“မဖြစ်နိုင်တာမရှိဘူး၊ မဖြစ်သေးတာပဲရှိတယ်”

Thursday, March 5, 2015


ဓာတ်ပုံ -  အောင်ကျော်မိုး/ New Image


ခိုင်မြတ်သဇင်
မော်လ်ဒယ်
အသက် (၁၅) နှစ်
နဝမတန်း၊ မူဆယ်မြို့



ညီမက အခု ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ အ.ထ.က (၂) မူဆယ်မှာ နဝမတန်းမှာ ပညာသင်ကြား နေပါတယ်။ ညီမက အနုပညာအလုပ်တွေကို ဝါသနာပါတယ်။ အနုပညာအလုပ်တွေထဲမှာ ဓာတ်ပုံရိုက်တာကို ဝါသနာပါလို့ အခု ညီမ Photo Model လုပ်နေပါတယ်။ ဓာတ်ပုံ ဆရာ ကိုအောင်ကျော်မိုး( New Image) ၊ ကိုအေးဇော်မိုး(စက်မှု) တို့နဲ့ အလှဓာတ်ပုံတွေ ရိုက်ထားတာတွေ ရှိပါတယ်။

ညီမ လက်ရှိအနုပညာလှုပ်ရှားမှုတွေ အနေနဲ့ လတ်တလောမှာ  MTV တွေရိုက်ထားတာ ရှိတယ်။ ပြက္ခဒိန်တွေ ရိုက်ထားတာလည်း ရှိတယ်။ ပြီးတော့ ကတ်တလောက်တွေအတွက်လည်း ဓာတ်ပုံတွေရိုက်ထားတာ ရှိပါတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက်လည်း ဓာတ်ပုံတွေ ရိုက်ပေးဖြစ်နေပါတယ်။

အခု ညီမက ကျောင်းတက်ဆဲ၊ (၉) တန်း ကျောင်းသူဆိုတော့ အနုပညာအလုပ်တွေကို အရမ်းကြီး မလုပ်နိုင်သေးပါဘူး။ ကျောင်းတဖက်နဲ့တွဲပြီး ကျောင်းအားတဲ့အချိန်တွေမှာ ညီမ အရမ်းဝါသနာပါတဲ့ ဒီအနုပညာ အလုပ်တွေကို အချိန်ပေးပြီး လုပ်ဖြစ်နေတာပါ။ ညီမရဲ့အိမ်ကမိသားစုကလည်း ညီမကို ဒီအလုပ်တွေလုပ်တာ သဘောတူပါတယ်။

ပြီးတော့ ညီမမှာက အနုပညာမျိုးရိုး အနေနဲ့ မမိုင်လေးရှိတယ်။ အဆိုတော် ရတနာမိုင်ပါ။ အိမ်ကလည်း အဲဒါကြောင့် ညီမကို ယုံယုံကြည်ကြည်နဲ့ အနုပညာအလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားတာပါ။ ညီမက နောင်နှစ် (၁၀) တန်းဆိုရင် စာတွေက ပိုများလာမှာဆိုတော့ ဆယ်တန်းပြီးမှပဲ ဒီအနုပညာအလုပ်တွေနဲ့ ညီမ တခြားဝါသနာပါတဲ့ အလုပ်တွေကို လေ့လာသင်ယူဖို့ စိတ်ကူးထားပါတယ်။

လောလောဆယ်မှာတော့ ညီမ အခု (၉)တန်းပြီးသွားရင် စာကိုပဲ အဓိကထားပြီး ကြိုးစားလုပ်သွားမှာပါ။ ကျောင်း တဖက်နဲ့ဆိုတော့ အချိန်တွေ သေချာခွဲပြီး သူ့အချိန်နဲ့သူပဲ လုပ်ပါတယ်။ ကျောင်းစာသင်ချိန်မှာဆိုရင် ကျောင်း စာကို သေချာအာရုံစိုက်လုပ်ပြီး၊ အနုပညာ အလုပ်တွေကိုတော့ ညီမ ကျောင်းပြီးမှပဲ သေချာဇောက်ချ၊ ကြိုးစား လုပ်သွားမှာပါ။

မမမိုင်လေး (အဆိုတော် ရတနာမိုင်) က ညီမနဲ့ ညီအစ်မဝမ်းကွဲ တော်တော့ ညီမကို အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အကူညီအများကြီး ပေးပါတယ်။ ညီမမသိသေးတဲ့ အိုက်တင်တွေကအစ အကုန် သင်ပေးပါတယ်။ ညီမရဲ့အဒေါ်၊ အန်တီမိုင် (အဆိုတော်မိုင်) ကလည်း ညီမကို လူမှုဆက်ဆံရေးအပိုင်းတွေမှာ ဘယ်လို ဆက်ဆံ နေထိုင်ရမယ် ဆိုတာတွေအကုန်လုံးကို ၊ ညီမ မသိတာအားလုံး လမ်းညွှန်ဆုံးမပေးတဲ့အတွက် ညီမမှာ အခက်အခဲကတော့ နည်းပါတယ်။

ညီမ ကျောင်းပြီးသွားရင် အနုပညာအလုပ်တွေအပြင်  လုပ်ချင်တာတခုက  စီးပွားရေး လုပ်ချင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်နေတဲ့ အမျိုးသမီးတွေဆို ညီမ အရမ်း အားကျတယ်၊ သူတို့လိုလည်း ဖြစ်ချင်တယ်၊ အဲဒီလို ဖြစ်အောင်လည်း ညီမ ကြိုးစားသွားမှာပါ။

Photo Model အလုပ်ကိုတော့ ညီမ အရမ်းဝါသနာပါတော့ ကျောင်းအားတဲ့ အချိန်တွေမှာသာ အချိန်ပေးပြီး ရိုက်ဖြစ်တာပါ။ ဓာတ်ပုံရိုက်တဲ့အခါဆို ညီမက အရမ်းဝါသနာပါလို့လား မသိဘူး၊ အိုက်တင်တွေဆို သင်လွယ်၊ တတ်လွယ်တဲ့ အထဲမှာ ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ ညီမက ချစ်စရာကောင်းတဲ့ Cute ပုံစံလေးတွေ၊ ခပ်မိုက်မိုက် စတိုင်လေးတွေ ရိုက်ရတာ ကြိုက်ပါတယ်။

ညီမက အားကစားမှာဆိုရင် ဘတ်စ်ကတ်ဘော ကစားရတာ ဝါသနာပါတယ်။ များသောအားဖြင့် ဘတ်စ်ကတ်ဘော ကစားနည်းက မိန်းကလေးတွေ သိပ်မကစားကြပေမယ့် ညီမကတော့ အဲဒီကစားနည်းကစားရတာ အရမ်းကြိုက်တယ်။ အဲဒီကစားနည်းက ကျန်းမာရေးအတွက်လည်း အများကြီးအထောက်ကူပြုစေသလို၊ လျင်မြန်ဖျတ်လတ်မှုနဲ့ အခြားသော အကျိုးကျေးဇူးတွေ အများကြီးရှိတယ်လို့ ညီမဖတ်ဖူးတယ်။

ညီမ စာတွေကျက်ပြီး ပင်ပန်းတာပဲဖြစ်ဖြစ်၊ ကျောင်းစာနဲ့ အနုပညာအလုပ်တွေကြောင့် Stress တွေ များလာတာပဲ ဖြစ်ဖြစ် ဒီကစားနည်းကို ကစားပြီး ညီမ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ပါတယ်။ ဒီကစားနည်းက ညီမတို့ လူငယ်တွေ များများကစားသင့်တဲ့ အားကစားနည်းတွေထဲက တခုလို့ ထင်ပါတယ်။ ဘတ်စ်ကတ် ဘောကစားတာက သက်လုံလည်းကောင်းစေသလို၊ အရပ်လည်းရှည်စေပါတယ်။ ညီမဆို မော်ဒယ်လ် အလုပ်လည်းလုပ်နေတော့ အရပ်ရှည်ဖို့အတွက် ဒီကစားနည်းကို ပုံမှန်ကစားဖြစ်တယ်။

ပြီးတော့ ညီမ တခြား ဝါသနာပါတာတွေက ဂစ်တာတီးတာနဲ့ ကီးဘုတ်တီးတာကို ဝါသနာပါပါတယ်။ ညီမက ဂီတကိုလည်း ချစ်တော့ အဲဒါတွေကို သေသေချာတီးတတ်ချင်ပါတယ်။ အန်တီမိုင်နဲ့ မမိုင်လေးကလည်း အဆိုတော်ဆိုတော့ ညီမက သီချင်းတွေနဲ့ မစိမ်းတာလည်း ပါတယ်။ ဒါပေမယ့် အဲဒါကို (၁၀) တန်း စာမေးပွဲ ပြီးတဲ့ အချိန်မှပဲ ဆရာတွေနဲ့ သေချာသင်ဖို့ စိတ်ကူးထားပါတယ်။

ညီမ အခုလောလောဆယ်မှာ ကျောင်းလည်း မပြီးသေးတော့ အနုပညာ အလုပ်တွေ လုပ်နေပေမယ့် ဘာမော်ဒယ်လ်သင်တန်းမှ မတက်ရသေးပါဘူး။ အခု ညီမ ဒီမှာ (၉) တန်း စာမေးပွဲ ဖြေပြီးရင်တော့ ရန်ကုန်မှာ၊ တီချယ်တင်မိုးလွင်ဆီမှာ မော်ဒယ်လ် သင်တန်းတက်ဖို့ အစီအစဉ် ရှိပါတယ်။
ညီမရဲ့ အနာဂတ် ရည်မှန်းချက်စိတ်ကူးက အောင်မြင်တဲ့ အနုပညာရှင်ကောင်းတယောက်ဖြစ်အောင် ကြိုးစားသွားမယ် ဆိုတဲ့ ရည်ရွယ်ချက်ပါ။ အဲဒီလိုဖြစ်ဖို့က ညီမ အရမ်းကို ကြိုးစားရမှာပါ။ ညီမမှာ အနုပညာ ဇွဲအပြည့်ရှိတယ်လို့ ယုံကြည်ထားတဲ့အတွက် တနေ့မှာ မဖြစ်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားပြီး လုပ်နေပါတယ်။

နယ်ပယ်ကဏ္ဍအသီးသီးမှာ ညီမလိုပဲ ကြိုးစားနေတဲ့လူငယ်တွေရှိပါတယ်။ သူတို့အပေါ် လူငယ်တယောက် အနေနဲ့ ညီမအမြင်က ဘယ်လိုရှိလဲဆိုရင် ညီမလည်း လူငယ်ထဲက လူငယ်တယောက်ဆိုတော့ လူငယ်ဆိုတာ ဖြစ်ချင်တဲ့ အိပ်မက်ရှိရမယ်၊ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် အစွမ်းကုန် ကြိုးစားရမယ်။ ဘယ်အရာကိုမဆို ပေါ့ပျက်ပျက် မတွေးထားဘဲ လေးလေးနက်နက်နဲ့ တစိုက်မတ်မတ် ကြိုးစားမယ်ဆိုရင် “မဖြစ်နိုင်တာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိတယ်” လို့ပဲ ယုံကြည်ထားပါတယ်။


သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၉ မှ ကူးယူဖော်ပြသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved