Viber ရဲ့ Version အသစ် မိတ်ဆက်

Saturday, May 16, 2015




မိုဘိုင်းဖုန်းတွေကနေတဆင့် ဗီဒီယိုနဲ့ ရုပ်သံစာပို့တဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ထိပ်တန်းကုမ္ပဏီတခုဖြစ်တဲ့ Viber က သူ့ရဲ့ Version အသစ်တခုကို အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Microsoft Build အခမ်းအနားမှာ စတင် မိတ်ဆက်ပေးလိုက်ပါတယ်။

Viberရဲ့ အဆိုပါ ဒီဇိုင်းအသစ်က Windows 10 ရဲ့ တုံ့ပြန်မှုနှုန်းမြန်ဆန်တဲ့ OS စနစ်နဲ့ ကိုက်ညီအောင် အထူးဖန်တီးထားတာကြောင့် Windows 10 အသုံးပြုသူတွေအနေနဲ့ အဆင်ပြေလွယ်ကူစွာတွေ့ကြုံခံစားအသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုအသစ်မိတ်ဆက်ပေးလိုက်တဲ့ Viber App Version အသစ်ကို PC ကွန်ပျူတာ၊ တက်ဘလက်နဲ့ မိုဘိုင်းဖုန်းအားလုံးမှာအဆင်ပြေစွာ အသုံးပြုနိုင်အောင် ဖန်တီးထားပြီးတော့ Window အရွယ်အစားပြောင်းလဲသွားသည့်တိုင်  On-screen Content ကိုအရှိအတိုင်း တွေ့ကြုံခံစားနိုင်အောင် အထူးစီစဉ်ထားတယ်လို့ သိရပါတယ်။

Windows 10 အတွက် Viber version အသစ်ကို ဒီနှစ်နှောင်းပိုင်းမှာ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Viberကို အိုင်ဖုန်း၊ Android ဖုန်းတွေနဲ့ PC ကွန်ပျူတာ၊ Tablet စတဲ့ Devices တွေမှာ လွယ်လင့်တကူ အသုံးပြုနိုင်ပြီး 3G/4G နဲ့ Wi-Fi ကွန်ရက်တွေမှာ ချိတ်ဆက်နိုင်ပါတယ်။
နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ  Register လုပ်ထားသူပေါင်း သန်း ၆၈၀ ရှိပြီး ပုံမှန်အသုံးပြုသူ သန်း ၄၀၀ ကျော်ရှိတဲ့ Viberဟာ Rakutenကုမ္ပဏီအုပ်စုရဲ့ လုပ်ငန်းခွဲတခု ဖြစ်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved