ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်လ်တယောက်ပဲဖြစ်ချင်တာ

Tuesday, February 24, 2015



Sexy မော်ဒယ်လ် ဇာဇာထက်(ဓာတ်ပုံများ - Zar Zar Htet official facebook မှ)

 ခန္တာကိုယ်ကောက်ကြောင်းလှလှနဲ့ Sexy ကျကျ မော်ဒယ်လ်တဦးကို အွန်လိုင်း ပရိတ်သတ်တွေ သတိထားမိကြ မယ်ထင်ပါတယ်။ အထူးသဖြင့် ဖေ့ဘုတ်စာမျက်နှာမှာထက်မှာ သူ့ရဲ့ Sexy ဓာတ်ပုံတွေဟာ လူသိပိုများ ပါတယ်။ သူကတော့ အသက် ၂၅ နှစ် ရှိပြီး ဥပဒေနဲ့ ဘွဲ့ရထားသူ မော်ဒယ်လ် ဇာဇာထက်ပါ။ မော်ဒယ်လ်ဇာဇာထက်ဟာ သိပ်မကြာသေးခင်ကာလကလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် နယ်မြေမှာ ဖြစ်ပွားနေတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်သားတွေ စိတ်အပန်းပြေပျောက်ဖို့အတွက် Naked sexy အကနဲ့ နယ်လှည့်ဖျော်ဖြေသွားမယ်ဆိုတဲ့ ကောလဟလ သတင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ မော်ဒယ်လ် ဇာဇာထက်ဟာ ၂၀၁၂ ခုနှစ် ၈ လပိုင်းလောက် ကစလို့ Sexy ဓာတ်ပုံတွေနဲ့ အွန်လိုင်း သုံးစွဲသူတွေအကြား စတင် လူသိများလာခဲ့တာပါ။ သူဟာ ၂၀၁၁ ခုနှစ်မှာ မော်ဒယ်လ်ဂျွန်လွင်ဆီမှာလည်း မော်ဒယ်လ်သင်တန်း တက်ရောက်ခဲ့ဖူးတယ်လို့လည်းသိရပါတယ်။ သူ့ရဲ့ Sexy model ဘ၀ တစေ့တစောင်းရယ် သူ့ရှေ့ဆက် လျှောက်မယ့် မော်ဒယ်လ်ဘ၀နဲ့အတူ သူရင်ဆိုင်ခဲ့ရတဲ့ ကောလဟလအကြောင်းတို့ကို ဧရာဝတီနဲ့အတူ ပေါ့ပေါ့ပါးပါး မေးဖြစ် ဖြေဖြစ်တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

မေး  ဘာကြောင့် Sexy ဓာတ်ပုံတွေကို ရိုက်ဖြစ်ရတာပါလဲ။ ပရိတ်သတ်အားပေးလို့ လုပ်ဖြစ်ရတာလား။

ဖြေ  အဓိကကတော့ ပရိတ်သတ်အားပေးလို့ဆိုတာထက် ဇာဇာနဲ့ ပိုလိုက်တယ်ထင်လို့ပါ။။ ဇာ မျက်နှာက မာတယ်။ ဓာတ်ပုံထဲရောက်ရင် ရုပ်ရင့်တယ်။  Sexy ပုံစံနဲ့ပိုလိုက်တယ်ထင်လို့ပါ။ ဇာဇာ မျက်နှာအကျက မြန်မာကလူနဲ့ သိပ်မတူဘူးပေါ့နော်။ ကိုယ်နဲ့ မလိုက်တဲ့ လမ်းကြောင်းကို ရွေးမယ့်အတူတူ ကိုယ်နဲ့လိုက်တဲ့ လမ်းကြောင်းကို ရအောင်လုပ် ကြည့်လိုက် မဖြစ်ဘူးဆိုတာ မရှိစေရဘူးဆိုပြီး ဒီလမ်းကြောင်းကို ရွေးဖြစ်တာပါ။ အစကတော့ အဆဲခံ အပြောခံရလို့ စိတ်ဓာတ်တွေလည်း ကျတယ်။ မလုပ်ချင်တော့ဘူးပေါ့နော်။ ဒါပေမယ့် တချို့အားပေးတဲ့သူတွေလည်း ရှိတယ်။ အားပေးပေး မပေးပေး လုပ်ရမှာ ငါ့အပိုင်းပေါ့နော်။ သူတို့ကြိုက်ရင် လည်း အားပေးမယ်။ မကြိုက်ရင်လည်း အားမပေးဘူးပေါ့။ ကိုယ့်ကို လက်ခံမခံ လုပ်ကြည့်မယ်ပေါ့။ အဆင်မပြေရင်လည်း ကျောင်းစာ ပြန်လုပ်မယ်ပေါ့ ဆိုပြီး လုပ်ကြည့်ရင်းနဲ့ ပေါက်သွားတာပါ။

ဇာဇာက ခန္တာကိုယ်လေးလည်းရှိတယ်။ Sexy ဆိုတာလည်း လုပ်ချင်တိုင်း လုပ်လို့မရဘူး။ အရမ်း ပိန်နေတဲ့သူ ဆိုရင်လည်း လုပ်လို့မဖြစ်ဘူး။ နိုင်ငံခြားမှာဆိုရင်တောင် ဆီလီကွန်တွေထည့်ပြီး ပြည့်အောင် လုပ်ရတာ။ နိုင်ငံခြားက မော်ဒယ်လ်တွေဆိုရင် ပိန်တော့ပိန်တယ်။ ဒါပေမယ့် သူ့နေရာနဲ့သူ အချိုးအဆစ်က ရှိပြီးသားလေ။ အဲ့ဒီတော့ ဇာက ခန္တာကိုယ်ကောက်ကြောင်းလည်းရှိတယ်။ အရမ်းကြီး အားစိုက်စရာမလိုဘူး။ အဲ့ဒီတော့ လုပ်ကြည့်မယ်ဆိုရင် လုပ်ကြည့်တာပါ။

မေး  ဒီလို လုပ်လိုက်တဲ့အပေါ် ဝေဖန်မှု ဒဏ်ကို ဘယ်လောက်အထိ ခံခဲ့ရလဲ။

ဖြေ  ဝေဖန်မှုကတော့ တော်တော်လေးကို ခံခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ဆက်မလုပ်ချင်လောက်အောင် ခံရပါတယ်။ တချို့ဆိုရင် ဥပမာ- Sexy Model ဆိုရင်ရရဲ့သားနဲ့ လိင် ဆိုတဲ့ စကားလုံးတွေနဲ့ တင်စားပြီး ရေးတယ်။ ကျမ အကြောင်းတွေ အင်တာဗျူး မလုပ်ဘဲနဲ့ရေးတာမျိုးတွေ ခံရတယ်။ အဲ့လိုမျိုး ခေါင်းစဉ်တပ်ခံရတဲ့အချိန်မှာ ငယ်ငယ်တုန်းက ပေါင်းနေတဲ့သူငယ်ချင်းတွေက အစ ကိုယ်က အရင်တုန်းက ယောက်ျားလျာလိုနေတဲ့အချိန်မှာ ဒီလိုဖြစ်မယ်ဆိုတာလည်း မသိဘူး။ ရည်းစားနဲ့ဖြတ်ပြီးတော့မှ sexy မဖြစ်ဘူးဆိုတာကို မခံချင်စိတ်နဲ့ တကယ်တော့ အဲ့ဒီ sexy ဆိုတာ ဘာမှန်းမသိဘဲနဲ့ သင်တန်းသွားတက်တယ်။ တကယ်တော့ စိတ်မ၀င်စားဘူး။ ဆရာက အိုက်တင်လုပ်ဆိုရင်တောင် မလုပ်တတ်ဘူး။ တောင့်တောင့်ကြီး ဖြစ်နေတာ။ ဒီလိုလမ်းကြောင်း ရောက်မယ်ဆိုတာလည်း တကယ့်ကို လုံးဝမထင်ထားဘူး။ ကောလဟလတွေ အပြောခံရချိန်မှာ ကိုယ်က မရင့်ကျက်သေးတော့ နေလို့ထိုင်လို့မရခဲ့ဘူး။ အိမ်ကိုလည်းမပြောရဲဘူး။ အားပေမယ့်သူကလည်း မရှိဘူး။ ကျမတို့က Broken family ပါ။ အဖေက ၀န်ထမ်းအရာရှိဆိုတော့ ကျမကို ဂျာနယ်တွေမှာတွေ့တယ်ဆိုတော့ အဖေက အမေ့ကို ဖုန်းဆက်ပြီးပြောတယ်။ အမေက ဆီးချိုဖြစ်နေတော့ မျက်စိက ခွဲထားတာ သိပ်မမြင်ဘူး။ အင်တာနက်တွေဘာတွေလည်း သုံးလို့မရဘူး။ အဲ့လိုမျိုးတွေကို အမေက မသိဘူး။ ပြီးတော့ မောင်လေးကလည်း ဆယ်တန်းကျောင်းသားဆိုတော့ အဲ့ဒါမျိုးတွေ သိပ်မလုပ်ဘူး။ သူကလည်း ဂိမ်းပဲဆိုတော့လေ။ နောက်တော့မှ သူ့သူငယ်ချင်းတွေက အွန်လိုင်းကနေ ဒေါင်းပြီးတော့ မောင်လေးကို ပြတယ်။ အဖေကလည်း အမေ့ဆီကို ဖုန်းဆက်ပြီး သားသမီးကို အဲ့လိုပဲ ထိန်းရသလားပေါ့။ ပညာတွေသင်ပေးထားတာ။ ဥပဒေနဲ့ ဘွဲ့ရထားတာ အလကားမဟုတ်ဘူးပေါ့ ဆိုပြီး လှမ်းပြောပြီး ပြသနာရှာတော့မှ အမေက သိပြီးတော့ အိမ်ပေါ်ကနေ နှင်ချတယ်။ မျိုးရိုးထဲမှာ ဒါမျိုး မရှိဘူးဆိုပြီး ဆဲဆိုထုရိုက်တာခံရတာပေါ့။ မြန်မာပြည်မှာနေပြီး ရိုက်စရာရှားလို့ ဆိုပြီး တစိမ်းမပြောနဲ့ ကိုယ့်မိသားစုတောင် အမြင်မရှိဘူး။ အဲ့ဒီအချိန်မှာ စိတ်က အရမ်းတိုတော့ အမေ့ကို ပြန်ပြောလိုက်တယ်။ အမေတို့ကရော ငွေထုပ်ကြီးပိုက်ထားပြီးတော့ ရင်းပေးလို့လားပေါ့။ အနောက်ကနေ မဂ္ဂဇင်းတွေ ရိုက်ဖို့ ပိုက်ဆံထုတ်ပေး လို့လား၊ ဓာတ်ပုံဆရာတွေနဲ့ရိုက်ဖို့ ပိုက်ဆံပေးလားပေါ့ အဲ့လိုပေါ့။ သူများအမေတွေလိုမျိုး သမီးကို ပံ့ပိုးပေးလို့လားပေါ့။ သမီးဝါသနာပါတာ သမီးလုပ်ကြည့်တာပေါ့၊ လုပ်ကြည့်လို့မှ မရရင် နောက်ဆုတ်မယ်ပေါ့။ အခုက အရှေ့ကိုရောက်နေပြီ သမီး နောက်မဆုတ်ချင်တော့ဘူး။ ဒီလိုအချိန်မျိုးရောက်မှ နောက်လှည့်ဖို့ဆိုတာ မဖြစ်တော့ဘူး။ အရှေ့ကို လှမ်းလက်စနဲ့ ဆက်လှမ်းမယ်ဆိုတော့ နင်ဆက်လှမ်းမယ်ဆိုရင် ငါတို့ မျိုးရိုး ထဲမှာလည်းမရှိဘူးပေါ့။ အဲ့ဒါကြောင့် အိမ်ပေါ်ကနေ နှင်ချတယ်။ အခုတော့ မနှင်ချနဲ့ဦးလို့  အခုဒီအလုပ်က ပိုက်ဆံမရသေးဘူး။ ပိုက်ဆံရတဲ့အချိန်ကျရင် ဆင်းသွားပြီး အိမ်ဌားနေမယ်ပေါ့။ အခုတော့ ပိုက်ဆံ မရသေးတော့ နေစရာမရှိသေးလို့ ဒီအိမ်မှာပဲနေပါရစေဆိုပြီး ကုတ်ကတ်ပြီး နေနေတာ။ အဲ့တော့ နေ့တိုင်း တချိန်လုံးပြောဆိုခံရတော့ ကြာတော့ စိတ်ညစ်တာပေါ့။ နောက်ပိုင်း မဇ္ဈိမက လိင်ဇာတ်ကားရိုက် တော့မယ်ဆိုပြီး အရေးခံလိုက်ရတော့ အဲ့ဒီအချိန်မှာ ကောလဟလတွေကြောင့် နေ့တိုင်း ငိုယိုနေတော့ အမေလည်း သနားလာပြီး နားလည်မှုရသွားတာပါ။ အမေကိုယ်တိုင် ပြသနာကို လိုက်ဖြေရှင်းပေးတယ်။ အဲ့လိုမျိုးပေါ့ အိမ်ကအစ အထင်မကြီးဘူး။ ဒီလို ဒဏ်တွေ တော်တော်ခံခဲ့ရပါတယ်။ မောင်တွေ အကိုတွေကအစ အရမ်းရှက်လို့ စကားတောင်မပြောဘူး။

အခုဆိုရင်တော့ အရင်ကလောက်တော့ မဆိုးတော့ဘူး။ နားလည်မှုရှိလာတယ်။ သူများတွေလည်း ဒီလိုပဲ လုပ်နေကြတာပဲ။ အမေတို့က မပံ့ပိုးနိုင်ပေမယ့် သမီးနာမည်ကို ချရင်းလိုက်တာပဲလို့။ ဒီ့အတွက် နာမည်တော့ ဆိုးသွားတာပေါ့။ ဒါပေမယ့် စာရိတ္တပိုင်းက ပျက်ဆီးနေလို့လား မိဘအုပ်ထိန်းမှုအောက်မှာ နေနေတာပေါ့။ ဒီမှာက မတိုးတက်သေးလို့ပါ။ သူများနိုင်ငံမှာလည်း ဒီလိုမျိုးတွေ ရိုက်နေတယ်ပေါ့ဆိုပြီး ပြောပြတော့မှ သိပ်ပြီး တော့ မပြောတော့တာ။ ဒါပေမယ့် အခုချိန်ထိတော့ ပွဲတခုခုသွားမယ်ဆိုရင် လုံလုံခြုံခြုံ ၀တ်ရတယ်။ လမ်း ရောက်တော့မှ သူငယ်ချင်းအိမ်ရောက်မှ လဲရတာမျိုးတွေ တခါတလေ အတိုအပြတ်ဝတ်ပြီးရင် အပေါ်ကနေ ထမိန်ထပ်ဝတ်ပြီး အိမ်ကနေ ထွက်သွားရတာမျိုးတွေပေါ့။

မေး  ဒီလောက် မိသားစုရော ပတ်ဝန်းကျင်ရော အခက်အခဲတွေကြားထဲက ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာဟာ ဒီလမ်းကြောင်းက ပိုပြီး လူသိများ အောင်မြင်လွယ်မယ်လို့ ယူဆမိလို့လား။

ဖြေ  အဲ့လိုမျိုးလည်းမဟုတ်ဘူး။ အောင်မြင်ဖို့လမ်းကြောင်းကိုမြင်လို့ရယ်မဟုတ်ဘူး။ ကျမစိတ်က ဒါကို လုပ်ချင်တယ်။ လူတွေက အရမ်းပြောတယ်။ ဒီလိုအချိန်ရောက်တော့မှ စစ်ပွဲတခုတိုက်နေရသလိုပေါ့။ တိုက်ပွဲ တိုက်ရင်းနဲ့ သေမလား၊ မတိုက်ဘဲနဲ့သေမလား၊ တန်ဖိုးရှိအောင်တော့ ငါ တိုက်ရင်းနဲ့သေမယ်၊ သေတာတောင် နာမည်ကောင်းနဲ့သေမယ်၊ လုပ်လက်စနဲ့လုပ်မယ်ဆိုပြီး ဆက်တိုက်မယ်။ မတိုက်ဘဲနဲ့ ရပ်လိုက်ရင် သူများပစ် သွားလိမ့်မယ်ပေါ့။ ဟိုမရောက် ဒီမရောက်နဲ့ ရပ်လိုက်ရင်လည်း သူများ အပြောခံရမှာပဲ။ အပြောခံရမယ့်အတူတူ ဆက်ဖောက်မယ်ပေါ့။

မေး  ကိုယ်လုပ်ချင်တဲ့လမ်းကြောင်းလို့ဆိုတော့ ဒါဆို ၀ါသနာပါလို့ ၀ါသနာအရလို့ ပြောလို့ရမလား။

ဖြေ  အစကတော့ ၀ါသနာအရလို့တော့ မဟုတ်ဘူး။ ကိုယ်နဲ့လိုက်မယ့် လမ်းကြောင်းကို ရွေးခဲ့တယ်။ ဒါပေမယ့် ပရိတ်သတ်လက်ခံလာတဲ့အခါမှာတော့ ၀ါသနာလည်းပါသွားတယ်။ တကယ်လုပ်ကြည့်ချိန်မှာ အဲ့ဒါရဲ့ ဖီလင်ရယ် နောက်ပြီး ကျမ တခြား ၀က်ဆိုဒ်တွေကိုကြည့်ပြီး ပိုပြီး စိတ်ဝင်စားလာတယ်။ သူများတွေလုပ်တာကို ဒီအနုပညာရဲ့ လေးနက်မှုကို လက်ချောင်းလေးတွေကအစ ပြီးတော့ ဒီလို Sexy ပုံဆိုတာ ရိုက်ချင်တိုင်း ရိုက်လို့ မရဘူးဆိုပြီး အနက်အဓိပ္ပာယ်ကို သိလာတဲ့အချိန် အိုက်တင်လည်း တတ်လာတဲ့အချိန်မှာ ဒါမျိုးလေးကို ဆက်လုပ်ချင်တယ်။ ဒါဟာ အဆိုးနဲ့ အကောင်းယှဉ်လိုက်ရင် တုန့်ပြန်မှုက အဆိုးဘက်က ပိုများတယ်။ ဒီလို အဆိုးပေမယ့် ငါသည် ၀ါသနာအရလုပ်တာ။ ဒါပေမယ့် ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ပရော်ဖက်ရှင်နယ် တကယ်ရိုက်ချင်လို့ လုပ်တာ။ ပေါက်ပေါက်မပေါက်ပေါက် ငါလုပ်မယ်ဆိုတဲ့စိတ်နဲ့ လုပ်တာ။ ဘယ်သူဘာပြောပြော ငါ့လမ်း ငါ့ဆက်လျှောက်မယ် ဆိုပြီး နည်းနည်း ခေါင်းမာတတ်တဲ့ အကျင့်ကြောင့်လားမသိဘူး။

မေး  ဒါဆို ဇာဇာထက်က သူများနဲ့မတူတဲ့ လမ်းကြောင်းတခုကို ဖောက်ချင် လျှောက်ချင်တယ်လို့ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ ဆိုရမလား။

ဖြေ  ဟုတ်ပါတယ်။ သူများနဲ့မတူတဲ့ လမ်းကြောင်းပေါ့နော် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါထိုးဖောက်ရမယ်။ အလွယ်လမ်းတော့ လိုက်တာမဟုတ်ဘူး။

မေး  ဇာဇာထက် ဖြစ်ချင်တဲ့ အနုပညာလမ်းကြောင်းဆိုတာက ဘာဖြစ်မလဲ။

ဖြေ  ဇာဇာကတော့ သရုပ်ဆောင်လိုင်းဘက်က ပိုပြီး နက်နဲတယ်လို့ထင်ပါတယ်။ လိုင်းပူးချင်လို့လည်း မဟုတ်ဘူး။ ပထမစလုပ်မယ်ဆိုကတည်းက လိုင်းမကြောင်ဘူးရှင့်။ တလိုင်းဆို တလိုင်းတည်းပဲ။ လိုင်းမကြောင်ဘူးဆိုတာက ကိုယ်က ဒါပဲတတ်တာကိုး။ သရုပ်ဆောင်ကျ ပိုလေးနက်တယ်လေ။ ဓာတ်ပုံကျတော့ လေးငါးယောက်လောက်နဲ့ ပြီးတယ်။ ရုပ်ရှင်ဘက်က လူတွေကိုလည်း တကယ်ကို လေးစားပါတယ်။ သူတို့က စိတ်နဲ့ အလုပ်လုပ်နေရတာ။ အိုက်တင်ရော စိတ်ခံစားမှုရော ကိုယ့်ရဲ့ခံစားချက်တွေ ဘာတွေပဲဖြစ်နေနေ  အဲ့ဒါကို မေ့ပြီးတော့ သရုပ်ဆောင်လုပ်ရတာလေ။ အများနဲ့လုပ်ရတာဆိုတော့ ကိုယ်မှားလို့မရဘူးပေါ့နော်။ ကိုယ်က အဲ့ဒီလမ်းကြောင်းလိုက်ဖို့အတွက် ကိုယ်လည်း အဲ့လောက်အထိ အိုက်တင်မတော်ဘူး။ မျက်လုံး ခံစားမှုလေး၊ အိုက်တင်လေးနဲ့ပဲ လုပ်စားရတဲ့သူဆိုတော့ ကိုယ်နဲ့ မလိုက်ဘူးထင်လို့ပါ။ တချို့ကလည်း ရိုက်ဖို့ခေါ်တယ်။ လုပ်ကွက်မပေးဘူး။ တချို့ကျတော့ မင်းသမီး သူငယ်ချင်းတို့ဘာတို့ အဲ့ဒါမျိုးကျတော့လည်း မရဘူး၊ မရိုက်ချင်ဘူး။ ကိုယ်ကလည်း အဲ့လိုမျိုး ရုပ်မျိုးလည်းမပေါက်တဲ့အခါကျတော့ မင်းသမီးသူငယ်ချင်းဆိုရင် အမြဲတမ်း မင်းသမီး သူငယ်ချင်းပဲဖြစ်နေမှာ။ အဲ့ဒီတော့ ကိုယ့်ကိုလည်း ဒီပုံနဲ့ပဲ သိထားတာဆိုတော့ Professional Sexy Model တယောက်ပဲဖြစ်ချင်တာ။ ဒါပေမယ့် လုံးဝမလုပ်ဘူးလို့တော့မဟုတ်ဘူး။ မြေတောင်မြှောက်ပေးမယ် တင်ပေးမယ် ရိုက်ကြည့် ဆိုရင်တော့လည်း လုပ်ကြည့်မှာပါ။





မေး  ဒါဆိုရင် ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်လ်အဖြစ်နဲ့ပဲဆက်လုပ်သွားမှာလား သရုပ်ဆောင်လိုင်းကို ကူးဖို့မရှိဘူးလား။

ဖြေ  အဲ့လိုတော့မဟုတ်ဘူး။ အခြေအနေ အချိန်အခါ ပေးလို့ ကမ်းလှမ်းခဲ့ရင်တော့ ရိုက်ပါမယ်။  သက်သက်ကြီး တော့ ကူးဖို့မရှိဘူး။ အဲ့ဒီလမ်းကြောင်းကိုတော့ သွားမှာမဟုတ်ပါဘူး။ Sexy Model ကလည်း အတိုင်းအတာ တခုလောက်ပဲ။ ဒါကလည်း ရေရှည်လုပ်ဖို့မရည်ရွယ်ဘူး။ နောက်ထပ် တနှစ် သို့မဟုတ် နှစ်နှစ် သုံးနှစ်ပေါ့။ အချိန်ကာလတခုအထိပဲ လုပ်မှာပါ။ အသက်အရွယ်ကလည်း စကားပြောတယ်လေ။ ပြန်ပြီး ကျောင်းတက်ရင်တက်  ဒါမှမဟုတ် စီးပွားရေးတခုခု လုပ်ဖြစ်မယ်ထင်ပါတယ်။

မေး  တလောက တပ်မတော်သားတွေအတွက် Naked အကနဲ့ နယ်လှည့်ဖျော်ဖြေမယ်ဆိုတဲ့ ကောလာဟလ ကရော လတ်တလောမှာ ဘယ်လိုဖြစ်သွားပြီလဲ။

ဖြေ  ပြည်မြန်မာကတော့ တောင်းပန်တယ်။ 7 days ကတော့ မတောင်းပန်ဘူး။ သူတို့မဟုတ်တဲ့ အတွက်ကြောင့် သူတို့စုံစမ်းပေးနေပါတယ်။ သူတို့မရေးဘဲနဲ့ တောင်းပန်လိုက်ရင် သူတို့တကယ်ရေးတယ်လို့ ထင်သွားလိမ့်မယ်တဲ့။ ပြီးတော့ လုပ်ကြံဖန်တီးတဲ့သူကလည်း ပိုပြီးတော့ ၀မ်းသာသွားလိမ့်မယ်တဲ့။ သူတို့က လည်း သူတို့ဘက်က မဟုတ်ဘူးပေါ့နော် နောက် မအေးသူစံကလည်း သူလည်း မရေးတာကြာပြီဆိုတဲ့အခါ ကျတော့ ကိုယ့်ဘက်ကလည်း ဟုတ်မှမဟုတ်ဘဲ သွားပြောရင် သူများအပြစ်ကနေ ကိုယ့်အပြစ်ကို ပြန်ဖြစ်လာ နိုင်တယ်။ ကိုယ်မဟုတ်ဘူး သူတို့ဘက်ကလည်း မဟုတ်ဘူးဆိုတာကို ပရိတ်သတ်ကလည်း သိသွားပြီဆိုတော့ ကိုယ်လည်း ဆက်ပြီး မရှင်းပြတော့ဘူး။

မေး  ဒီလို တိုက်ခိုက်ခံလိုက်ရတဲ့အပေါ် ဘာပြောချင်ပါလဲ။

ဖြေ  လူဆိုတာ sexy ရိုက်ပေမယ့် အမြဲတမ်း အဲ့လို စာအုပ်ကြီးအတိုင်းကြည့်လို့တော့မရဘူးပေါ့။ လူတိုင်းကတော့ မျိုးချစ်စိတ်ရှိတယ်။ ကိုယ့်နိုင်ငံနဲ့ပတ်သက်ရင် နိုင်ငံချစ်စိတ်ရှိကြတာပဲ။ ပရဟိတဆိုတာလည်း sexy model မှ မဟုတ်ဘူး၊ လူတိုင်းလုပ်နေကြတာပဲ။ နိုင်ငံခြားမှာဆိုလည်း ဒီလိုပဲလုပ်နေကြတာပဲ။ အဲ့လိုမျိုး အမြင်တွေနဲ့ မကြည့်စေချင်ဘူး။ သူများရဲ့ ကိုယ်ရေးကိုယ်တာကို အသုံးချပြီးတော့ ကိုယ့်ရဲ့ ပေ့ခ်ျ like များအောင်လုပ်တာ မျိုး လူကြည့်အောင် လုပ်တာမျိုးတွေကို ဝေဖန်ချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်လိုလူမှမဟုတ်ဘူး။ တခြားအနုပညာသမားတွေလည်း အကောင့်တွေ ဟက်ခံရတဲ့အခါကျတော့ မလုပ်စေချင်ဘူး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကာယကံရှင်က နစ်နာပါတယ်။ အဲ့ဒီတော့ ကိုယ်ချင်းစာစိတ် လေးထားပြီးတော့ မလုပ်စေချင်ပါဘူး။

1 comments :

  1. Anonymous said... :

    She is very clever. In order to get fame within the soft porn world she has used Burmese media about her contribution to Tatmadaw members who are in the front lines.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved