ရှုခင်းကောင်းကောင်းဝိုင်ကောင်းကောင်းနဲ့ အစားအစာကောင်းတွေရတဲ့ The View Restaurant & Bar

Tuesday, May 19, 2015



ဓာတ်ပုံများ - တေဇလှိုင်/ The Irrawaddy

ပူအိုက်တဲ့ ရာသီချိန်ခါမှာ အပူရှောင်ဖို့ အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့ မေမြို့ (ခေါ်) ပြင်ဦးလွင်ဘက်ကို အလည်သွားသူတွေအတွက် ရောက်တုန်းရောက်ခိုက် မြို့ရဲ့ ရေမြေတောတောင် သဘာဝရှုခင်းတွေထဲကတခုဖြစ်တဲ့ ဓာတ်တော်ချိုင့် ရေတံခွန်အလှကိုခံစားရင်းဒေသထွက် ဝိုင်ကလေး မြည်းစမ်းရင်း အနောက်တိုင်းအစားအစာတွေ စားသုံးနိုင်မယ့် ဆိုင်လေးတဆိုင်ကို လမ်းညွှန်ချင်ပါတယ်။ မိတ်ဆက် ပေးချင်တဲ့ ဆိုင်ကတော့ ပြင်ဦးလွင်မြို့ အနီးစခန်းမှာတည်ရှိတဲ့ The View Restaurant & Bar ပါ။

မန္တလေးကနေ ပြင်ဦးလွင် အတက်လမ်းအတိုင်း မောင်းလာပြီး ပြင်ဦးလွင်မြို့အဝင်မရောက်ခင် ပြင်ဦးလွင်နဲ့ ၆ မိုင်ခန့် ကွာဝေးတဲ့ အနီးစခန်း၊ ဓာတ်တော်ချိုင့်ရေတံခွန် သွားရာလမ်းဘက်၊ ချမ်းမြေ့တရားဓမ္မရိပ်သာအလွန်၊ တောင်ကျွန်း လမ်းအတိုင်းချိုးဝင်လိုက်တဲ့အခါ The View Restaurant ကိုရောက်ပါတယ်။



ဆိုင်နာမည် The View ဆိုတဲ့အတိုင်း ဓာတ်တော်ချိုင့်ရေတံခွန်ရဲ့ View အလှကို ကောင်းကောင်းမြင်ရတဲ့ မြင်ကွင်း၊ ရှုခင်းကို မြင်နိုင်တဲ့ တောင်ကုန်းအမြင့်နေရာမှာ ဆိုင်ကိုအနောက်တိုင်းပုံစံ နှစ်ထပ်ဆောက်ထားပါ တယ်။  ဆိုင်အတွင်းပိုင်းကို Western စတိုင် အလှဆင်ထားတာဖြစ်ပြီး မီးလင်းဖိုကို ဆိုင်ဝင်ဝင်ချင်း ထင်းကနဲတွေ့ရနိုင်တဲ့ နေရာမှာ ထားရှိပါတယ်။ အတွင်းပိုင်း အပြင်အဆင်အတော်များများနဲ့ အသုံးပြုထားတဲ့ အလှဆင်ပစ္စည်းတွေကလည်း  အနောက်တိုင်းဆန်တဲ့ ပစ္စည်းတွေဖြစ်တာ တွေ့ရပါတယ်။

ဆိုင်ကအထပ်နှစ်ထပ်ရှိပြီး အောက်ထပ်မှာတော့ ဘားတခုပါရှိကာ အပေါ်ကတော့ အေးအေးလူလူ ဝိုင်သောက်ရင်း View ကြည့်လို့ကောင်းပါတယ်။ ဆိုင်အောက်ထပ်ရဲ့ နံဘေးအပြင်ဘက်မှာလည်း View ကြည့်ရင်း စားသောက်နိုင်ပါတယ်။ ဆိုင်အပေါ်ထပ်မှာတော့ ကိုလိုနီခေတ်က ရှေးဟောင်းလက်ရာပစ္စည်းတချို့နဲ့ အလှဆင် ထားပါတယ်။ ပြင်ဦးလွင်ရဲ့ အလှဆုံးရှုခင်းတွေထဲက တခုဖြစ်တဲ့ ဓာတ်တောင့်ချိုင့်ရေတံခွန် မြင်ကွင်းကိုအကောင်းဆုံး ရှုမြင်နိုင်တဲ့နေရာမှာ ဆောက်လုပ်ထားတာ ဖြစ်တဲ့အတွက် ဆိုင်နာမည်ကို The View လို့ ပေးထားတာဖြစ်တယ်လို့ ဆိုင်ရဲ့ မန်နေဂျာဖြစ်သူက ဆိုပါတယ်။



ဆိုင်ရဲ့ဝင်းထဲမှာ ဝိုင်ပုလင်းတွေချည်းပဲ သီးသန့်သိုလှောင်သိမ်းဆည်းထားတဲ့ Wine Hutch တခုရှိပြီး အဲဒီ Wine Hutch မှာဆိုရင် ပြင်ဦးလွင်ဒေသထွက် ဝိုင်တွေနဲ့ အီတလီနိုင်ငံထုတ် နာမည်ကြီး ဝိုင်တံဆိပ်အချို့လည်း ရရှိနိုင်တာကို တွေ့ရပါတယ်။ အဲဒီ Wine Hunt ကိုတော့ Air Con အအေးနဲ့ ပုံမှန်ထိန်းသိမ်းထားရတယ်လို့ သိရပြီး Wine Hutch ထားရှိရတဲ့အကြောင်းရင်းကတော့ ပြင်ဦးလွင်ဆိုရင် ဝိုင်ကိုလည်း စိတ်ဝင်စားကြသလို အေးမြတဲ့ ဒေသမှာ ဝိုင်သောက်ရင်း ရေတံခွန်ရှုခင်းအလှ မြင်ကွင်းကြည့်လို့ အပန်းဖြေလိုသူတွေရှိတဲ့အတွက် ထားရှိ ရောင်းချပေးတာဖြစ်တယ်လို့ မန်နေဂျာက ဆိုပါတယ်။

အစားအသောက်တွေ မှာယူဖို့ Menu ကြည့်လိုက်တဲ့အခါ အနောက်တိုင်းအစားစာ European Food အတော်များများကို တွေ့ရပြီး၊ သောက်စရာ Beverage Menu မှာလည်း ကော်ဖီ၊ Cocktails၊ ဝိုင်၊ အရက် စတာတွေကို စုံစုံလင်လင် တွေ့ရပါတယ်။ ဒါ့အပြင် အနောက်တိုင်းအစားအစာတွေက ပြုလုပ်ပြင်ဆင်ရာမှာ အချိန်ပေးရတဲ့အတွက်  မြန်မြန်ချက်ပြုတ်မှာယူ စားသောက်နိုင်တဲ့ တရုတ်ဟင်းလျာအချို့ကိုလည်း Menu မှာထပ်တိုးဖို့ရှိတယ်လို့ သိရပါတယ်။

Menu ထဲမှာ အနောက်တိုင်းဆိုင်တွေမှာ ရတတ်တဲ့ Pizza, Sandwich, Burger, Spaghetti နဲ့ Steak စတဲ့အစားအစာတွေကို တွေ့ရှိပြီး The View ဆိုင်ရဲ့ Chef Special လက်ရာ The View Steak တပွဲ (၁၅၇၀၀ ကျပ်) ကို အရင်မှာယူလိုက်ပါတယ်။ ပြီးတော့ အနောက်တိုင်းတွေမှာ မနက်စာအဖြစ် အမှာများတဲ့ Egg Benedict (၇၀၀၀ ကျပ်) နဲ့ ပုဇွန်အာလူးကော်ပြန့်လိပ်ကြော် (၈၇၀၀ ကျပ်) တို့ကိုထပ်မံမှာယူဖြစ်ပါတယ်။


ထပ်တိုးထားတဲ့ တရုတ်ဟင်းလျာ Menu ထဲကတော့ နာမည်ခပ်ဆန်းဆန်းနဲ့ ပုံစံလည်းဆန်းတဲ့ ငါးပန်းကျောက်ခက်ကြော် (၈၇၀၀ ကျပ်) ကိုပါ မြည်းစမ်းကြည့်ဖို့ မှာလိုက်ပါသေးတယ်။ သောက်စရာအနေနဲ့ကတော့ ပြင်ဦးလွင်ဒေသထွက် ကော်ဖီစေ့နဲ့ ဖျော်ထားတဲ့ Cappuccino (၁၈၀၀ ကျပ်) နဲ့ Mocha (၂၂၀၀ ကျပ်) တို့ကို တခွက်စီ မှာယူလိုက်ပြီး ဘားကနေသောက်စရာ Pina Colada ( ၂၆၀၀ ကျပ်) Cocktail တခွက်ကို မှာယူလိုက်ပါတယ်။
ပုံမှန် ရိုးရိုးရှင်းရှင်းပဲ ပြင်ဆင်ထားတဲ့ The View Steak က အနည်းငယ် မာသယောင်ထင်ရပေမယ့် စားကြည့်တဲ့အခါ ငရုတ်ကောင်းနည်းနည်း ကဲနေတာကလွဲလို့ အရသာကောင်းပါတယ်။ ငရုတ်ကောင်းကဲရခြင်းအကြောင်းကလည်း အနောက်တိုင်းသားတွေ အကြိုက် (စားလိုက်တဲ့အခါ ခံတွင်းထဲမှာအနည်းငယ် ပူသွားတဲ့အရသာ) ပုံစံမျိုး ပြုလုပ်ထားတာဖြစ်တယ်လို့ Chef က ရှင်းပြပါတယ်။

Egg Benedict ကတော့ ရေနွေးပွက်ပွက်ဆူဆူထဲ ဗန်နီဂါအနည်းငယ်နဲ့ ကြက်ဥခွဲထည့်ထားတဲ့ ကြက်ဥမကျက် တကျက် Poached Egg ကို Toast လုပ်ထားတဲ့ French Bread ပေါ်မှာ ဆမ်းထားတာမျိုးပါ။ အနောက်တိုင်းသား အများစုက မနက်စာအဖြစ် စားသုံးကြတယ်လို့ ဆိုပါတယ်။ ပုစွန်အာလူးကော်ပြန့်လိပ်ကြော်ကတော့ အထွေအထူး ပြောစရာမရှိပါဘူး။ ပုစွန်နဲ့အာလူးကို ကော်ပြန့်ထဲထည့်လိပ်လို့ ရောကြော်ထားတာကြောင့် အရသာအထူး ကောင်းမွန်ပါတယ်။

ထူးခြားတာက ငါးပန်းကျောက်ခက်ကြော်ပါ။ နာမည်လည်းဆန်းသလိုအလှဆင်ထားတဲ့ ပုံစံကလည်းဆန်းတဲ့ ငါးပန်းကျောက်ခက်ကြော်ကငါးမြင်းအကောင် ခပ်ကြီးကြီးကိုအရိုးထွင်၊ အလယ်ကခွဲပြီးပင်လယ်ကျောက်ခက် ပန်းပုံစံထွင်းပြီးပုံဖော်အလှဆင်ကြော်ထားတဲ့ပုံစံမျိုးပါ။ အဲဒီ ငါးပန်းကျောက်ခက်ကြော်ကို ခရမ်းချဉ်ဆော့စ်နဲ့ တွဲစားတဲ့အခါ အရသာက ပြောမပြတတ်အောင် အထူးကောင်းမွန်ပါတယ်။ ဒီဟင်းလျာက ဆိုင်ရဲ့ အနောက်တိုင်း အစားအစာ Menu တွေထဲကနေ ခွဲထွက်ပြီး အသစ်ထုတ်ထားတဲ့ တရုတ်ဟင်းလျာတမျိုး ဖြစ်တယ်လို့လည်း သိရပါတယ်။

အစားအစာတွေ စားပြီး သောက်ဖို့ကဏ္ဍဘက်ကို လှည့်လာတော့ Cappuccino နဲ့ Mocha တခွက်ချင်းစီက သောက်နေကျ Cappuccino, Mocha တွေနဲ့ အရသာအတူတူပဲလို့ ထင်ရပေမယ့် မေမြို့ဒေသထွက် ကော်ဖီစေ့ကို လတ်လတ်ဆတ်ဆတ် ဖျော်စပ်ထားတာကြောင့် အရသာက အနည်းငယ်ကွဲပြားတာကို တစိမ့်စိမ့်သောက်ရင်း ခံစားမိပါတယ်။

View ကောင်းကောင်းကြည့်ရင်း ဝိုင်သောက်ရင်း အနောက်အတိုင်းအစားအစာတွေ စားသောက်လို့ အေးအေးဆေးဆေးအပန်းဖြေနိုင်တဲ့ The View စားသောက်ဆိုင်က စားသောက်ဆိုင်မှာ မှာမစားဘဲ View ကိုပဲ သီးသန့် လာကြည့်ဓာတ်ပုံရိုက်မယ်ဆိုလည်း ရပါတယ်။ လက်ရှိမှာတော့ Mini Zoo နဲ့ ကလေးကစားကွင်း၊ ပန်းခြံလို ပုံစံမျိုးတွေ ထပ်ချဲ့ဖို့ ရှိတာကြောင့် The View ကို လာကြည့်သူတွေအတွက် ဝင်ကြေးတဦးကို ကျပ်တထောင်စီ ကောက်ယူတယ်လို့ သိရပါတယ်။

ဖွင့်လှစ်ထားတာ တနှစ်ကျော်ပဲရှိသေးတဲ့ The View အနေနဲ့ စားသောက်ဆိုင်အပြင် ဓာတ်တော်ချိုင့် ရေတံခွန် View အလှအပကို ခံစားရင်း အပန်းဖြေနားနေဖို့ စံအိမ်နဲ့ ဟိုတယ်၊ ဘန်ဂလိုတွေကိုပါ ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိတယ် လို့လည်း သိရပါတယ်။ ဒါကြောင့်မို့လို့ ရေတံခွန် View ကောင်းကောင်းကြည့်ရင်း အေးမြတဲ့ဒေသမှာ ဝိုင်လေး သောက်လို့ ဇိမ်နဲ့နှပ်ပြီး အနားယူ အပန်းဖြေချင်တယ်ဆိုရင်တော့ The View Restauratn& Bar ကို အလည်တခေါက် သွားရောက် စားသောက်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။    ။

ဆိုင်လိပ်စာ-  The View Restaurant & Bar ချမ်းမြေ့ဓမ္မရိပ်သာအကျော်၊ တောင်ကျွန်းလမ်း၊ အနီးစခန်း၊ ပြင်ဦးလွင်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved