Nissan ရဲ့ ရောင်းအားအကောင်းဆုံး Sedan, Nissan Altima 2015

Friday, March 6, 2015



photo - www.edmunds.com


လက်ရှိ ကားဈေးကွက်မှာတော့ Nissan ရဲ့ အရောင်းရဆုံး မော်ဒယ်ကိုပြောပါဆိုရင် ဆီဒင်ထဲမှာ Altima လို့ ပြောရမှာပါ။ ဒါကလည်း တလချင်းစီရောင်းရတဲ့ ကားအစီးရေအရေအတွက်စာရင်းတွေကို ကြည့်ပြီးပြောတာပါ။ ဒါနဲ့ ဘာကြောင့် Altima က ရောင်းကောင်းနေတာလဲလို့ မေးချင်သူတွေ ရှိပါလိမ့်မယ်။ အလွယ်ဆုံးပြောရရင်တော့ ဆီဒင်တွေခေတ် ဖြစ်နေတာကြောင့်လို့ ဆိုရမှာပါ။လက်ရှိမှာ ရောင်းအားအကောင်းဆုံး ကားအမျိုးအစားကလည်း ဆီဒင်တွေ ဖြစ်နေတာကြောင့် Altima က ရောင်းအားကောင်းနေတာပါပဲ။

ဈေးကွက်ကို တချက်လောက် လေ့လာကြည့်မယ်ဆိုရင် Honda ရဲ့ Accord ဆိုရင် ဆီဒင်တမျိုးတည်း တင်မကဘဲ Coupe တွေကိုပါ ထုတ်လုပ်လို့ ရောင်းအားကောင်းနေသေးတယ် မဟုတ်လား။ နောက်ပြီးတော့ Toyota Caldina ဆိုရင်လည်း သက်တမ်း ဒီလောက်ကြာနေပြီ ဖြစ်နေတာတောင် Hatchback အဖြစ်နဲ့ရော ဆီဒင် အဖြစ်နဲ့ပါ ရောင်းအားကောင်းနေတာ တွေ့ရမှာပါ။ ဒါကြောင့်လည်း Altima က Nissan အတွက်တော့ ဆီဒင်ထဲမှာ ရောင်းအားအကောင်းဆုံးမော်ဒယ် ဖြစ်နေတာပါ။ ကောင်းပါပြီ၊ ကျနော်တို့ Altima အကြောင်းကို ဆက်ပြီးလေ့လာကြည့်ရအောင်လား။

ပြည်တွင်းဈေးကွက်

လက်ရှိ ပြည်တွင်းဈေးကွက်မှာ ရှာကြည့်မယ်ဆိုရင်တော့ Altima က နည်းနည်းအရှာရခက်ပါလိမ့်မယ်။ ဒါကလည်း Altima က ပြည်တွင်းဈေးကွက်ကို အ၀င်နည်းတာကြောင့် ဖြစ်ပါတယ်။ ဒါဆို ရောင်းအားအကောင်းဆုံးမော်ဒယ် ဖြစ်တယ် ဆိုပြီးတော့ ပြည်တွင်းဈေးကွက်မှာကျတော့ ဘာကြောင့် ရှားရသလဲလို့ ဆိုချင်သူတွေ ရှိပါလိမ့်မယ်။ ဒါကလည်း ရှင်းပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်မှာ Nissan က Showroom ကြီးကြီးမားမားမရှိတာကြောင့်ရယ်၊ နောက်ပြီး ပြည်ပကနေ ကားတင်သွင်းသူတွေကလည်း Altima ထက် ပြည်တွင်းမှာပိုပြီး ရောင်းအားကောင်းမယ့် Toyota Belta နဲ့ Honda Civic တို့လို့ မော်ဒယ်တွေကိုပဲ ဦးစားပေးတင်သွင်းနေတာကြောင့် ဖြစ်ပါတယ်။ ဒါဟာ ဈေးနှုန်းအပိုင်း တွေကြောင့်လည်း ပါပါတယ်။ ဈေးနှုန်းလည်း သိပ်မကွာသလို ပြည်တွင်းမှာပါ အလွယ်ဝယ်လို့ ရနိုင်ရင်တော့ Altima လည်း ပြည်တွင်းမှာ ရောင်းအားကောင်းလာမှာပါ။

အားသာချက်များများ

Altima ရဲ့ အဓိကအားသာချက်တွေကို ကြည့်မယ်ဆိုရင် အရှိန်မြှင့်တင်နိုင်မှု ကောင်းကောင်းနဲ့ အလတ်တန်းစား ဆီဒင်တစီးကို စီးနင်းနိုင်မှာ ဖြစ်ပြီးတော့ ဆီစားနှုန်း အပိုင်းမှာလည်း သက်သာပါတယ်။ အင်ဂျင်ပိုင်းမှာ အရွယ်အနည်းငယ် ကြီးပေမယ့် စွမ်းဆောင်ရည်ပိုင်းကတော့ V Series တွေလောက်ကို ရှိပါတယ်။ နောက်ပြီးတော့ အင်ဂျင်ရဲ့ အသံအပိုင်း ကလည်း V Series တွေလိုမျိုး အသံထွက်ကောင်းမွန်တာ တွေ့ရသလိုလက်ရှိ ပြည်တွင်းမှာလူငယ်တွေ အကြိုက်များတဲ့ Sport ဆန်တဲ့ ဒီဇိုင်းမျိုး ချိုးဆစ်ထားတာ တွေ့နိုင်ပါတယ်။ ထိုင်ခုံတန်းတွေကို ဖန်တီးထားမှု ဒီဇိုင်းကောင်းမွန်သလို ခရီးဝေးသွားလာမှုတွေ အတွက်ပါ အဆင်ပြေစေမယ့် တည်ဆောက်မှုမျိုး တွေ့ရပါတယ်။ နောက်ပြီးအတွင်းပိုင်း အသုံးပြုပစ္စည်းတွေ အရည်အသွေးကောင်းမွန်တာကြောင့် ရေရှည်အတွက် စိတ်ချရမှာလည်း ဖြစ်ပါတယ်။

အားနည်းချက် နည်းနည်း
တန်ကြေးသင့် ဆီဒင်တစီးအတွက်တော့ အားနည်းချက် နည်းတယ်၊ သင့်တယ် ဆိုတဲ့ အချက်နဲ့တင် လုံလောက်နေပါပြီ။ ဒါပေမယ့် သိသာမယ့် အချက်ကလေးတချို့ကိုပြောရမယ်ဆိုရင် အတွင်းခန်းတည်ဆောက်ပုံအနည်းငယ် ကျဉ်းမြောင်းတာကြောင့် ခရီးဝေး အမြဲတမ်းသွားလာတတ်သူတွေအတွက် အဆင်ပြေပါ့မလားဆိုတဲ့ တချက်ကို ကြိုတွေးရပါလိမ့်မယ်။ နောက်တချက်ကတော့ အင်ဂျင်ပိုင်းအနည်းငယ် ကြီးမားတာကြောင့် အရှိန်များများ၊ အင်ဂျင် အလုပ်များများခိုင်းလာပြီဆိုရင် မလိုလားအပ်တဲ့ အင်ဂျင်သံတချို့ ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် အရှိန်ပြင်းပြင်း မောင်းနှင်နေချိန်တွေမှာတော့ အဲဒီဆူညံသံက သူ့ အလိုလိုပျောက်သွားနိုင်ပါတယ်။ နောက်တချက်ကတော့ Altima ကို Coupe အဖြစ်နဲ့ပါ ရနိုင်တာတွေ့ရပေမယ့် ဆီဒင် မော်ဒယ်လောက်တော့ ဆီစားနှုန်းမသက်သာပါဘူး။

သင့်တင့်တဲ့ အရွယ်အစား
Altima က အလတ်တန်းစား ဆီဒင်လို့ဆိုနိုင်မှာ ဖြစ်သလို Compact တန်းဝင် မော်ဒယ်လို့လည်းခေါ်နိုင်ပါတယ်။ အရောင်အပိုင်းမှာတော့ စုစုပေါင်းအရောင် ၈ရောင်ပဲ ထုတ်လုပ်တာ တွေ့နိုင်ပြီးတော့ အတွင်းဖက်ပိုင်းမှာက အထည်ဦးစားပေး တည်ဆောက်ပုံသုံးမျိုးရနိုင်မှာပါ။ ကားရဲ့ အလျားက ၁၅ပေနဲ့ ၁၁လက်မခွဲရှိမှာ ဖြစ်ပြီးတော့ မျက်နှာစာ အကျယ် အပိုင်းမှာ ၆ပေ ကွက်တိရှိမှာ ဖြစ်ပါတယ်။ Altima ရဲ့ အမြင့်က Sport ဆန်တဲ့ ကိုယ်ထည်ကြောင့် ပုံမှန်ထက် နိမ့်တာ တွေ့နိုင်ပြီး ၄ပေနဲ့ ၁၀လက်မကို တစိတ်လျော့ဦးမှာပါ။ အတွင်းခန်းအပိုင်းမှာ ရှေ့ဖက်ခန်းက ၅၆လက်မခွဲ နီးပါးနဲ့ နောက်ဖက်ခန်းမှာတော့ ၅၆လက်မ စွန်းစွန်း ရှိတာကြောင့် အရမ်းကြီးတော့ မကျဉ်းလှပါဘူး။ အလေးချိန် အပိုင်းမှာတော့ ထူးထူးခြားခြား Altima က အလေးချိန် စီးတယ်လို့ ဆိုနိုင်မှာ ဖြစ်ပြီး ပေါင် ၃၁၀၈ ပေါင် ရှိပါတယ်။ အများဆုံး ၀န်တင်ဆောင်နိုင်မှု ကတော့ ပေါင် ၉၅၀ ပါ။

အင်ဂျင်ကြီးကြီး

အင်ဂျင်အပိုင်းမှာတော့ ၂.၅လီတာ သုံးပုံမှန်လေးလုံးထိုးအင်ဂျင်ကို တပ်ဆင်ထားတာ တွေ့နိုင်ပြီးတော့ ဒီ အရွယ်အစားက လေးလုံးထိုးအင်ဂျင်ထဲမှာတော့ အကြီးဆုံးအရွယ်အစား ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ လည်ပတ်အား တမိနစ်ကို အပတ်ရေ ၄၀၀၀ မှာ အင်ဂျင်ရဲ့ ရုန်းအား ၁၈၀ပေ-ပေါင်ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၁၈၂ ကောင်အား ဖြစ်တာကြောင့် ကောင်းတယ်လို့ ဆိုရမှာပါ။ အင်ဂျင်ရဲ့ တမိနစ် အမြင့်ဆုံးလည်ပတ်နှုန်းက အပတ်ရေ ၆၀၀၀ ထိအောင် ဖြစ်တာမို့ နည်းနည်းများတယ်လို့ ဆိုရမှာ ဖြစ်ပြီး Drive ပိုင်းမှာရှေ့ဘီးယက် စနစ်နဲ့ သွားမှာ ဖြစ်ပါတယ်။ Transmission ပိုင်းမှာက Continuously Variable-speed Automatic စနစ်နဲ့ ဖန်တီးထားတာကြောင့် အမျိုးသမီးတွေ မောင်းနှင်မယ်ဆိုရင်လည်း အဆင်ပြေလွယ်ကူစေမယ့် စနစ်ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်ကလည်းလူငယ်တွေ လိုချင်သလိုစိတ်ကြိုက် အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းမှာတော့ အနည်းငယ် အားနည်းသွားမှာ ဖြစ်ပါတယ်။

သိထားသင့်တာတွေ
Turning Circle အပိုင်းမှာ ၃၆ပေကျော် ရှိမှာ ဖြစ်လို့ Compact တန်းဝင် မော်ဒယ်အတွက်တော့ အားနည်းတယ်လို့ ဆိုနိုင်မှာမဟုတ်ပါဘူး။ Suspension ပိုင်းမှာ MacPherson ကိုပဲ အဓိကထားပြီး ထိုင်ထားသလို Stablizer တွေလည်း ကူထားတာတွေ့ရပါတယ်။ ဆီစားနှုန်းအပိုင်းမှာ ဆီတဂါလံကို ပျမ်းမျှ ၃၃မိုင်ထိအောင် စီးနင်းနိုင်မှာ ဖြစ်တာကြောင့် ၂.၅ လီတာသုံး အင်ဂျင်တပ်မော်ဒယ် အတွက်တော့ ကောင်းမွန်လှပါတယ်။ City အတွက်ဆိုရင် ၂၇မိုင်နှုန်းနဲ့ Highway အတွက်ဆိုရင်တော့ ၃၈မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ခရီးသည် ငါးယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်မယ့် ဆီဒင်တန်းဝင်မော်ဒယ် ဖြစ်ပြီးတော့ အာမခံအပိုင်းမှာ ၃နှစ်၊ ၃၆၀၀၀မိုင်ထိအောင် ပေးထားပါတယ်။ ဒီ အာမခံပမာဏနှုန်းက ပုံမှန် ဈေးကွက်ပြိုင်ဖက် ဖြစ်တဲ့မော်ဒယ်တွေနဲ့စာရင်တော့ အနည်းငယ် အားနည်းတယ်လို့ ဆိုရပါလိမ့်မယ်။


လင်းထက် (IA)


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၉ မှကူးယူဖော်ပြသည်"






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved