ပဲရစ်မြို့က ပြတိုက်တွေမှာ Selfie တုတ် အသုံးပြုမှုတားမြစ်ဖို့ စီစဉ်နေ

Tuesday, March 10, 2015



photo- bangkok post.com


ခရီးသွားလည်ပတ်မှုအများဆုံးမြို့တော်တခုဖြစ်တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ပြတိုက်တွေမှာ လတ်တလေ ပေါ်ပြူလာဖြစ်နေတဲ့ Selfie တုတ် အသုံးပြုခြင်းကို တားမြစ်ဖို့ အစီအစဉ်ရေးဆွဲနေပါ တယ်။ ဒါဟာ ပြတိုက်မှာထားရှိတဲ့ အနုပညာလက်ရာတွေနဲ့ လာရောက်ကြတဲ့ လူထုတွေအတွက် လုံခြုံမှု လျော့နည်းလာခြင်းကြောင့်ပါတဲ့။ Selfie တုတ် အသုံးပြုရခြင်းကို နှစ်သူတွေအတွက် သတင်းဆိုးတခုလို့ ဆိုရမလိုဖြစ်နေပါပြီ။

ပြင်သစ်နိုင်ငံရဲ့ မြို့တော်အနီးမှာရှိတဲ့ ဗာဆဲလ်စ် အထင်ကရနန်းတော်ရဲ့အတွင်းမှာ selfie တုတ်တွေကို အသုံးပြုပြီး ဓါတ်ပုံမရိုက်ကြဖို့ အစောင့်ဝန်ထမ်းတွေက လာရောက် လေ့လာသူများကို သတိပေးတားမြစ်စကားတွေ ပြောလာခဲ့ပါပြီ။ တရားဝင်တားမြစ်တဲ့ ဆိုင်းဘုတ်တွေကိုလည်း မကြာခင် နန်းတော်အ၀င်ဝမှာ ထားရှိတော့မှာပါ။

ကမ္ဘာ့ လေ့လာလည်ပတ်မှုအများဆုံးပြတိုက်ဖြစ်တဲ့ လူဘရာ ပြတိုက်ရဲ့ စီမံခန့်ခွဲရေး အဖွဲ့ကလည်း Selfie တုတ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာမှုကို သတိကြီးစွာ စောင့်ကြပ်နေရပါတယ်တဲ့။  အဲဒီ Selfie တုတ်တွေဟာ  အဖိုးမဖြတ်နိုင်တဲ့ ဆေးရေးပန်းချီတွေအနား သီသီလေး ဖြတ်သွား တတ်တာကြောင့်လည်း သတိတကြီးစောင့်ကြည့်နေရတာဖြစ်ပါတယ်။

ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးကတော့  selfie တုတ် အသုံးပြုမှုတွေကို တားမြစ်ထားခြင်း မရှိသေးပေမယ့် အသုံးပြုတဲ့သူတွေကတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုပါတယ်။ “Selfie တုတ်တွေကို အသုံးပြုပြီး ဆေးရေးပန်းချီတွေ၊ ရုပ်ထုတွေကိုတော့ ညွှန်ပြတာမျိုးတွေ မလုပ်သင့်ဘူးပေါ့” လို့ဆိုထားပါတယ်။

ခေတ်သစ် အနုပညာလက်ရာတွေကို ခင်းကျင်းပြသထားတဲ့ ပွန်ပီဒေါ့စ်စင်တာရဲ့ စီမံခန့်ခွဲရေး အဖွဲ့ကတော့ “ဆုံးဖြတ်ချက် မချရသေးပေမယ့် အဲဒီ ကိရိယာကို အသုံးမပြုဖို့ ထားမြစ်ရန် အစီအစဉ် ရှိပါတယ်”လို့ ဆိုထားပါတယ်။

ဝါရှင်တန်မြို့တော်က စမစ်ဆိုးနီးယန်၊ နယူးယောက်မြို့တော်က MOMA နဲ့ ကင်ဘာရာရှိ သြစတြေးလျ အမျိုးသားပြခန်းများ အစရှိတဲ့ ကမ္ဘာ့နံမည်ကြီး ပြတိုက်အများအပြားဟာ အခုနှစ်က စတင်ပြီး Selfie တုတ်တွေကို ပြတိုက်အတွင်း အသုံးမပြုဖို့ စတင်တားမြစ်နေပြီ ဖြစ်ပါတယ်။

အဲဒီ Selfie တုတ်ဟာ ၁.၅ မီတာအထိဆန့်ထုတ်နိုင်တဲ့ အလူမီနီယံတုတ်တစ်ခုဖြစ်ပြီး စမတ်ဖုန်းများ၊ ကင်မရာများကို ချိတ်တွဲတတ်ဆင် အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာရေပန်းစားလျက်ရှိပြီး နေရာတိုင်းလိုလိုမှာ တွေ့နေရလို့ လေ့လာရေးခရီးသွားတွေ selfie တုတ်ကို အသုံးပြုပြီး ဟိုဟိုဒီဒီသွားလာနေတာကို တွေ့ရတဲ့မြင်ကွင်းဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။

ပဲရစ်လိုနေရာမျိုးမှာရှိတဲ့ ပြတိုက်တွေမှာတော့ selfie တုတ်တွေ အသုံးပြုခြင်းကို တားမြစ်ခြင်းက  ဂယက်ရိုက်နိုင်ဖွယ်ရှိပါတယ်။ ပဲရစ်မြို့တော်ဟာ ယဉ်ကျေးမှုနဲ့ သမိုင်းကို နှစ်သက်သူတွေ လည်ပတ်ဖို့အတွက် အကောင်းဆုံးနေရာလည်း ဖြစ်ပါတယ်။ လူဘရာ၊ ဗာဆဲလ်စ်၊ ပွန်ပီဒေါစ်စင်တာနဲ့ မြူဆေးဒီအော်စေး အစရှိတဲ့ အထင်ကရရှိတဲ့ နေရာတွေကို နှစ်စဉ် သွားရောက် လေ့လာသူပေါင်း သန်း(၂၀)ခန့်ရှိပါတယ်။

လူသွားလူလာ ထူထပ်တဲ့နေရာမှာ သွားလာနေသူတွေကို အထိအခိုက်မရှိစေဖို့နဲ့ ထိခိုက်လွယ်တဲ့ ပန်းချီတွေ၊ ရုပ်ထုတွေ၊ နန်းတော်အတွင်းမှာရှိတဲ့ အသုံးအဆောင် အခင်းအကျင်းတွေကို မထိခိုက်မစေဖို့ selfie တုတ်ကို အသုံးမပြုရန်တားမြစ်ရခြင်း ဖြစ်ပါတယ်။  ခရီးသွား အများစုကတော့ selfie တုတ်ကို ဘာကြောင့် အသုံးပြုခွင့်မပေးလဲဆိုတာကို နားလည်ကြပါတယ်။

ဂျူလီယမ်းနား လီပူတာ ဂါရာဗီနီဆိုသူ ဘရာဇီးလူမျိုးခရီးသွားအမျိုးသမီးတစ်ဦး ကတော့ “လူအများသွားလာနေတဲ့ ပြင်ပနေရာမျိုးမှာတော့ selfie တုတ်ကို အသုံးပြုတာ ပြဿနာသိပ်မရှိပါဘူး။ ဒါပေမယ့် ပြတိုက်လိုနေရာမျိုးမှာတော့ အဲဒီတုတ်ကို အသုံးပြုရင် အခြားသူတွေကို အနည်းနဲ့အများ စိတ်အနှောက်အယှက်ဖြစ်စေလိမ့်မယ်လို့ ထင်ပါတယ်” လို့ ထင်မြင်ချက်ပေးထားပါတယ်။

ဟာဝိုင်ရီက လာရောက်လည်ပတ်သူ အယ်လစ်စာ ပက်စကွာဆိုသူ အမေရိကန် နိုင်ငံသားတစ်ဦးကတော့ “ကျွန်မလည်း selfie တုတ်အသုံးပြုသူတစ်ဦးပါ။ ပြတိုက်တွေထဲမှာ အသုံးမပြုဖို့ တားမြစ်တာကိုလည်း ဘယ်လိုမှ သဘောမထားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မတော်တဆများ တစ်စုံတစ်ယောက်ကို ထိခိုက်မိတာပဲ ဖြစ်ဖြစ်၊ ရုတ်တရက် တစ်ခုခုကို ထိခိုက်မိလို့ ‘အမလေး..ဘုရားရေ’လို့ တနေမှာကို စိုးရိမ်ရလို့ ကျွန်မကတော့ selfie တုတ်ကို ပြတိုက်ထဲမှာ အသုံးပြုရတာ အန္တရာယ်ရှိတယ်လို့ မြင်မိပါတယ်” လို့ ဆိုထားပါတယ်။

မလေးရှားနိုင်ငံက ခရီးသွားတစ်ဦးဖြစ်သူ အီဇက် အက်စရီဆိုသူကတော့ ပဲရစ်မြို့ ပြတိုက်တွေမှာ ရှိနေတဲ့ အဖိုးအတန်ဆုံးအချိန်တွေကို အကျိုးအရှိဆုံး ဖြစ်ချင်လို့ Selfie တုတ်ကို အသုံးပြုလိုတယ်လို့ ဆိုထားပြန်ပါတယ်။ “ ကျွန်တော်က ပြတိုက်ထဲမှာ Selfie တုတ်နဲ့ ဓါတ်ပုံတွေလိုက်ရိုက်ပြီး ကျွန်တော့်နေတဲ့ မလေးရှားနိုင်ငံမှာ ရှိတဲ့လူတွေကို ပြတိုက်ထဲမှာ ဘာတွေ ရှိတယ်ဆိုတာကို ပြချင်တာဗျ” လို့ ဆိုပါတယ်။

ပြတိုက်မန်နေဂျာများ အနေနဲ့ကတော့ ရောက်တဲ့နေရာမှာ မှတ်တမ်းတင်လိုတဲ့ ခရီးသွားတွေရဲ့ ဆန္ဒကိုလည်း နားလည်ပေးရပါတယ်။ ဓါတ်ပုံတွေကို လူမှုစာမျက်နှာတွေမှာ ပြန်လည်ဖော်ပြ တော့လည်း ပြတိုက်အကြောင်း ကြော်ငြာပြီး ဖြစ်သလို တစ်ဖက်မှာလည်း ပြတိုက်အတွင်း လုံခြုံဘေးကင်းရေးနဲ့ ပြတိုက်ထဲမှာ လာရောက်လည်ပတ်သူတွေအချင်းချင်း ပိတ်ဆို့နေတာမျိုး မဖြစ်အောင်တော့ မျှမျှတတ ထိန်းသိမ်းနေရပါတယ်။

ပါရီမြို့မှာရှိတဲ့  မြူဆေးဒီအော်စေး ပြတိုက်အတွင်းမှာတော့ ဓါတ်ပုံရိုက်ခြင်းကို တားမြစ်ထားပါတယ်။ အခြားသော ပြတိုက်တွေထဲမှာတော့ ဓါတ်ပုံရိုက်ယူရာမှာ ထောက်တိုင်များကို အသုံးပြုခွင့် ပေးထားပေမယ့် ဖလက်ရှ်အလင်းကို အသုံးပြုခွင့် မပေးထားပါဘူး။ ဒါ့အပြင် ခေါက်ထီးမဟုတ်တဲ့ ထီးကြီးတွေ၊ ကလေးတွန်းလှည်းတွေ၊ အထုပ်အထည်နဲ့ ကျောပိုးအိတ်ကြီးတွေကိုတော့ ပြတိုက်ထဲကို ယူမသွားဖို့ ပြတိုက်အတော်များများက တားမြစ်ထားပါတယ်။

ပြင်သစ်ယဉ်ကျေးမှုဌာနကလည်း တစ်ခါတစ်ရံမှာ စိတ်အားထက်သန်လွန်းတဲ့ အပျော်တမ်း ဓါတ်ပုံဆရာတွေကြောင့် ပြတိုက်အတွင်းမှာ ပြဿနာဖြစ်တတ်ကြတယ်လို့ ထုတ်ဖော်ပြောဆို ထားပေမယ့် Selfie တုတ် သုံးစွဲခြင်းအပေါ်မှာတော့ တစ်စုံတစ်ရာ သတ်မှတ်ပြောဆိုထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/world/491130/paris-museums-plan-to-ban-selfie-sticks

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved