ဂျစ်ကားသင်္ကြန်ပျောက်ပြီး ပစ်ကပ်ကားသင်္ကြန်လာပြီ

Friday, April 10, 2015


photo - The Irrawaddy

ဟိုးအရင်က သင်္ကြန်လည်ရာမှာ ရေပန်းစားခဲ့တဲ့ စက်မှုဇုန်ထုတ် ဂျစ်ကားတွေနေရာမှာ ဂျပန်လုပ် လေလံကားတွေ အစားထိုး ၀င်ရောက်လာပြီး ဒီနှစ်အတွက် ရေပန်းစားနေတယ်လို့ သင်္ကြန်ကားအငှားဈေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။

ဂျပန်လေလံကားတွေ တင်သွင်းမှု ဖောဖောသီသီ မများခင်ကာလတွေတုန်းက စက်မှုဇုန်ထုတ်ကားတွေ ဖြစ်တဲ့ ဂျစ်ကားတွေဟာ သင်္ကြန်ရေပက်ခံထွက်လည်တဲ့နေရာမှာ ရေစိုခံအကြမ်းခံပြီး အဆင်ပြေတဲ့အတွက် ဂျစ်ကား သင်္ကြန်လို့တောင် ဆိုရမယ့် အခြေအနေ ဖြစ်ခဲ့ရပါတယ်။

နောက်ပြီး အဲဒီနှစ်တွေတုန်းက စက်မှုဇုန်ထုတ်ကားတွေဖြစ်တဲ့ ဂျစ်ကားအပြင် လိုက်ထရပ်ကားတွေဟာလည်း သင်္ကြန်ရောက်လာပြီဆိုရင် သင်္ကြန်ကားအငှားဈေးကွက်မှာ အလုပ်ဖြစ်ခဲ့တဲ့ ကားအမျိုးအစားတွေလို့ ဆိုနိုင်ပါတယ်။

“ အခုတော့ ဇုန်ထုတ်ဂျစ်တွေက မရှိသလောက် ရှားသွားပြီ။ ဒီနောက်ပိုင်း နှစ်တွေမှာပစ်ကပ်ကား အမျိုးအစားအသစ်တွေ ဈေးကွက် ပိုကောင်းလာပြီ။ သင်္ကြန်မှာဆိုရင် ဒီနှစ် ပစ်ကပ်ကားတွေနဲ့ပဲ လည်ကြဖို့များတယ်” လို့ ကားပွဲစားတဦး ဖြစ်သူ ဦးဆန်းဦးက ပြောပါတယ်။

ခုနေအခါမှာတော့ အရင်က ကားအိုကားဟောင်းတွေကို ပြန်လည်အပ်နှံပြီး အသစ်တင်သွင်းမှုတွေကြောင့် အရင်က ရေပန်းစားခဲ့တဲ့ ဂျစ်ကားတွေ မရှိသလောက် နည်းသွားပြီးသူတို့နေရာမှာ မော်ဒယ်အသစ် ပစ်ကပ်ကားတွေက နေရာယူလာကြပြီလို့ သိရပါတယ်။




ဒီနှစ်သင်္ကြန်မှာဆိုရင် အသစ်ဝင်လာတဲ့ ပစ်ကပ်အမျိုးအစားကားတွေထဲက Hyundai Porter ၊ Mazda Bongo၊ Daihatsu Hijet အမျိုးအစားတွေအပြင် Suzuki  Carry Pick up တွေနဲ့လည်း ရေပက်ခံထွက်လည်နိုင်သလို အရင် နာမည်ရပြီးသား ပစ်ကပ်ထရပ် အမျိုးအစားတွေထဲကTownace၊ Lightace တွေနဲ့လည်း သင်္ကြန်ရေပက်ခံ ထွက်လည်နိုင်ပါတယ်။

“ သင်္ကြန်လည်ဖို့ ကြံ့ခိုင်တဲ့ ကားဆိုရင် ဟွန်ဒိုင်းက ပိုမာတယ်။ လူဦးရေလည်း များများဆန့်တယ်။ နောက်ပြီး ပုစင်းခေါင်းလိုက်ထရပ်တွေလည်း သင်္ကြန်လည်လို့ ကောင်းတယ်။ ဆူဇူကီးလို ကားတွေကတော့ မိသားစုလောက်ပဲ ကောင်းတယ်။ အဓိကကတော့ သင်္ကြန်လည်မယ်ဆို ကားရဲ့ ကြံခိုင်မှုနဲ့ ညီမျှတဲ့ လူဦးရေလောက်နဲ့ပဲ လည်ပတ်သင့်တယ်” လို့ ကားအငှားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုမျိုးမင်းထွန်းက ဆိုပါတယ်။

ဒါပေမယ့် ကားဟောင်းတွေ နေရာမှာ ကားအသစ်တွေ အစားထိုးဝင်လာသလို နည်းမျိုးစုံနဲ့ ကားတွေ တင်သွင်းခွင့် ရလာပြီး နောက်ပိုင်းမှာ သင်္ကြန်ကားအငှားဈေးကွက်ဟာ သိသိသာသာကျဆင်းခဲ့ပါတယ်။

 သိန်း ၅၀ ကျော်ကျော် ရှိနေရုံနဲ့ လုပ်ငန်းသုံးကားအသေးတစီးလောက် ရနေတဲ့အတွက် အလယ်အလတ် လူတန်းစားအများစုရဲ့ အိမ်တွေမှာလည်း ဇိမ်ခံကား မဟုတ်ရင်တောင် လုပ်ငန်းသုံးကားတစီးလောက်တော့ ပိုင်ဆိုင်နေတာကို တွေ့ရပါတယ်။

အဲဒီအခါ မိသားစု၊ ဆွေမျိုးလောက်ပဲ သင်္ကြန်လည်မယ်ဆိုရင် လက်ထဲရှိနေတဲ့ ကားတွေကိုပဲ အသုံးပြုလာတဲ့အတွက် အရင်လိုသင်္ကြန်ကားသီးသန့်ငှားပြီးလည်တာမျိုးက ပိုပိုပြီးနည်းပါးလာတာ ဖြစ်ပါတယ်။

“ အခုအချိန်က ကားဈေးစုံစမ်းကြတဲ့ အခြေအနေပဲရှိသေးတယ်။ ကားဈေးနှုန်းတွေက အတိအကျ မဖြစ်သေးဘူး။ မနှစ်က သင်္ကြန်လည်ပတ်ရက်နီးမှ Townace Light Truck ကားငှားခတရက်နှုန်းကကျပ်တသိန်းခွဲကျော်လောက် ပေါက်တယ်။ အခုနေက ဈေးလုံးဝ ပြောလို့ မရနိုင်သေးဘူး” လို့  Light Truck ကားသီးသန့်ငှားရမ်းတဲ့လုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုစိန်အောင်လင်းက ဆိုပါတယ်။

လာမယ့် သင်္ကြန်တွင်းမှာ လည်ပတ်မယ့် ကားတွေရဲ့ ဈေးနှုန်းတွေကို ကြည့်မယ်ဆိုရင် ကားအမျိုးအစားအလိုက် အမျိုးမျိုးကွာခြားနိုင်ပေမယ့် တမျိုးနဲ့တမျိုးက နှစ်သောင်း၊ သုံးသောင်းခန့်လောက်ပဲ ကွာခြားမှု ရှိမယ်လို့ ကားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသူတချို့ရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

သင်္ကြန်ရေပက်ခံကားအငှား (၁ရက်စာအတွက်) ဈေးနှုန်းများ
ဆူဇူကီးပစ်ကပ်      - ၇၀၀၀၀ ၀န်းကျင်
မာဇဒါဘွန်ဂိုပစ်ကပ် - ၁၅၀၀၀၀ ၀န်းကျင်
ဒိုင်ဟတ်ဆုဟိုင်းဂျက် ပစ်ကပ် - ၁၅၀၀၀၀ ၀န်းကျင်
ဟွန်ဒိုင်းပေါ်တာပစ်ကပ် - ၁၈၀၀၀၀ ၀န်းကျင်
တောင်းအေ့စ်လိုက်ထရပ် - ၁၅၀၀၀၀ ဝန်းကျင်
တောင်းအေ့စ် (ပုစင်းခေါင်း)  - ၁၇၀၀၀၀ ၀န်းကျင်
 ခန့်မှန်းခြေပျမ်းမျှဈေးနှုန်းများ ဖြစ်၍ ဈေးနှုန်းအပြောင်းအလဲရှိနိုင်သည်။


သူဇာ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved