် အလွယ်လေး ရွေးချယ်ပြီး အောင်မြင်သူဖြစ်ဖို့ အလွန်လွယ်ကူ သွားပါလိမ့်မယ်။ ကဲပြောရတာပျင်းလာပြီ။ အဓိပ္ပာယ် အကျဉ်းပြောတော့မယ်နော်…။

“အောင်မြင်သူ” ဆိုတာ ဘယ်လိုလူကို ခေါ်ပါသလဲ။

ကိုယ်ကိုယ်တိုင်ကအောင်မြင်ချင်သူ ဖြစ်ချင်ပေမယ့် အောင်မြင်ခြင်းဆိုတာကိုအဓိပ္ပာယ်အကောက်လွဲနေရင် အောင်မြင်သူလား၊ အောင်မြင်မှု မရှိသူလားဆိုတာသေချာခံယူဖို့ ခက်နေပါလိမ့်မယ်။ အောင်မြင်သူဆိုတာနဲ့ ပတ်သက်ပြီးနည်းနည်းပြောရရင် အောက်ပါ အချက် ၅ ချက်နဲ့ ပြည့်စုံသူပါ။

ပထမအချက်က ကိုယ်စိတ်ဝင်စားရာ ကိုယ်လိုလားရာကိုလုပ်ဆောင်နိုင်ခြင်းဟာအောင်မြင်ခြင်းတမျိုးလို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် ကိုယ် မလုပ်ချင်တာကိုမလုပ်ဘဲနေနိုင်တာလို့လည်းဆိုရမှာပါ။

ဒုတိယအချက်က ကိုယ် လုပ်ကိုင် ဆောင်ရွက်ရာမှာကိုယ်တိုင်လည်းပျော်မွေ့ နေနိုင်ရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် မပျော်မွေ့ဘဲလုပ်ကိုင်နေရသူဟာအောင်မြင်သူမဖြစ်နိုင်ပါဘူး။

တတိယအချက်က ကိုယ်လုပ်ကိုင် ဆောင်ရွက်တာကိုအများကအသိအမှတ်ပြု ဂုဏ်ယူစရာ ဖြစ်နေရပါမယ်။ တကယ်လို့ ကိုယ့်လုပ်ရပ် ကိုယ့်ပြုမူချက်ကိုအများကအသိအမှတ်မပြု၊ အများအတွက် ဂုဏ်ယူစရာမဖြစ်ဘူးဆိုရင် အောင်မြင်သူလို့ ပြောလို့ မရပါဘူး။ အလားတူပဲအများအတွက် ဘာအကျိုးကျေးဇူးမှ မရှိရင်လည်းအောင်မြင်သူလို့ အပြည့်အ၀ သတ်မှတ်လို့ မရပါ။ ထင်ရှားတဲ့ ခေါင်းဆောင်တွေ၊ ပညာရှင်တွေကို ကြည့်ပါ။ သူတို့ လုပ်ဆောင်ချက်တွေက အများက ဂုဏ်ယူစရာကောင်းသူဘယ်နှစ်ယောက် ရှိပါသလဲ။ ဗိုလ်ချုပ် အောင်ဆန်းဆိုရင် မြန်မာပြည်မှာ သာမက ကမ္ဘာက လေးစားအသိအမှတ်ပြုရတဲ့ ခေါင်းဆောင် မဟုတ်လား။

စတုတ္ထ အချက်က ကိုယ်လုပ်ကိုင်ချင်ရာကိုလုပ်ကိုင်ဆောင်ရွက်ခြင်းကထိုက်သင့်တဲ့ ၀င်ငွေနဲ့လည်း ပြည့်စုံရမှာ ဖြစ်ပါတယ်။ ထိုက်သင့်တဲ့ ၀င်ငွေ မရဘဲ ဘ၀ တလျှောက်လုံးမပြည့်မစုံနေထိုင်သွားရတဲ့ ပုဂ္ဂိုလ်တွေ တွေ့ဖူးကြမယ် ထင်ပါတယ်။ သူတို့ဟာအောင်မြင်မှု အပြည့်အစုံရတယ်လို့ မဆိုနိုင်ပါဘူး။

နောက်ဆုံးပဉ္စမအချက်က ကိုယ်လိုပုဂ္ဂိုလ်တွေ မွေးထုတ်ပေးနိုင်ဖို့လည်းလိုပါတယ်။ တနည်းပြောရရင် တခြားသူတွေကိုလည်းအားပေးမြှင့်တင်ပေးနိုင်ရပါမယ်။ ဒါဟာအောင်မြင်သူတွေရဲ့ အခြေခံကျတဲ့ အချက် ၅ ချက်ပါ။ ဒီအချက်တွေဟာအောင်မြင်သူတွေလို့ ပြောဆိုသတ်မှတ်နိုင်တဲ့ ယေဘုယျ အချက် တချို့ပါ။ အတန်းပညာ အောင်မြင်သူတွေလည်း အောင်မြင်သူ ဖြစ်နိုင်ပြီးအတန်းပညာမတတ်မြောက် မသင်ယူခဲ့သူတွေဟာလည်း အောင်မြင်သူ ဖြစ်နိုင်ကြောင်း အထက်ပါ အချက်တွေက ပြဆိုပါတယ်။

ပျင်းတဲ့
နိုင်စွမ်း


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved