သင်္ကြန်ရေကစားဖို့ လိုတာတွေ ကြိုစုကြမယ်

Thursday, April 9, 2015


ဓာတ်ပုံများ - ဂျေပိုင် / The Irrawaddy

မကြာခင်ရက်ပိုင်း အတွင်းမှာပဲမြန်မာ့ရိုးရာ နှစ်သစ်ကူး အတာရေသဘင် မဟာသင်္ကြန်ပွဲတော် အချိန်အခါ ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်၂၀၁၅ သင်္ကြန်က မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်ကနေ ၁၃၇၇ ခုနှစ်ကို ကူးပြောင်း တဲ့  နှစ်သစ်ကူးချိန်ခါပဲ ဖြစ်ပါတယ်။

သင်္ကြန်ဆိုရင် မရောက်ခင်တလလောက် အလိုကတည်းက သင်္ကြန်ပိုးပါသူတွေ၊ သင်္ကြန်မှာ ပျော်တတ်သူတွေအတွက် သင်္ကြန်ကိုဘယ်လိုဖြတ်သန်းမလဲ၊ သင်္ကြန်ကို ဘယ်မှာကုန်ဆုံးမလဲဆိုပြီး အစီအစဉ်တွေ ကြိုတင်ဆွဲလို့ပျော်ရွှင်ရတဲ့ အချိန်ပါပဲ။


 ဧပြီလ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်ဆိုပြီး လေးရက်တာ ရေကစား ကျင်းပကြမယ့် ခါသင်္ကြန်ပွဲတော်အတွက် ဒီအချိန်ဆို သင်္ကြန်သီချင်း၊ သင်္ကြန်တီးလုံးတွေ နေရာအနှံ့မှာ ကြားနေရပြီပေါ့။

ရှော့ပင်းစင်တာတွေ၊ Gift Shop၊ Fancy Shop၊ Fashion Shop တွေမှာလည်း သင်္ကြန်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းတွေ၊ အဆင်တန်ဆာ Accessories ပစ္စည်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရောင်းချနေတဲ့ အချိန်ကာလပါပဲ။


 သင်္ကြန်မှာ လန်းဖို့ဆိုရင်သင်္ကြန်မှာ ရှိုးထုတ်ဖို့ အလှတပ် နေကာမျက်မှန် ဒီဇိုင်းအလန်းတွေ၊ တချို့က ဆံပင်တု၊ တချို့က ဆံပင်ကို ဝါ၊ စိမ်း၊ နီ၊ ပြာစတဲ့ Crazy color အရောင်တောက်တောက်တွေကို ဆေးဆိုး၊ ဆေးမှုတ်တာတွေ ပြုလုပ် ကြပါတယ်။ ပြီးတော့ မြူးကြွတဲ့ သင်္ကြန်တီးလုံး၊ သင်္ကြန်သီချင်းတွေနဲ့အတူ လိုက်ပါစီးမျော ကခုန်ဖို့အတွက် အထာကျတဲ့ Boots အမိုက်စားလေးတွေလည်း ရှိထားသင့်ပါတယ်။

ဒီတပတ်မှာ ဧရာဝတီခေတ်ရေစီးကဏ္ဍကနေ သင်္ကြန် ပစ္စည်းတွေဖြစ်တဲ့ ငွေဖလားနဲ့ ပိတောက်ပန်း၊ အလှတပ် နေကာမျက်မှန်၊ သင်္ကြန်မှာစီးဖို့ Boots ဖိနပ်တွေနဲ့ ဖုန်းရေစိုခံအိတ် အစရှိတဲ့ပစ္စည်းလေးတွေအကြောင်း ရေးသား ဖော်ပြပေးလိုက်ပါတယ်။


ဈေးနှုန်းတွေ အနေနဲ့ကတော့ ငွေဖလားနဲ့ ပိတောက်ပန်းလေးတွေဆိုရင် ငွေကျပ် တထောင်ကျော်ကစလို့ ငါးထောင်ဝန်းကျင်အထိ အစားစားရှိပြီး အလှတပ်နေကာမျက်မှန်တွေက ၃ ထောင်ကျပ် ဝန်းကျင်ကနေ ၉ ထောင်ကျပ် အထိရှိပါတယ်။ Boots ဖိနပ်တွေကတော့ ၉ ထောင်ကျပ်ကနေ တသောင်းခွဲနဲ့ဖုန်းရေစိုခံအိတ်တွေကတော့ ကျပ် တထောင်ကျော်ကနေ ငါးထောင်ဝန်းကျင်ထိ အစားစား ရှိပါတယ်။


သီဟတိုး




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved