နိုင်ငံတော်သမ္မတ ပညာသင်ဆုနဲ့ ဇွန်သဉ္ဖာ

Tuesday, March 17, 2015



မော်ဒယ်လ် ဇွန်သဉ္ဖာ (ဓာတ်ပုံ- zune thinzar facebook)

လက်ရှိ ဓာတ်ပုံ မော်ဒယ်လ်လောကမှာ sexy pose တွေနဲ့ လူသိများနေတဲ့ မော်ဒယ်လ် ဇွန်သဉ္ဖာတယောက် နိုင်ငံတော် သမ္မတပညာသင်ဆုရဲ့ ရေးဖြေ စာမေးပွဲ အောင်မြင်သွားတာနဲ့ ပတ်သက်လို့ ဖေ့ဘုတ် အွန်လိုင်း စာမျက်နှာတွေထက်မှာ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ သို့လော သို့လော ဝေဖန် ပြောဆိုနေကြပါလေရဲ့။

ပိုဆိုးတာက လောလောလတ်လတ်ကာလမှာလည်း ပညာရေးဥပဒေ ပြင်ဆင်ပြောင်းလဲပေးဖို့အတွက် အပြင်းအထန် ကန့်ကွက် ဆန္ဒပြနေကြတဲ့ ကျောင်းသားအရေး မအေးခင်မှာ အခုလို သမ္မတ ပညာသင်ဆု ကိစ္စဖြစ်လာတော့လည်း ဒီလို ဝေဖန်သံတွေညံလာတာ ဆန်းမယ်မထင်ပါဘူး။

ဒီလို သမ္မတ ပညာတော်သင်ဆု ရေးဖြေ စာမေးပွဲ အောင်မြင်ခဲ့တာနဲ့ပတ်သက်လို့ ပြောဆိုဝေဖန်နေတဲ့အပေါ် မော်ဒယ်လ် ဇွန်သဉ္ဖာတယောက် ဘယ်လို တုန့်ပြန် ပြောဆိုချင်နေမလဲဆိုတာ ဧရာဝတီက စိတ်ဝင်စားမိတာ အမှန်ပါ။

ဒီတော့ ဇွန်သဉ္ဖာက ဧရာဝတီကို အခုလို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

“အဓိကကတော့ သူတို့ နားလည်မှုလွဲနေတာပေါ့နော်။ တယောက်ယောက်ကိုပဲ ကပ်ဖားပြီးတော့ပဲဖြစ်ဖြစ် အဆက်အသွယ်နဲ့ အဲ့လိုမျိုးနဲ့ အောင်နိုင်တယ်လို့ သူတို့က ထင်ထားခဲ့တာပေါ့။ စာမေးပွဲကို တကယ်ဝင်ဖြေတဲ့ သူမှသာ သိနိုင်တာပါ။ မေးခွန်းတွေလည်း ဘာမှ ကြိုသိလို့မရဘူး။ ကိုယ်ကျတဲ့ ကွန်ပြူတာမှာ ကိုယ်ထိုင် ရတယ်။ ကျတဲ့ မေးခွန်းတွေကို ဖြေရတယ်။ ပြီးတော့ 4 skills ဆိုတော့ ဘယ်သူဆီကမှ ဘာမှ မေးခွန်းလိုက် စရာလည်းမလိုဘူး။ အခြေခံ အင်္ဂလိပ်ကောင်းတဲ့သူလောက်သာ ၀င်ဖြေလို့ရတာမျိုးပါ။ ကိုယ့်မှာ အခြေခံမပိုင်နိုင်ဘူး ဆိုရင် မရပါဘူး။ ဒါပေမယ့် သူတို့က အဲ့လိုနားမလည်တဲ့အတွက် သူတို့ အထင်အမြင်လွဲပြီး တော့ ပြောတာမျိုးတွေပေါ့။ ပြီးတော့ ကျမ လုပ်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်တဲ့ဟာတွေကြောင့်လည်း အဲ့လိုမြင်တာပါ။ သူတို့ဘက်ကလည်း မှားတယ်လို့ မဆိုလိုပါဘူး။ ကျမဘက်ကနေပြီး အားပေးပြီးတော့ ပြောပေးကြတဲ့ မိန်းကလေးပရိတ်သတ်တွေရော တခြားပရိတ်သတ်တွေအများကြီးကိုတွေ့ရတဲ့အတွက် အရမ်းလည်း အံ့သြမိပါတယ်။ သူတို့ရဲ့ ကိုယ့်အပေါ်မှာ စာနာနားလည်ပေးတဲ့ စိတ်ဓာတ်ကိုလည်း အရမ်း ချီးကျူးပါတယ်။ အဲ့လို ဝေဖန်ပြောဆိုတဲ့သူတွေကျတော့ သူတို့နားလည်မှုလွဲနေတဲ့အတွက် စိတ်မကောင်း တော့ဖြစ်မိတယ်။ ဘာမှတော့ ရင်ထဲမှာ ခံစားရတာတွေတော့မရှိပါဘူး။” လို့  ပြောဆိုပါတယ်။

သမ္မတ ပညာသင်ဆုဟာ ရိုးရိုးသာမာန်ဘွဲ့ရထားသူအနေနဲ့ မဟာတန်းကို ရရှိဖို့အတွက် ၀င်ရောက်လျှောက်ထားဖြေဆိုနိုင်သလို မဟာဘွဲရရှိထားပြီး သူအနေနဲ့ကလည်း ပါရဂူဘွဲ့ ရဖို့အတွက် ၀င်ရောက်လျှောက်ထားဖြေဆိုနိုင်တာပါ။

မော်ဒယ်ဇွန်သဉ္ဖာဟာ မှော်ဘီနည်းပညာတက္ကသိုလ်က သုတနည်းပညာဘာသာရပ်နဲ့ မာစတာဘွဲ့ ရရှိထားသူဖြစ်ပြီး ပါရဂူဘွဲ့ဆက်တက်ဖို့အတွက် သမ္မတရဲ့ပညာသင်ဆု ရေးဖြေစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခဲ့ ပြီး အောင်မြင်ခဲ့တာပါ။

 ရေးဖြေ အောင်မြင်သွားသူတွေဟာ နောက်ထပ် လူတွေ့ စစ်ဆေးခြင်းအဆင့်ကို ထပ်မံ ဖြေဆိုကြရ ဦးမယ်လို့ ဇွန်သဉ္ဖာက ဆိုပါတယ်။

“နှုတ်ဖြေက ဘယ်တော့ဖြေရမယ်ဆိုတာမသိသေးဘူး။ ဒီကြားထဲမှာ ကိုယ်ရေးရာဇ၀င်ကို CV ဖောင်နဲ့ သူတို့ ၀က်ဆိုဒ်ကိုတက်ပြီးတော့ သူတို့ပေးထားတဲ့ ဖောင်လေးတခုကို ဒေါင်းပြီးတော့ ဖြည့်ပြီး ပို့ပေးရမယ် ပြောတယ်။ ဒီလ ၂၀ ရက်မတိုင်မီလေ။ အဲ့ဒီဖောင်တင်ပြီးရင်တော့ သူတို့လူတွေ့ခေါ်မယ်ထင်တယ်။ ဒီ စာမေးပွဲအတွက် ဖောင်တင်တာက အယောက် ၁ သောင်းကျော်လောက်ရှိတယ်။ ၀င်ဖြေတာက အယောက် ၅ ထောင်ကျော်ပေါ့ နော်။ အဲ့ဒီထဲကမှ အခု ရေးဖြေအောင်တာတွေက အယောက် ၇၀၀၊ ၈၀၀ လောက်ရှိပါတယ်။ အဲ့ဒီ ၇၀၀၊ ၈၀၀ လုံးကို လူတွေ့စစ်မှာလား။ ထပ်ပြီးတော့ ဘယ်လိုဖြတ်ဦးမလဲဆိုတာတော့ အတိအကျမသိသေးဘူး။” လို့ သူက ဆက်ပြောပါတယ်။

ဇွန်သဉ္ဖာ နာမည်ပါဝင်တဲ့ ရေးဖြေအောင်စာရင်း (ဓာတ်ပုံ- zune thinzar facebook)

ဒီလို လူတွေ့စစ်ဆေးခြင်းအောင်မြင်သွားခဲ့လို့ နိုင်ငံတကာက ကျောင်းတွေဆီသို့ သွားရောက်ပြီး ပါရဂူဘွဲ့ကို ဆက်တက်ဖြစ်မလားလို့ မေးကြည့်တော့

“ကျမကတော့တက်ချင်တယ်။ ဒါပေမယ့် ကျမဖြစ်ချင်တာပေါ့နော်။ ဖြစ်နိုင်မဖြစ်နိုင်တော့ မသိဘူး။ ကျမရဲ့ ဆန္ဒကတော့ ရန်ကုန်မှာပဲ ဒေါက်တာဘွဲ့တက်လို့ရမယ်ဆိုရင် ကျမအတွက်တော့ အကောင်းဆုံးပါပဲ။ ဒီမှာ ပညာလည်းသင်မယ်။ အနုပညာအလုပ်တွေလည်း ဆက်လုပ်သွားချင်သေးတယ်။ တခြားနိုင်ငံသွားသင်ရတာ တော့ ကိုယ့်အတွက် အများကြီး အကျိုးရှိပေမယ့် အနုပညာအလုပ်တွေကို စွန့်လွှတ်ရမှာဖြစ်တဲ့အတွက် ရန်ကုန်မှာပဲ ဆက်သင်လို့ရရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့ကြေငြာထားတာတော့ နိုင်ငံတကာကို လွှတ်မယ်။ အဲ့ဒီမှာ ၃ နှစ်ဖြစ်ဖြစ် ၄ နှစ်ဖြစ်ဖြစ် တက်ရမယ်ပေါ့။ တက်ပြီးသွားလို့ ပြန်လာရင် နိုင်ငံအတွက် ဘယ်နှစ်နှစ်လည်းမသိဘူး စာချုပ်ချုပ်ရမယ်။ အဲ့လို စာချုပ်နဲ့ဆိုတော့ နောက်ဆုံး နိုင်ငံခြားမှာပဲ သွားတက်ရမယ်ဆိုရင်တောင် သွားတက်ဖြစ်မလား ဒါမှမဟုတ် ဒီမှာပဲ အနုပညာအလုပ်တွေ လုပ်ဖြစ်မလား ဆိုတာ အခုချိန်ထိတော့ ဇဝေဇ၀ါ ဖြစ်နေပါသေးတယ်။ ဒါပေမယ့် လူတွေ့ စစ်ဆေးပွဲ အတွက်ကိုတော့ မေးမြန်းပြီးတော့ လုပ်တော့ လုပ်နေပါတယ်။ ကိုယ့်ကိုကိုယ်တော့ စိတ်က မဆုံးဖြတ်ရသေးပါဘူး။” လို့ ဧရာဝတီကို ပြောပြပါတယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၅ ရက် တုန်းက မော်ဒယ်လ်ဇွန်သဉ္ဖာတယောက် သူရပ်တည်နေတဲ့ အနုပညာအလုပ်နဲ့ ပတ်သက်လို့ သူရဲ့ခံယူချက်တွေကို ဧရာဝတီ နဲ့ မေးဖြစ်ပြောဖြစ်တာလေးအား ပြန်လည်ဖတ်ရှုနိုင်ဖို့အတွက် တင်ပြပေးလိုက်ပါတယ်။

သူကတော့ အခုလို sexy pose နဲ့ ဓာတ်ပုံမျိုးတွေ ရိုက်ကူးနေရခြင်းဟာ အနုပညာလမ်းကြောင်းမှာ အောင်မြင် ပေါက်မြောက်ဖို့အတွက် ဖြတ်လမ်းနည်းနဲ့ လုပ်ကြည့်တဲ့သဘောပါလို့ ဖြေဆိုခဲ့ဖူးပါတယ်။ အပြည့်အစုံကိုတော့ အောက်ပါ လင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဖြတ်လမ်းနည်းနဲ့ လုပ်ကြည့်တဲ့သဘော။  ။ http://burma.irrawaddy.org/celebrity/2013/09/25/48606.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved