သဉ္ဇာရွှန်းလဲ့ရည်
Social Activist
အသက် (၂၃) နှစ်၊ B.Ed
ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်မြို့။
ကျမက B.Ed နဲ့ ကျောင်းပြီးထားပေမယ့် ဆရာမတော့ မလုပ်ဖြစ်ဘူး။ ဆရာမ မလုပ်ဖြစ်ခဲ့ပေမယ့် ပညာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို စိတ်ဝင်စားတယ်။ စိတ်ဝင်စားတော့ ၂၀၁၀ မှာ ပညာရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်း Volunteer Internship Program (V.I.P) လို့ ခေါ်တယ်၊ အဲဒီအဖွဲ့လေးမှာစပြီး ပါဝင်ဖြစ်တယ်။
အဲဒီအဖွဲ့လေးက အခုဆိုရင် သက်တမ်းငါးနှစ်ရှိပြီ။ အဖွဲ့မှာ ဘာတွေလုပ်ဖြစ်လဲဆိုတော့ ပရဟိတလုပ်ငန်းတွေ၊ စာသင်တာတွေ၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေမှာ စာလိုက်သင်တာတွေ၊ ဆရာ၊ ဆရာမတွေကို TOT Training ပေးတာတွေ၊ အမြင်ဖွင့်သင်တန်းတွေလုပ်တယ်။ ပညာရေးနဲ့ ပတ်သက်ပြီးကျမ Education Project Manager အနေနဲ့ ပါဝင်ပေးနေတယ်။
ပြီးတော့ ကျမဘာတွေလုပ်နေလဲဆိုရင် ပရဟိတစိတ်ဓာတ် မြှင့်တင်ဖို့အတွက်၊ လူငယ်တွေထဲမှာ ပရဟိတစိတ်ဓာတ်ကို ရေရှည်၊ မြန်မာနိုင်ငံတိုးတက်ဖို့အတွက်ကို ကျမတို့ စဉ်းစားတဲ့အခါ လူငယ်တွေ ဘယ်လောက်ပဲတော်တော်၊ အရမ်းပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲစမတ်ကျကျ၊ သူတို့ စိတ်ဓာတ်က သူများအတွက် ဆိုတဲ့အမြင် မရှိဘူး။ တခုခုလုပ်မယ်ဆိုရင် ကိုယ်ကျိုးအတွက်ပဲ ကြည့်နေမယ်ဆိုရင် ဒီလူငယ်တွေကို ဘာမှ သုံးစားလို့ရမှာမဟုတ်ဘူး။ သူ့အတွက် သူပဲ လုပ်နေမှာပဲ။
အဲဒါကိုစဉ်းစားမိတော့ လူငယ်တွေအတွက် နိုင်ငံရေးပဲလုပ်လုပ်၊ ပရဟိတစိတ်ဓာတ်ရှိတဲ့လူက နိုင်ငံရေးလုပ်လည်း ဒါ အများအတွက်ဆိုပြီးစဉ်းစားတယ်၊ ရိုးသားတယ်၊ ဖြောင့်မတ်တယ်။ နောက်ပရဟိတပဲလုပ်လုပ် လူမှုရေးထဲမှာပဲဝင်ဝင်၊ စီးပွားရေးပဲလုပ်လုပ် ငယ်ငယ်လေးကတည်းက ပရဟိတစိတ် အခြေခံရှိတယ် ဆိုရင် သူ့ရဲ့ လုပ်ဆောင်ချက်တွေက အကျိုးရှိမယ်။ အများအတွက်လည်း ကြည့်တတ်မယ့် လုပ်ဆောင်မှုမျိုးတွေ ရှိလာမယ်။
အဲဒါမျိုးကို ကျမတို့က စဉ်းစားမိတော့ လူငယ်လေးတွေအတွက် Internship ဆိုတဲ့ အစီအစဉ်နဲ့ ပရဟိတ လုပ်ငန်းတွေကိုသင်တန်းတွေပေးတယ်။ သူတို့ကိုကျမတို့ရဲ့ Project တွေရှိတဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်း တွေမှာတာဝန်ချပေးတယ်။ ခရီးတွေ အတူထွက်တာရှိတယ်၊ အဲဒါမျိုးတွေလုပ်တယ်။ ပြီးတော့ အာဆီယံကျွမ်းကျင် စေတနာ့ဝန်ထမ်းတွေခေါ်ပြီး သူတို့နဲ့အတူ ပရဟိတလုပ်ငန်းလုပ်ဆောင်တာတွေ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်စေပြီး လေ့ကျင့်ပေးတယ်။
ကျမ ၂၀၁၃ ခုနှစ်မှာစပြီး နိုင်ငံတကာ INGO အဖွဲ့အစည်းတခုမှာ အလုပ်ဝင်နေတယ်။ အဲဒီမှာ ကျမ အဓိကဘာလုပ်ရလဲ ဆိုတော့ အစိုးရပိုင်းနဲ့ ချိတ်ဆက်ပြီးတော့ အစိုးရတွေက ဒီထက်ပိုပြီး Responsive ဖြစ်လာအောင်၊ နောက် Good Governance ဆိုတာကို အောက်ခြေလူထုအခြေခံတဲ့ ဖွံဖြိုးမှု Bottom-up Planning အတွက် သင်တန်းတွေ ပေးတယ်၊ ချိတ်ဆက်ပေးမယ်။ အဲဒီသင်တန်းတွေမှာ ကျမက ကူညီပေးတယ်။ အဲဒါအပြင်ကို ကျေးရွာမှာရှိတဲ့လူငယ်တွေကိုစုပြီး Fellowship ဆိုတဲ့ ပုံစံမျိုးနဲ့ သင်တန်းပေးတယ်။
ကျမတို့ အဓိက လုပ်ဆောင်တာက ဖွံ့ဖြိုးရေးဖြစ်စဉ်တွေမှာ လူငယ်တွေက အဓိပ္ပါယ်ပြည့်ဝစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လာဖို့အတွက်၊ အစိုးရနဲ့ ချိတ်ဆက်မှုတွေ ကောင်းလာအောင် ဆောင်ရွက်ပေးတာပါ။ အဓိကက လူငယ်ဖွံ့ဖြိုးရေးအပိုင်းတွေလည်း အများကြီးပါတယ်။ ကျမ ဒီလမ်းကြောင်းပေါ်ကို ဘယ်လိုရောက်လာလဲဆိုတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ကျမက ဗုဒ္ဓဘာသာဝင်တယောက်ဆိုတော့ ငယ်ငယ်လေးကတည်းက ဗုဒ္ဓဘုရားရှင် ဟောထားတာရှိတယ်၊ “သူတပါးအပေါ် မေတ္တာထားရမယ်” ပေါ့။
သူတပါးအပေါ် မေတ္တာထားခြင်းဟာ ကောင်းတယ်ဆိုပြီး ကျမနားလည် ယုံကြည်ထားတဲ့ အရာတခုပေါ့။ ကျမ ကျောင်းတက်နေရင်းနဲ့ ကိုယ်ကပညာရေးတက္ကသိုလ် တက်နေတာဆိုတော့ ဆရာမလုပ်ရမှာဆိုတော့ အဲဒီမှာကတည်းက ကျမဘုန်းတော်ကြီးပညာသင်ကျောင်းတွေမှာ စာသင်ပေးတယ်။
ကိုယ့်အတွက်လည်း လေ့ကျင့်ပြီးသားဖြစ်တယ်။ ကိုယ် သင်ကြားတဲ့အခါ အတွေ့အကြုံတွေရတယ်။ သူတို့ကိုလည်းသိသလောက် ဝေမျှတဲ့အတွက် သူတို့လည်းအကျိုးရှိတယ်ပေါ့။
ကျမ ၂၀၁၂ မှာ အာဆီယံဖိုရမ်ကိုသွားပြီး တက်ရောက်ခဲ့တယ်။ အဲဒီကနေ ပြန်လာတော့ ၂၀၁၂ ဒီဇင်ဘာမှာ မြန်မာတနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ “မြန်မာလူငယ်ဖိုရမ်”ကို ဦးဆောင်ကျင်းပတဲ့ အဖွဲ့ထဲမှာ ကျမပါဝင်ခဲ့တယ်။ အဲဒီမှာပါဝင်ခဲ့ပြီး အမျိုးသားလူငယ် Congress မှာလူငယ်ရေးရာမူဝါဒနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ လုပ်တယ်။ ကျမအခုလုပ်ငန်းခွင်ထဲရောက်နေပြီဆိုတော့ အလုပ်နဲ့ သက်ဆိုင်တဲ့အရာတွေကို နေ့တိုင်းလေ့လာဖြစ်တယ်။ ပြီးတော့ ကျမအမျိုးသားလူငယ် Policy နဲ့ ပတ်သက်တာတွေ လေ့လာဖြစ်တယ်။
အမျိုးသားလူငယ်ရေးရာ မူဝါဒက တခြားနိုင်ငံတွေမှာ ဘယ်လိုတွေလုပ်ဖြစ်ခဲ့လဲ၊ ပြီးတော့ ၂၀၁၃ အောက်တိုဘာမှာ အဇာဘိုင်ဂျန် (Azerbaijan) နိုင်ငံမှာ UN ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ First Global Forum on Youth Policies ဆိုတဲ့ပွဲမှာ ကျမ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားပြီးတက်ရောက်ခဲ့တယ်။ အဲဒီကပြန်လာတော့ ကျမရဲ့ လေ့လာမှုတွေပိုရှိလာတယ်။ လူငယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိုပြီး လေ့လာဖြစ်တယ်။
စာအုပ်စာတမ်းတွေ များများဖတ်တာထက်စာရင် ကျမက သင်ယူရင်းနဲ့ လေ့လာတာများတယ်။ ကျမအဓိက အနာဂတ် ရည်မှန်းချက်ကတော့ ဒီလိုလူမှုရေးလုပ်ငန်းတွေကို များများလုပ်သွားချင်တယ်။ လုပ်သွားသလောက်လည်း ထိရောက်ချင်တယ်။ တနေ့တာချင်းစီကို အဓိပ္ပါယ်ရှိရှိနဲ့ ဖြတ်သန်းသွားချင်တယ်။
လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ကဏ္ဍကိုဘယ်လိုမြင်မိလဲဆိုတော့ ကျမတို့လူငယ်တွေ ပူးပေါင်းပါဝင်မှု ဖြစ်စဉ်ကို လှေကားအဆင့်နဲ့ခွဲရင် ၈ ဆင့်မှာ မြို့ပြမှာရှိတဲ့ လူငယ်တွေက အမြင့်ဆုံး လှေကားဆိုတဲ့အဆင့်၊ လူငယ်နဲ့ လူကြီးလုပ်ဆောင်မှုတွေမှာ ဆုံးဖြတ်ချက် ချမှတ်တဲ့အခါ ဦးဆောင်လုပ်ဆောင်တဲ့အခါ မျှခြေ အခြေအနေမှာရှိနေတာ၊ Partner အဆင့်ပေါ့။ မြို့နယ် ကျေးရွာကလူငယ်တွေကတော့ လှေကားရဲ့  ဒုတိယအဆင့်ဆိုတဲ့ ဟန်ပြ Decoration အဆင့်မှာပဲ ရှိသေးတယ်။ သူတို့ရဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို နေရာပေးခြင်းအားဖြင့် မြှင့်တင်ပေးရမယ်။ မြို့ပြက လူငယ်တွေကတော့ အများကြီး ဦးဆောင်လာနိုင်တာကို တွေ့ရတယ်။
နယ်ပယ်ပေါင်းစုံမှာ ကြိုးစားနေတဲ့ လူငယ်တွေကို ဘယ်လိုမြင်မိလဲဆိုရင် လူငယ်တွေ အကုန်လုံးကတော့ ကြိုးစား နေကြတာပဲ။ ဒါပေမယ့် တခုအရေးကြီးတာက ဘာလဲဆိုတော့ “အခွင့်အလမ်းအခွင့်အလမ်း၊ အခွင့်အလမ်းမရှိဘူး အခွင့်အလမ်းလိုတယ်" ဆိုတာထက် ကိုယ်လုပ်နေတဲ့ အကြောင်းအရာမှာ ကျွမ်းကျင်ပိုင်နိုင်ဖို့ အရင် ဦးစားပေး ရပါလိမ့်မယ်။
အခွင့်အလမ်းမရှိတာ၊ လူငယ်တွေ ဖိနှိပ်ခံရတာ ၊ ဥပေက္ခာပြုခံရတာ ခုမှမဟုတ်ဘူး။ ဒါကိုလည်းပြောင်းလဲဖို့ ကြိုးစားသလို ကိုယ်ရောက်နေတဲ့နေရာမှာလည်း အကောင်းဆုံးကြိုးစားရမယ်။ ဥပမာ- Graffiti ဆွဲတယ် ဆိုရင်တောင် Graffiti ကိုသေချာအသေးစိတ် လေ့လာပြီးတော့ ကမ္ဘာ့အဆင့်မီဆွဲနိုင်တယ်ဆိုရင် သူက Professional ဖြစ်သွားတာပဲ။ အဲဒီတော့ ကျမတို့ လူငယ်တွေကိုဘယ်နေရာမှာ၊ ဘာပဲလုပ်နေလုပ်နေ ကျွမ်းကျင်လိမ္မာတဲ့ အဆင့်ထိရောက်အောင် ကြိုးစားစေချင်တယ်။ ဒါပေမယ့် အဲဒါဟာ ကောင်းသောပြောင်းလဲခြင်းဖက် သွားတာမျိုး ဖြစ်ရမယ်၊ နိုင်ငံအတွက်ကိုလည်း ကြည့်ပေးရမယ်။
လက်ရှိ မကြာသေးခင်က ဖြစ်ပွားသွားတဲ့ ကျောင်းသားသပိတ်ကိုအကြမ်းဖက် ဖြိုခွင်းခံရတာနဲ့ ပတ်သက်ပြီး ကျမသဘောထားက ဘယ်လိုရှိလဲဆိုရင် ကျမက လူငယ်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ သူတယောက် ဖြစ်တယ်၊ ပြီးတော့ လူငယ်ကွန်ရက်မှာလည်း ဦးဆောင်နေတယ်ဆိုတော့ လူငယ်တယောက် အနေနဲ့ ဘယ်လိုမြင်လဲဆိုတော့ ကျောင်းသားတွေမှာလည်း လူငယ်တွေပါဝင်နေတယ်။ သူတို့ကိုဖိနှိပ်လိုက်တာဟာ ကျမတို့ကိုဖိနှိပ်လိုက်တာနဲ့ အတူတူပဲ၊ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေကိုဖိနှိပ်လိုက်သလို ခံစားရတယ်။
ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းလိုက်တယ်ဆိုတာ ကျမတို့ လူငယ်တွေအားလုံးကို ဖြိုခွင်းလိုက်သလိုပဲ။ မြို့ပေါ်မှာ နေနေပေမယ့် ကျမတို့ မလုံခြုံသလိုခံစားရတယ်။ ဒီလိုအကြမ်းဖက် ဖြိုခွင်းလိုက်တာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် သိပ်ကိုမှားတယ်။ ဒီလူငယ်တွေရဲ့ တန်ဖိုးရှိမှုအပေါ်မှာအလေးစိုက်မှု မရှိဘူး။ လူငယ်တွေရဲ့ တောင်းဆိုမှုကို ပြန်ပြီးစကတည်းက အလေးပေးမှုမရှိဘူး၊ အဖက်ပြန်မလုပ်ဘူး။ အဖက်ပြန်မလုပ်လို့ ဒီလိုမျိုး ထိပ်တိုက်တွေ့ဆုံမှုတွေ၊ ဒီလိုနောက်ဆက်တွဲ ဆန္ဒပြမှုတွေ ဖြစ်လာတယ်။
ကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီးတော့ ကျမရေးထားတဲ့ စာရွက်ထဲမှာဆိုရင် လူငယ်တွေက တာဝန်ကျေဖို့ လိုတယ်။ အခုကျောင်းသားသပိတ်မှာဆိုရင် လူငယ်တွေကတာဝန်ကျေတယ်။ အားလုံးရဲ့ ဆန္ဒတွေကို ကိုယ်စားပြုပြီး တောင်းဆိုပေးတယ်၊ အနစ်နာခံတယ်၊ သတ္တိရှိတယ်၊ ရဲရင့်တယ်။ မြန်မာနိုင်ငံက လူငယ်တွေရဲ့ လက်ရှိအခြေအနေကို နိုင်ငံတကာက လေးစားလောက်တဲ့ အဆင့်ပါ။
ကျမနိုင်ငံတကာ ပွဲတွေသွားတိုင်း နိုင်ငံအမည်ကိုသာ အထင်သေးခံရရင်အသေးခံမယ်။ လူငယ်လှုပ်ရှားမှုနဲ့ ပက်သက်လာရင်တော့ ရင်ကော့ပြီး ပြောနိုင်တဲ့အဆင့်မှာရှိပါတယ်။ နိုင်ငံတကာကတောင် အခုဆို Campaign တွေ လုပ်ပြီးကျောင်းသားတွေကို ထောက်ခံနေတယ်။ ဒီလိုအခြေအနေမှာ ကျောင်းသားတွေကို အတုယူပြီး ကျန်တဲ့ လူငယ် တွေကလည်း သူတို့လိုမျိုးသူနဲ့ ထပ်တူတာဝန်ယူတတ်တဲ့ စိတ်ဓာတ်မျိုး၊ သတ္တိရှိတဲ့ စိတ်ဓာတ်မျိုး ဖြစ်လာစေချင်တယ်။
သီဟတိုး
"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၁၂ မှ ကူးယူဖော်ပြသည်"
( ဘယ်မှာလဲကျော်ကိုကို )
ကျောင်းသားလူငယ်တွေကိုနောက်ကနေမြောက်ပေးပြီး ကလေးတွေအဖမ်းခံရတော.မင်းဘယ်ပျောက်နေလဲ ကြောက်နေပြီလား ။ ကျောင်းသားလူငယ်တွေ သူတို.ရဲ.မိဘတွေစိတ်ဆင်းရဲနေတော.မင်းမသိချင်ယောင်ဆောင်ပြီးထွက်ပြေးနေတယ်မဟုတ်လားထွက်လာခဲ.လေမကြောက်ပါနဲ.။ ကျောင်းသားလူငယ်တွေ ကိုမင်းတို.ထိုးကျွေးပြီးတော. အဲဒီအတွက်ကြောင်.မင်းတို.ထောက်ပံကြေးဘယ်လောက်ရလိုက်လဲ သိပ်မရလိုက်လို.ခွဲပေးလိုပ်ရလို.ထပ်လုပ်ဖို.ကြံနေတာလား ။ ကျောင်းသားတွေရဲ.သွေးတွေကိုမင်းတို.ခေတိအဆက်ဆက်ဖေါက်သောက်ပြီးနံမည်ယူနေတာတွေရပ်သင်.နေပါပြီ မင်းတိုအလှည်.ရောက်တော.မနွဲ.ကြေးနော်မှတ်ထားကြ။