Mazda 3 နဲ့ Honda Civic ကိုနှိုင်းယှဉ်ခြင်း

Friday, May 15, 2015


ခါတိုင်းတော့ ကျနော့်အနေနဲ့ မော်ဒယ်နှစ်ခုကို နှိုင်းယှဉ်ပြတော့မယ်ဆိုရင် အမျိုးအစားချင်းတူတဲ့ မော်ဒယ် နှစ်ခုကိုပဲရွေးထုတ်ပြလေ့ရှိပေမယ့် ဒီနေ့ Honda ရဲ့ မော်ဒယ် Civic နဲ့ Mazdaရဲ့ လူကြိုက်များမော်ဒယ် Mazda 3 တွေကတော့ လက်ရှိ ပြည်တွင်းမှာလည်း ဝယ်ယူရရှိနေနိုင်သလို တဖက်က ကြည့်ရင်လည်း Civic က ဆီဒင် ဖြစ်ပေမယ့် Mazda3 ကတော့ ဆီဒင်မဟုတ်သလိုမော်ဒယ် နှစ်ခုရဲ့ တန်ကြေးချင်း သိပ်မကွာတာကြောင့် ဝယ်မယ် စိတ်ကူးတဲ့သူအဖို့ ကိုယ်စိတ်ကြိုက်တွေ့တဲ့ အမျိုးအစားကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ကျနော့် ဘက်ကတော့ ဈေးချင်းသိပ်မကွာတဲ့ မော်ဒယ်နှစ်ခု၊ ပြည်တွင်းမှာလည်းအလွယ်တကူဝယ်ယူရရှိနိုင်တဲ့ မော်ဒယ်တွေ ဖြစ်တဲ့အပြင် Brand New အနေနဲ့ပါ ရနိုင်နေတဲ့ အနေအထားတွေအတွက် သိထားသင့်တဲ့ အချက်တွေနဲ့ အားနည်းချက်အားသာချက်တွေကိုထုတ်နုတ်ပြပေးလိုက်ပါတယ်။
 
Mazada 3

မော်ဒယ်အကြောင်း
Mazda3 ကိုအဓိကအနေနဲ့ ခွဲခြားမယ် ဆိုရင်   Grade အနေနဲ့ I နဲ့ S ဆိုပြီး နှစ်မျိုးလာပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ အဓိကကွဲပြားမှုတွေက Trim Level တွေတင်မဟုတ်ဘဲ အင်ဂျင်အပိုင်းမှာပါ  I က ၂ ဒသမ ဝ လီတာသုံးလေးလုံးထိုးအင်ဂျင်နဲ့ s မှာကျတော့ ၂ ဒသမ ၅ လီတာသုံးလေးလုံးထိုးအင်ဂျင်တွေ တပ်ဆင်ထားတာ ဖြစ်တာကြောင့် အင်ဂျင်အရွယ်ချင်းလည်း ကွဲပြားပါသေးတယ်။ ဒါ့အပြင် နောက်ဆက်တွဲ မော်ဒယ်အနေနဲ့ Mazda 3 ကိုပဲ SUV အဖြစ်နဲ့ ပုံစံပြောင်းပြီး CX-5 မော်ဒယ်အဖြစ် ထုတ်လုပ်သေးတာ တွေ့ရပါတယ်။

Civic ကတော့ အခုနောက်ပိုင်း Accord ပြီးရင်  Honda ရဲ့ ဈေးကွက်မှာ အားအထားရဆုံးနဲ့ လူကြိုက် အများဆုံးဆီဒင် မော်ဒယ် ဖြစ်ပါတယ်။ Hybrid အနေနဲ့လည်း ထုတ်လုပ်သလို ပုံမှန် အင်ဂျင်တပ် မော်ဒယ်အနေနဲ့လည်း ရရှိနိုင်မှာဖြစ်ပါတယ်။ Coupe အနေနဲ့ နောက်ပိုင်းမှာ ထွက်လာမယ်လို့ မျှော်လင့်မိသလို လက်ရှိ ပြည်တွင်းမှာလည်း ပြိုင်ကားတင်သွင်းခွင့်ပိတ်ထားတဲ့အချိန်မှာ ပြိုင်ကားပုံစံအလှဆင်လို့ရတာကြောင့် လူကြိုက်များနေတာတွေ့ရပါတယ်။

Mazada 3



အားသာချက်
ပထမဆုံးMazda 3 ရဲ့ ကောင်းကွက်တွေကိုထောက်ပြချင်ပါတယ်။ လက်ကိုင်ပိုင်းထိန်းချုပ်မောင်းနှင်ရမှု ကောင်းမွန်တယ်၊ ဆီစားနှုန်းအထူးသက်သာတယ်၊ အရှိန်မြှင့်တင်နိုင်မှု မြန်ဆန်တယ်၊ အတွင်းဘက် အပြင်အဆင်တွေ အရည်အသွေးစံမီတယ်၊  Hatchback လိုကိုယ်ထည်ဒီဇိုင်းမျိုးလည်းရွေးချယ်နိုင်တယ်၊ Featureအပိုင်းမှာလည်းအဆင့်မြင့်တယ်၊ များပြားတယ်၊ ခေတ်မီတယ်၊ ဒီတော့ Mazda 3 က စမ်းပြီးမောင်းချင်စရာကောင်းလောက်တဲ့ အမျိုးအစားတမျိုးဖြစ်လာပါတယ်။

Civic ကတော့ အင်ဂျင်အရွယ်အစားကိုစိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်အောင် ဖန်တီးထားတာတွေ့ရပြီးစီးနင်းရတဲ့အပိုင်းမှာလည်း ငြိမ့်ညောင်းကောင်းမွန်ပါတယ်။ ဆောင့်ထွက်တာ၊ ဆောင့်ရပ် တာမျိုးမတွေ့ရဘဲဆီစားနှုန်းလည်းသက်သာကောင်းမွန်သလို မြို့တွင်းလမ်းကြောတွေမှာဆိုရင် ဆီစားနှုန်းပိုပြီးနည်းတာတွေ့ရပါတယ်။ နောက်ပြီးအတွင်းပိုင်း ပြင်ဆင်ထားရှိမှုတွေလည်း ရိုးရှင်းကောင်းမွန် တာတွေ့နိုင်သလိုအခုနှစ် မော်ဒယ်မှာCoupeလိုကိုယ်ထည် ဒီဇိုင်းမျိုးလည်းရွေးချယ် ဝယ်ယူနိုင်အောင် ဖန်တီးထားတာတွေ့ရတာမို့ ဈေးကွက်မှာပိုပြီးအောင်မြင်လာနိုင်ပါတယ်။

အားနည်းချက်

Mazda 3 နဲ့ ပတ်သက်ပြီးအရင်ဆုံးပြောရရင် အရှိန်မြင့်မောင်းနှင်မှုတွေ လုပ်ဆောင်နေတဲ့ အချိန် တွေမှာ ၂ ဒသမ ဝ လီတာသုံးအင်ဂျင် တပ် မော်ဒယ်ကဆူညံသံအနည်းငယ် ထွက်နိုင်ပါတယ်။ ဒါကြောင့် Mazda 3ထဲကနောက်ထပ် မော်ဒယ်ဖြစ်တဲ့ ၂ ဒသမ ၅ လီတာသုံးအင်ဂျင်တပ် မော်ဒယ်ကပိုပြီးသဘောကျစရာ ဖြစ်မှာပါ။ နောက်ပြီးMazda 3မှာတပ်ဆင်ထားတဲ့ Monitor က ရုပ်ထွက်ပိုင်းမှာအနည်းငယ် အားနည်းတာမို့ ခေတ်နည်းနည်းကျန်ခဲ့တယ်လို့ ပြောချင်ပါတယ်။
ဒီအပိုင်းမှာတော့ Civic က တန်ကြေးသင့် ကားတစီးအတိုင်းအတာအနေနဲ့ ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ ဘက်မှာတောင် ရပ်တည်နေတယ်လို့ ဆိုနိုင်မှာ ဖြစ်ပြီးတော့  Hybridနဲ့ သဘာဝဓာတ် ငွေ့သုံးအင်ဂျင်တပ် မော်ဒယ်တွေမှာဆိုရင်တော့အတွင်းခန်းနဲ့နောက် ဘက် ဝန်တင်ခန်းတွေ အနည်းငယ် ကျဉ်းမြောင်းတယ်လို့ဆိုနိုင်ပါ တယ်။ နောက်ပြီးအဲဒီမော်ဒယ်တွေမှာပဲဘရိတ်ပိုင်းကအနည်းငယ် အားနည်းချက် ရှိတယ်လို့ သုံးသပ်မိပါတယ်။
 
Honda Civic


 ကိုယ်ထည်

Mazda 3မှာခရီးသည် ၅ ယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မှာ ဖြစ်သလိုအရောင်အပိုင်းရရှိမှုမှာလည်းအနီရောင်၊ အနက်ရောင်တွေ အပါအဝင် စုစုပေါင်း ၈ ရောင်ထိအောင် ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အတွင်းဘက်ကတော့ အဝတ်သားအရောအမျိုးအစား ၃ မျိုးဈေးကွက်ဝင်တာတွေ့ရပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစားကအလျား ၁၅ ပေစွန်းတယ်ဆိုရုံလေးကိုမျက်နှာစာအကျယ်က ၅ ပေနဲ့ ၁၁ လက်မမပြည့်ပါဘူး။ ကားရဲ့ အမြင့်က ၄ ပေနဲ့ ၉ လက်မကျော် ရုံပဲရှိမှာဖြစ်ပြီးကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်ပမာဏက ၆ လက်မကျော်သေးတာကြောင့် Mazda  က Mazda 3ကို Sport ဆန်အောင် ထုတ်လုပ်ထားပေမယ့် Off-Road အတွက်လည်းအဆင်ပြေအောင် ဖန်တီးထားတာတွေ့နိုင်ပါတယ်။

Civicကတော့ အပြင်ဘက် အရောင်က ၇ ရောင်ထိအောင် ထုတ်လုပ်ထားတာတွေ့ရသလိုအတွင်းပိုင်းကလည်းအထည်သားအရောကိုပဲ ၃ မျိုးထုတ်လုပ်ထားတာတွေ့ရပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစားကတော့ အရွယ်အသေးစားတန်းထဲဝင်သွားတာတွေ့ရ ပြီးတော့ အလျားက ၁၄ ပေနဲ့ ၁၀ လက်မနီးပါး၊ မျက်နှာစာအကျယ်က ၅ ပေနဲ့ ၉ လက်မတိတိ၊ အမြင့်က ၄ ပေနဲ့ ၇ လက်မရှိမှာဖြစ်သလိုOff-Roadအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ အတွင်းခန်းအကျယ်က ၅၅ လက်မကျော်ကျော်ထိအောင် ရှိမှာဆိုတော့ ဝတဲ့ သူတွေအတွက်လည်းအဆင်ပြေပါလိမ့်မယ်။

 
Honda Civic


အင်ဂျင်

အလေးချိန် ပေါင် ၂၈၀ဝ နီးပါးရှိမယ့် Mazda 3 က ဝန်အလေးချိန် ပေါင် ၈၀ဝ လောက်တင်ပြီး ရုန်းနိုင်မှာ ဖြစ်သလိုတပ်ဆင်ထားတဲ့ အင်ဂျင်က ၂ ဒသမ ဝ လီတာသုံးလေးလုံးထိုးအင်ဂျင်ဖြစ်ပါတယ်။ ကိုယ် ထည်ရဲ့အလေးချိန်ကိုပုံမှန်ထက် လျှော့ထားတာကSportဆန်အောင် လို့ ဆိုနိုင်ပေမယ့် တဖက်ကကြည့်ရင်တော့ ကိုယ်ထည်ရဲ့ အမာခံအသားကိုအရည်အသွေးအနည်းငယ် လျော့စေနိုင်မှာ ဖြစ်ပါ တယ်။ ထားပါတော့၊ အင်ဂျင်ရဲ့ ရုန်းအားကတမိနစ် လည်ပတ်အားအပတ် ရေ ၄၀ဝ၀ မှာ ရုန်းအား ၁၅၀ ပေ-ပေါင်ကိုစွမ်းအင်ထွက်ရှိမှုက မြင်းကောင် ရေ ၁၅၅ ကောင်အား ဖြစ်တာကြောင့် ကောင်းမွန်ပါတယ်။

Civic မှာတပ်ဆင်ထားတဲ့ အင်ဂျင်ကို ကြည့်မယ်ဆိုရင် ၁ ဒသမ ၈ လီတာသုံးပုံမှန်လေးလုံးထိုးအင်ဂျင် ဖြစ်ပြီးတော့ အင်ဂျင်ရဲ့ ရုန်းအားက ၁၂၉ ပေ-ပေါင် ရှိမှာ ဖြစ်သလိုအင်ဂျင်ရဲ့ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၁၄၃ ကောင်အား ဆိုတော့ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်မယ့်နှုန်းက တမိနစ်ကိုအပတ် ရေ ၆၅၀ဝ ဆိုတော့ ဆီစားနှုန်းအနည်းငယ်များနိုင် ပါတယ်။ ဒါပေမယ့် ၁ ဒသမ ၈ လီတာသုံးအင်ဂျင်အတွက်ကတော့ ဆီစားနှုန်းများ သွားမယ်ဆိုရင်လည်းအင်ဂျင်အရွယ်သေးတာကြောင့် ကိစ္စတော့ မရှိပါဘူး။

မောင်းနှင်နိုင်မှု

အထက်မှာပြောခဲ့သလို ၂ ဒသမ ဝ လီတာသုံးအင်ဂျင်ကတော့ လီဗာကုန်နင်းရင် ဆူညံသံအနည်းငယ်ထွက်လာပါလိမ့်မယ်။Mazda 3ကိုရှေ့ဘီးယက်စနစ်နဲ့ ထုတ်လုပ်ထားတာတွေ့ရပြီးတော့ အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက် စုစုပေါင်းက ၆ ချက်ထိအောင် ဖြစ်သလို Manual စနစ်နဲ့ ဆိုတော့ လူငယ်တွေ အကြိုက်တွေ့နိုင်ပါတယ်။ ဒါပေမယ့် တဖက်ကပြန်တွက်ရင် မိန်းကလေးတွေကတော့ သိပ်သဘောမကျလောက်ပါဘူး။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကတနာရီကီလိုမီတာ ၁၀ဝ နှုန်းကိုအချိန် ၆ စက္ကန့် နီးပါးလောက်ထိအောင် ယူမှာဖြစ်တာကြောင့် လေးလုံးထိုးအင်ဂျင်တပ် ကားတစီးအတွက် သင့်ပါတယ်။

အလေးချိန် ပေါင် ၂၇၀ဝ ကျော်ရှိမယ့် Civic မှာ ၁ ဒသမ ၈ လီတာသုံးအင်ဂျင်တပ်ပြီး ရုန်းခိုင်းတော့ ထင်သလောက် ခရီးပေါက်ပါ့ မလား၊ စဉ်စားစရာပါ။ ဒါပေမယ့် ကြည့်လိုက်တော့ Civic က တနာရီမိုင် ၆၀ ဆိုတဲ့နှုန်းကိုအချိန် ၆ ဒသမ ၂ စက္ကန့် ဝန်းကျင်ပဲ ကြာမှာဆိုတော့ ပုံမှန်ထက်တောင် နည်းနည်းမြန်နေသေးသလိုပါပဲ။ ဒါပေမယ့် တချို့ကတော့ လမ်းကြောအပေါ်မှာမူတည်ပြီးတော့ ဒီအချိန်နဲ့ မိုင် ၆၀ နှုန်းရောက်အောင် မောင်းဖို့ခက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Sport တွေလို ပြင်ဆင်နိုင်တဲ့ အားသာချက်နဲ့ Civicကတော့ ကြည့် ကောင်းတာအမှန်ပါ။
ဒီတော့ အနေအထားအရဆိုရင် Mazda 3က ပိုပြီးစိတ်ဝင် စားစရာကောင်းနေသေးတာတွေ့နိုင်တာပေါ့။ Civicလောက်တော့ ဆွဲဆောင်မှု ကောင်းကောင်းမပေးနိုင်ဘူးပေါ့လေ။ သိထားသင့်သမျှ တော့ ပြောထားပြီးပြီဆိုတော့ ကိုယ်တိုင်ရွေးချယ်ဖို့ပဲလိုတော့မှာပါ။ ကျနော့်ကိုဘယ်မော်ဒယ် ပိုကြိုက်လဲမေးလာခဲ့မယ်ဆိုရင်တော့ လူကြီးဆန်ဆန် စီးမယ်ဆိုရင် Mazda 3ကိုရွေးပါ၊ လူငယ်ဆန်ဆန်လေးဆိုရင်တော့ Civic က ပိုကောင်းမယ်လို့ဆိုလိုက်ပါရစေဗျာ။

 
လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved