Fast & Furious 7 အတွက် တမလွန်ကနေ ဂုဏ်ယူနေမယ့် မင်းသားပေါလ်ဝေါ်ကာ

Wednesday, April 8, 2015



photo - thesource.com

Fast and Furious ရုပ်ရှင်ဇာတ်ကားရဲ့မင်းသားတစ်လက်ဖြစ်သူ ကွယ်လွန်သူ အသက် (၄၀)အရွယ် ပေါလ်ဝေါ်ကာရဲ့ ညီဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုဒီဝေါ်ကာဟာ ဟောလီးဝုဒ်မှာ ကျင်းပတဲ့ Fast & Furious 7 ရုပ်ရှင်ဇာတ်ကားရဲ့ ပွဲဦးထွက် ရုပ်ရှင်ပြသပွဲမှာ ဒီဇာတ်ကားအတွက် စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟပြောဆိုလာပါတယ်။ ပေါလ်ဝေါ်ကာဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ ကားမတော်တဆ တိမ်းမှောက်မှုနဲ့ သေဆုံးသွားခဲ့တာပါ။

“ဒီရုပ်ရှင်ကို ကြည့်ဖို့ ကျွန်တော်စိတ်လှုပ်ရှားခဲ့တာ မဟုတ်ပါဘူး။ ဒီဇာတ်ကားကိုကြည့်ပြီး ဘယ်လို ဖြစ်သွားမလဲဆိုတာအတွက်ကို ပိုပြီး စိတ်လှုပ်ရှားမိတာပါ” လို့ ကိုဒီဝေါ်ကာက PEOPLE မီဒီယာကို ရင်ဖွင့် ပြောကြားခဲ့ပါတယ်။

“ဒီဇာတ်ကားဟာ ချိုမြိန်တဲ့ ခါးသည်းမှုတစ်ခုပါပဲ။ ဒါပေမယ့် ပေါလ်ကတော့ ဂုဏ်ယူနေမှာပါ”လို့လည်း ကိုဒီက ဆိုထားပါသေးတယ်။

 ပေါလ်ရဲ့ညီ ကိုဒီနဲ့အတူ အသက် (၃၇)နှစ်အရွယ်ရှိ ကာလက်ဘ် ဆိုတဲ့ သူတို့ရဲ့ညီအစ်ကို တော်စပ်သူ တစ်ဦးဟာလည်း အဲဒီရုပ်ရှင်ပြသပွဲကို တက်ရောက်ခဲ့ပါတယ်။ ပေါလ်ဝေါ်ကာသေဆုံးမှုကြောင့် ကျန်ရှိနေတဲ့ ဇာတ်ကွက်များကို ရိုက်ကူးဖို့အတွက် ပေါလ်နဲ့ ရုပ်ချင်းဆင်တူတဲ့ ဒီ ညီအစ်ကိုနှစ်ဦးဟာ အစားထိုး သရုပ်ဆောင်ပေးခဲ့တာပါ။

“ ဒီဇာတ်ကားက ဇာတ်ကောင်တွေနဲ့ လွန်ခဲ့တဲ့ ၁၅နှစ် ကတည်းက ရင်းနှီးမှုရှိပေမယ့် အခုလောက်ထိတော့ တစ်ခါမှ ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ပါဘူး။ ဒီဇာတ်ကားမှာ ကျွန်တော့မိသားစုဝင် တစ်ဦးအတွက် တတိယမြောက် ကိုယ်ပွားအဖြစ် သရုပ်ဆောင်ခဲ့ရတာပါ။” လို့ အဲဒီရုပ်ရှင် ဇာတ်ကားများမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတာ အချိန်ကြာပြီဖြစ်တဲ့ ကိုဒီက ဆိုထားပါတယ်။

ပွဲဦးထွက်ပြသတဲ့ရုပ်ရှင်ပွဲဟာ Fast & Furious ရုပ်ရှင်ဇာတ်ကားရဲ့ မိသားစုဝင် မင်းသားပေါလ်ကို ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ခုလိုဖြစ်သွားတာပါ။ အဲဒီညနေခင်းကတော့ ကွယ်လွန်သွားတဲ့ မင်းသားရဲ့ ရုပ်ပုံကားချပ်တွေ၊ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေ၊ ကြေကွဲ စို့နင့်ဖွယ်ရာ စကားတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်တစ်ချိန်လည်း ဖြစ်ခဲ့ပါတယ်။

ပေါလ်နဲ့အတူ Fast & Furious ဇာတ်ကားတွဲအားလုံးကို အတူတကွ သရုပ်ဆောင် ရိုက်ကူးခဲ့သူ အသက် (၄၇)နှစ်အရွယ်မင်းသား ဗင်ဒီဇယ်လ်ကတော့ အဲဒီနေ့ ကနဦးရုပ်ရှင်ပြပွဲ အခမ်းအနားမှာ “ဒီဇာတ်ကားဟာ ရုပ်ရှင်ဇာတ်လမ်းတစ်ခုထက်ကို ပိုပါတယ်”လို့ မျက်ရည်စများနဲ့ပဲ အဖွင့်စကားကို ဆိုခဲ့ပါတယ်။

“ခင်ဗျားတို့ ဒီရုပ်ရှင်ဇာတ်ကားကို စကြည့်ရင်ပဲ ရင်ထဲမှာ တစ်ခုခု ခံစားရပါလိမ့်မယ်။ စိတ်ထိခိုက်လှုပ်ရှားစရာ တစ်ခုခုရှိနေတာကို သိရပါလိမ့်မယ်။ ဒီဇာတ်ကားပြီးဆုံးလို့ ရုပ်ရှင်ရုံကနေ အပြင်ကို ထွက်ခွာလိုက်ချိန်မှာပဲ ခင်ဗျားတို့ ချစ်ရတဲ့သူတွေကို တကယ်ပဲ ကျေးဇူးတင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ချစ်ရတဲ့သူတွေကို  ဘယ်အချိန်မှာ နောက်ဆုံး တွေ့လိုက်ရမယ်ဆိုတာကို မသိနိုင်လို့ပါပဲ”လို့ မင်းသား ဗင်ဒီဇယ်လ်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

သရုပ်ဆောင် ပေါလ်ဝေါ်ကာရဲ့ ညီဖြစ်သူ ကိုဒီဝေါ်ကာ

ကိုဒီက သူ့အစ်ကိုပေါလ်ဟာ သူ့ရဲ့နောက်ဆုံး ဇာတ်ကားအတွက် တကယ်ပဲ ဂုဏ်ယူနေမှာပါ ဆိုတဲ့အကြောင်းကို ရဲဝင့်စွာ ပြောနိုင်ခဲ့တဲ့အပြင် ဒီဇာတ်လမ်းအတွက်လည်း ကျေနပ်မှု အပြည့် ရရှိခဲ့ပါတယ်။

“ဒီဇာတ်ကားအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ အားလုံး ပြောင်ပြောင် မြောက်မြောက် ပြီးဆုံးခဲ့တဲ့အပြင် ဘာပဲ ဖြစ်ဖြစ် အဆုံးသတ် လှခဲ့ပါတယ်”လို့ ကိုဒီက ဆိုထားပါသေးတယ်။


ခင်အေးမြလွင်


ကိုးကားသတင်း။ ။ http://www.people.com/article/paul-walker-younger-brother-cody-furious-7-premiere

1 comments :

  1. ကိုဒီနဲ့ ကာလက်ဘ် နှစ်ယောက်စလုံးက ပေါလ်ရဲ့ ညီအရင်းတွေ။
    (အဲဒီရုပ်ရှင် ဇာတ်ကားများမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတာ အချိန်ကြာပြီဖြစ်တဲ့ ကိုဒီက ဆိုထားပါတယ်။) ဆိုတာလည်း လွဲနေတယ်။ ကိုဒီက ပေါလ် ကွယ်လွန်သွားလို့ ဒီတစ်ကားမှာပဲ လူစားဝင်ပြီး ကူညီသရုပ်ဆောင်ပေးတာ။ ဒစ်ဂျစ်တယ်လ်နည်းပညာ၊ မိတ်ကပ်အကူအညီတွေနဲ့ ဇာတ်ကားပြီးအောင် ကြိုးပမ်းခဲ့ကြတာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved