“ကိုယ့်စိတ်ထဲမှာရှိမယ်ဆိုရင်နေ့တိုင်းက Valentineပါပဲ”

Friday, February 13, 2015



မော်ဒယ် အောင်လေး(ဓာတ်ပုံများ - တင်ထက်ပိုင်/ The Irrawaddy)

 အောင်လေး
အသက် ၂၃ နှစ်
မော်ဒယ်လ်
ရန်ကုန်မြို့။


ကျနော့်မှာ မိသားစုဝင်ငါးယောက်ရှိပါတယ်။ အဖေ၊အမေနဲ့ အစ်ကိုတယောက်၊ အစ်မတယောက်ရှိပါတယ်။ အစ်ကိုကသင်္ဘောသား၊ အစ်မကဆရာဝန်ပါ။ ကျနော်ကတော့ လက်ရှိမော်ဒယ်လ်လုပ်နေပါတယ်။ ကျနော် ဒီအလုပ်ကိုစိတ်ဝင်စားလို့တခြားကိုယ်စိတ်မဝင်စားတဲ့အရာတခုကိုအချိန်ကုန်ခံပြီးမလုပ်ချင်တော့ဘဲကိုယ်စိတ် ဝင်စားတဲ့အရာကိုပဲ တစိုက်မတ်မတ်နဲ့ ဇောက်ချပြီးလုပ်ဖို့ ကျနော်ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာပါ။ အဲဒီအတွက် ကျနော်၂၀ဝ၉ခုနှစ်ကနေ မော်ဒယ်လ်စလုပ်ခဲ့တာ အခုချိန်ထိပဲ။
လတ်တလော လှုပ်ရှားမှုအနေနဲ့ ကျနော်သီချင်း MTV တွေမှာ သရုပ်ဆောင်တယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဓာတ်ပုံတွေရိုက်တယ်။ MTV တွေက ပြီးတာတွေရှိသလို မပြီးသေးဘဲ ရိုက်ကူးနေတာတွေလည်း ရှိတယ်။ နောက်ပြီးတော့ ကျနော်အခု အနုပညာသူငယ် ချင်းတွေနဲ့စုပြီး “မေတ္တာကမ်းလက်” ဆိုတဲ့ပရဟိတအဖွဲ့နဲ့ ပရဟိတအလုပ်တွေလုပ်နေတယ်။




ကျနော်တို့ ပရဟိတအဖွဲ့လေးက ဖွဲ့ထားတာတော့ မကြာသေးဘူး၊ လွန်ခဲ့တဲ့ ၃၊၄ လလောက်ကစပြီး ဘိုးဘွားတွေ၊ ကလေးတွေနဲ့ တခြားလိုအပ်တဲ့နေရာတွေမှာ ပြုစုစောင့်ရှောက်တာ၊ လှူဒါန်းတာတွေ လုပ်နေပါတယ်။ တကယ်အလှူငွေ လိုအပ်တဲ့ ဂေဟာတွေကိုလည်း အလှူငွေ ကောက်ခံပေးတာတွေ လုပ်ပေးပါတယ်။
သရုပ်ဆောင်ပညာကို ဘယ်လိုလေ့လာဖြစ်လဲဆိုရင် ကျနော်၂၀ဝ၉ -၂၀၁၀ လောက်မှာ “စံကားဝါ” သရုပ်ဆောင်သင်တန်းတက်တယ်။ နောက်ပြီး MTV တွေများများကြည့်တယ်၊ ဇာတ်ကားများများကြည့်တယ်။ ကျနော် ဇာတ်ကြမ်းတွေလည်းကြိုက်တယ်။ လူငယ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေလည်းကြည့်ဖြစ်တယ်။ MTV ဆိုရင် ThaiMTV၊ KoreaMTV အကုန်ကြည့်ပြီးလေ့လာတယ်။

အနုပညာအလုပ်တွေအပြင် ကျနော်တခြားဝါသနာပါတာက ဘောလုံးကန်တယ်၊ စကိတ်စီးတယ်၊ ခြင်းလုံး ခတ်တယ်၊ ဒီလောက်ပါပဲ။ အနုပညာရှင်တယောက်သာမလုပ်ဖြစ်ခဲ့ဘူးဆိုရင် ကျနော်အခုချိန်မှာ ဘောလုံးသမား တယောက် ဖြစ်နေလောက်တယ်။ ကျနော်ငယ်ငယ်တုန်းက ဘောလုံးသမား ဖြစ်ချင်ခဲ့တာ။




ကျနော်အနုပညာနဲ့ ပတ်သက်ပြီး မော်ဒယ်လ်တယောက်အနေနဲ့ ဘာဆုတွေရခဲ့လဲဆိုတော့ ၂၀၁၀ ခုနှစ်က ဂမုန်းပွင့်ကုန်တိုက်ရဲ့ဂမုန်းပွင့် Mr. & Miss ပြိုင်ပွဲမှာ 2nd Runner Up ဆုရခဲ့တယ်။ နောက် ကျနော်၂၀၁၄ မှာ “Jeunesse Myanmar” Skin Care ကုမ္ပဏီက လုပ်တဲ့ပြိုင်ပွဲမှာ Winner ဆုဖြစ်တဲ့ Mr.Jeunesse ဆုရခဲ့ပါတယ်။

အနုပညာလောကမှာ လျှောက်လှမ်းခဲ့တဲ့ ၅နှစ်ကျော်မှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲဆိုတော့ ကျနော် မော်ဒယ်လ်စလုပ်ကတည်းက အလုပ်မလုပ်ခဲ့ရဘူး။ ကျနော် ဂျွန်လွင်ဆီက သင်တန်းဆင်းပေမယ့် ကိုဂျွန်လွင်နဲ့ပတ်သက်ပြီးတော့ ကျနော်တခါမှ ရှိုးမလျှောက်ခဲ့ဖူးဘူး။ တခြားအေဂျင်စီတွေနဲ့ပဲ လျှောက်ခဲ့ဖူးတယ်။ ကိုဂျွန်လွင်ဆီမှာကျနော်စာချုပ် (၃) နှစ် ပြည့်ပြီးတဲ့ တိုင်အောင် အခုချိန်ထိ သူနဲ့ပတ်သက်ပြီး တခါမှရှိုးမလျှောက်ခဲ့ဖူးပါဘူး။

အလုပ်မရှိတဲ့အချိန်မှာ ကျနော်စိတ်ဓာတ်မကျဘဲ ကိုယ့်ဘာသာကိုယ် ငါထိုင်နေလို့မဖြစ်ဘူး၊ လေ့လာရမယ်၊ ကြိုး စားရမယ်ဆိုပြီး ကိုယ်နဲ့အတူ လုပ်နေတဲ့သူတွေ ဘာတွေလုပ်နေလဲဆိုပြီး အမြဲတမ်းကြည့်တယ်။ သူတို့ထက်မသာရင်တောင် သူတို့ထက်နောက်ကျမကျန်ဘဲ တန်းတူဖြစ်နေအောင်ကျနော်အမြဲကြိုးစားတယ်။
အနုပညာအလုပ်တွေလုပ်ရင်း Stress တွေများတဲ့အခါ ဘယ်လိုဖြေဖျောက်လဲဆိုတော့ ကျနော် သူငယ်ချင်းတွေနဲ့ ပျော်ပါးတယ်။ ပျော်ပါးတယ်ဆိုတာ ဟေးလားဝါးလားလုပ်တာမဟုတ်ဘူး။ သူငယ်ချင်း တွေနဲ့အတူ အိမ်မှာမုန့်လုပ်စားတယ်၊ ဆိုင်တဆိုင်ထိုင်တယ်။ မုန့်တွေလျှောက်စားတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ရင် Relax ဖြစ်တယ်။

ကျနော် အနာဂတ် Plan ကတော့ ကျနော်အခုလက်ရှိ MTV တွေရိုက်နေတယ်။ ကျနော့်မှာ အနုပညာ အရည်အချင်းတွေရှိလာရင် ဒီထက်ပိုပြီး သရုပ်ဆောင်ချင်တယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ချင်တယ်။ ကျနော် ကိုယ်တိုင်လည်း မင်းသားတယောက်ဖြစ်ချင်တယ်။ အဲဒီအတွက်ကျနော်အမြဲကြိုးစားနေမှာပါ။ ပြီးတော့ ကျနော်စီးပွားရေးတခု လုပ်ချင်တယ်။

စီးပွားရေးမှာကျနော်ကိုယ်တိုင်ဝါသနာပါတာတော့ကျနော်ဖက်ရှင်ဆိုင်ဖွင့်ချင်တယ်။ ကျနော်အခုဆိုရင် ဘန်ကောက်သွားတယ်။ ရှော့ပင်းလုပ်ပြီးဝယ်လာတဲ့ပစ္စည်းတွေဆို ကိုယ်တိုင်မော်ဒယ်လ် လုပ်ပြီးရိုက်တယ်။ ကိုယ်တိုင်လည်း Online Shopping ဖြစ်ဖြစ်၊ ဖက်ရှင်ဆိုင်လေးဖြစ်ဖြစ်ဖွင့်ချင်တယ်။ အဲဒီလို ဖက်ရှင်ဆိုင်လေးတဆိုင် ဖွင့်နိုင်အောင်ကျနော်ကြိုးစားမယ်။


 ကျနော် ငုဝါ (ခိုင်သဇင်ငုဝါ) နဲ့ချစ်သူဖြစ်တာ အခုဆိုချစ်သူသက်တမ်း (၂) နှစ်နဲ့ (၄)လရှိပါပြီ။ ကျနော်တို့ စတွေ့ခဲ့တာက၂၀၁၀ လောက်က ဓာတ်ပုံရှုတင်တခုမှာစပြီးဆုံဖြစ်ခဲ့တာပါ။ ကျနော်တို့ နှစ်ယောက်ကြားက အမှတ်တရဆိုရင်တော့ အမြဲလိုလိုနှစ်ယောက်သား နေ့တိုင်းနီးပါး ရန်ဖြစ်နေတာပါပဲ။
အရင်နှစ် Valentine’s Day တွေတုန်းကတော့ အင်္ကျီဆင်တူဝတ်တယ်၊ မုန့်တွေလျှောက်စားကြတယ်။ လူငယ်သဘာဝဆိုတော့ လူငယ်စတိုင်ပါပဲ။ ဒီနှစ်Valentine ကိုဘယ်လိုစိတ်ကူးထားလဲဆိုတော့ ကျနော်တို့နှစ်ယောက်လုံးကအစားသမားဆိုတော့မုန့်တွေပဲလျှောက်စားကြမယ်။ Surprise Gift ပေးဖို့အစီအစဉ်ရှိလားဆိုတော့ Surprise ဆိုတာထက်ကိုယ်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အချိန်မှာ ထပြီးပေးတာမျိုးကိုပဲ ကျနော်ကကြိုက်တယ်။ အထိမ်းအမှတ်နေ့တခုမှာ ပေးတယ်ဆိုတာကြီးက လူတိုင်းသိနေတာပဲလေ။ အဲဒီနေ့မှာ ပေးပေမယ့်ထူးတော့ထူးခြားသွားမယ်၊ ကိုယ့်စိတ်ထဲမှာရှိမယ်ဆိုရင် နေ့တိုင်းက Valentine ပါပဲ။


အခုနောက်ပိုင်း လူငယ်တွေ ကဏ္ဍအသီးသီးမှာ ကြိုးစားနေကြတဲ့အပေါ် လူငယ်တယောက်အနေနဲ့ ကျနော်ဘယ်လိုမြင်မိလဲဆိုရင် တကယ်ဝါသနာအရင်းခံပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကိုယ်လုပ်တဲ့ အလုပ်က ကောင်းပါတယ်။ တကယ်ဝါသနာမပါဘဲ ပေါ်ပင်အနေနဲ့ပဲ လုပ်ချင်တယ်ဆိုရင် ဒီလုပ်ငန်းက အောင်မြင်မှာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း လက်ရှိအနေအထားကို အကောင်းဆုံးဖြစ်အောင်၊ အောင်မြင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။

 
သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၇ မှ ကူးယူဖော်ပြသည်"





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved