ပြည်မြို့ရဲ့ ပထမဆုံး Miss ပြိုင်ပွဲကျင်းပ

Monday, May 11, 2015


photo - ကောင်းမြတ်မင်း/The Irrawaddy

ပြည်မြို့ရဲ့ ပထမဆုံး Miss ပြိုင်ပွဲကို မေလ ၁၀ ရက်နေ့ညနေက မင်္ဂလာဂါးဒင်းဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို ပြည်မြို့ ရတီပိုးထည်တိုက်က ဦးဆောင်းကျင်းပခဲ့တာဖြစ်ပြီး Miss Yati 2015 လို့ သိရပါတယ်။




မြန်မာယဉ်ကျေးမှုဆိုင်ရာ ရိုးရာဝတ်စုံတွေကို ဂုဏ်ယူတန်ဖိုးထားစေချင်သလို၊ နယ်မှာအရည်အချင်းရှိတဲ့ Miss တွေ ပေါ်ထွက်လာစေချင်လို့ အခုလို စီစဉ်ကျင်းပရတာဖြစ်တယ်လို့ ရတီပိုးထည်တိုက်ပိုင်ရှင် မေလေးက ဧရာဝတီကို ပြောပါတယ်။


“အဓိကတော့ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ပွဲတက်ဝတ်စုံတွေကို တန်ဖိုးထားဝတ်စေချင်တာရယ်။ ညီမတို့ ပိုးထည်တိုက်က ဝယ်ယူအားပေးသူတွေကို ဂုဏ်ပြုချင်တာလဲပါပါတယ်။ နောက်ပြီး နယ်မှာရှိတဲ့ Miss နဲ့ ပတ်သက်ပြီး ဝါသနာပါတဲ့ ညီမလေးတွေကို ပွဲထုတ်ပေးချင်တာပါပါတယ်။” လို့ မေလေးက ဆက်ပြောပါတယ်။

ပြည်မြို့နဲ့ အင်းမမြို့တွေက Miss ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမပိုင်းမှာ ပိုးထည်တွေနဲ့ ချုပ်ထားတဲ့ မြန်မာဝတ်စုံတွေကို ဝတ်ဆင်ယှဉ်ပြိုင်ကြတာပါ။ ဒုတိယပိုင်းပြိုင်ပွဲကိုတော့ အနောက်တိုင်းစတိုင် ညနေခင်းဝတ်စုံတွေ ဝတ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။


“Miss လုပ်ရတာ ဝါသနာပါတယ်။ ရန်ကုန်ကလူတွေထက် နယ်မှာက အခွင့်အရေးမရှိဘူး။ ရန်ကုန်ကိုလည်းတိုးဖို့ မဝင့်ရဲဘူးဖြစ်နေတယ်။ နယ်မှာ ဒါမျိုးပွဲတွေလုပ်ပေးတော့ ဝမ်းသာတယ်။ များများလုပ်ပေးစေချင်တယ်။ အဲဒါမှအတွေ့အကြုံများများရလာမှာလေ။ Miss ထဲက မိုးစက်ဝိုင်ကို အားကျတယ်။ Miss တယောက်ရဲ့အရည်အချင်းတွေထဲက ဘာသာစကားကျွမ်းကျင်မှုရယ်၊ ပရဟိတလုပ်တာတွေကို ပိုနှစ်သက်တယ် ” လို့ အသက် ၁၇ နှစ်အရွယ် Miss တဦးဖြစ်တဲ့ မသဉ္ဇာထက်ဦးက ဧရာဝတီကိုပြောပါတယ်။


သူကပဲဆက်ပြီးတော့ “ Miss တယောက်ဖြစ်ဖို့ဆိုတာ မိသားစုရဲ့ကူညီပံ့ပိုးမှုက အများကြီးလိုတယ်။ အခုလိုပြိုင်ဖို့ အမေနဲ့ အဒေါ်တွေက သဘောတူတယ်၊ အဖေကတော့ စိတ်ဆင်းရဲမှာဆိုးလို့ မတားပေမယ့် သိပ်လုပ်စေချင်ပုံမပေါ်ဘူး။ အကိုတွေက လုံးဝမပြိုင်စေချင်ဘူး။ အထူးသဖြင့် နယ်မှာက ဒါမျိုးပြဿနာလေးတွေတော့ ရှိတာပေါ့နော်။ သမီးက မော်ဒယ်တယောက်ဖြစ်ချင်တာပါ။”လို့ ပြောပါတယ်။

ဒီပြိုင်ပွဲမှာ ပြည်မြို့ပေါ်က အဝတ်အစားဒီဇိုင်နာတွေနဲ့ မိတ်ကပ်ပညာရှင်တွေရဲ့ ဖန်တီးမှုတွေပါဝင်ပြီး Miss အပြင် ဒီဇိုင်နာဆုတွေလည်း ပါဝင်ပါသေးတယ်။ အဲဒီပြိုင်ပွဲကို ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး နာမည်ရအဆိုတော်တွေဖြစ်တဲ့ ဇွဲပြည့်၊ ဘေးဘီတို့နဲ့အတူ Mario Dancer အဖွဲ့တွေလည်း လာရောက် ဖျော်ဖြေပေးခဲ့ပါတယ်။



ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved