ကိုရီးယားချစ်သူတွေအကြိုက် ဆင်နွှဲနိုင်မယ့် ကိုရီးယား ရက်သတ္တပတ် ၂၀၁၅

Tuesday, May 19, 2015


ဓာတ်ပုံ - သီဟတိုး/ The Irrawaddy

 နေရာတကာ ကိုရီးယား ယဉ်ကျေးမှုအကြီးအကျယ် လွှမ်းမိုးထားတဲ့ မြန်မာနိုင်ငံအတွက် သတင်းကောင်းတခု လို့ ဆိုရမှာပါ။

အဲ့ဒါကတော့ ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နှစ် ၄၀ ပြည့် အခမ်းအနားအဖြစ် ကိုရီးယား ရက်သတ္တပတ် ၂၀၁၅ (Korea Week -2015) ကို မေလ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ Novotel Max Hotel, Myanmar Event Park (M.E.P) နဲ့ အမျိုးသားကဇာတ်ရုံ စတဲ့နေရာတွေမှာ ပြုလုပ်သွားပါမယ်တဲ့။

ကိုရီးယားဆိုရင် ဘာပဲဖြစ်နေနေ ကြိုက်ပြီးသားဆိုတဲ့ ပရိတ်သတ်တွေအတွက် ဘာအစီအစဉ်တွေ ပါဝင်ပြသ ဖြစ်မလဲဆိုတော့ ကိုရီးယား ထုတ်ကုန်ပြပွဲ ၂၀၁၅ (Korean Product Expo- 2015)၊ ကိုရီးယား-မြန်မာ ရိုးရာဖက်ရှင်ပြပွဲ၊ ကိုရီးယားရိုးရာ ကြွေထည်ပြပွဲ၊ ကိုရီးယား-မြန်မာ နှီးနှောဖလှယ်ပွဲတွေနဲ့ နှစ်နိုင်ငံ ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲစတာတွေကို ကျင်းပ ပြုလုပ်သွားမှာပါ။

 မေလ ၂၁ ရက်နေ့မှာ ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က Novotel Max Hotel မှာ ညစာဧည့်ခံပွဲနဲ့ စတင်ဖွင့်လှစ်မှာဖြစ်ပြီး အဲဒီပွဲမှာ ကိုရီးယားဒီဇိုင်နာ Master Kim Inja နဲ့ မြန်မာဖက်ရှင် ဒီဇိုင်နာ အစည်းအရုံး တို့ရဲ့ လက်ရာဆန်းတွေ ပါဝင်ပြသမယ့် ဖက်ရှင်ပြပွဲကိုပါ တွဲဖက်ပြသ ဧည့်ခံသွားမှာပါ။

“ဖက်ရှင်ပြပွဲကြီးမှာ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွေထဲက ကိုရီးယား ဟန်သော့ ဝတ်စုံတွေနဲ့ နှစ်နိုင်ငံကိုယ်စားပြု ရိုးရာဝတ်စုံတွေကို မြန်မာနဲ့ ကိုရီးယား နှစ်နိုင်ငံက မော်ဒယ်တွေ ဝတ်ဆင်ပြသသွားမှာ” လို့ ကိုရီးယားသံရုံးမှ Third Secretary မစ္စ ရှင်းဂျောင်ဟွန်း (Shin Joung Hoon) က ဆိုပါတယ်။

ဒါ့အပြင် နှစ် (၄၀) ပြည့် မြန်မာ- ကိုရီးယား စီးပွားရေး လက်တွဲခိုင်မာမှု အထိမ်းအမှတ်အနေနဲ့လည်း Novotel Max Hotel မှာ ကိုရီးယား-မြန်မာ စီးပွားရေးနဲ့ နိုင်ငံရေးနှီးနှောဖလှယ်ပွဲတွေ ကျင်းပပြုလုပ်သွားမှာပါ။ နှီးနှောဖလှယ်ပွဲကြီးမှာ နှစ်နိုင်ငံမှ ပညာရေးနဲ့ လူထုအကြား နယ်ပယ် အသီးသီးမှာ ထင်ရှားတဲ့ ကျွမ်းကျင်ပညာရှင်တွေ စုဝေးပြီး ကိုယ်စီအတွေးတွေကို နှီးနှောဖလှယ်သွားကြမှာ ဖြစ်ပါတယ်။

ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နှစ် ၄၀ ပြည့် အခမ်းအနားကြီးရဲ့ကိုရီးယား ထုတ်ကုန်ပြပွဲ ၂၀၁၅ (Korean Product Expo- 2015) ပွဲကြီးကိုတော့ ရန်ကုန်မြို့၊ ရှင်စောပုလမ်းပေါ်က Myanmar Event Park (M.E.P) မှာ မေလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမှာပါ။

“အဲဒီ ထုတ်ကုန်ပြပွဲကြီးမှာတော့ ကိုရီးယား နာမည်ကျော် ကုမ္ပဏီတွေ ဖြစ်တဲ့ Samsung Electronics, LG Electronics, Daewoo International, Paso, Hyundai Motors နဲ့ Daedong Industrial စတဲ့ နည်းပညာပစ္စည်းတွေနဲ့အတူ ဆောက်လုပ်ရေး၊ အိမ်တွင်းဒီဇိုင်း၊ စက်ပစ္စည်း၊ အလှကုန်၊ အိမ်သုံးပစ္စည်း၊ အစားသောက်၊ ကားနဲ့ ကားအပိုပစ္စည်းစတဲ့ ကိုရီးယားထုတ်ကုန်ပစ္စည်း အမျိုးမျိုးကို ကိုရီးယားကုမ္ပဏီ (၈၀) ကျော်တို့က ပါဝင် ပြသရောင်းချသွားမှာ ဖြစ်ပါတယ်” လို့ ကိုရီးယားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအဖွဲ့ (KOTRA) ရဲ့ မန်နေဂျင်း ဒါရိုက်တာ မစ္စတာ အန်ဂျေယောင်း (Ahn Jae Yong) ကဆိုပါတယ်။
သူကဆက်ပြီး “အဲဒီပြပွဲမှာ ကိုရီးယား အစားအစာပြပွဲနဲ့ ကိုရီးယားလက်မှု ပညာရှင်တွေရဲ့ အနုပညာ လက်ရာ မြောက် ကြွေထည်ပစ္စည်းပေါင်း (၁၀၀)ကျော်ကို ပြသသွားမယ့် ကိုရီးယားကြွေထည်ပြပွဲကိုပါ တွဲဖက်ပြသ သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Korea Week 2015 ရဲ့ နောက်ဆုံးပွဲကိုတော့ မေလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ကိုရီးယားရိုးရာ အကအလှတွေနဲ့ မြန်မာရိုးရာ အကအလှတွေကို ပူးပေါင်း ဖျော်ဖြေ တင်ဆက်သွားမှာပါ။

“ကပွဲကို ကိုရီးယားအနုပညာတက္ကသိုလ်နဲ့ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ် (ရန်ကုန်)တို့ ပူးပေါင်း စီစဉ် တင်ဆက်တာပဲဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ မျက်နှာဖုံးတပ် အကတွေ၊ တူရိယာလေးမျိုးပါ ရိုးရာဆာမူ လော်ရီ အကတွေနဲ့ ကိုရီးယားအနုပညာအဖွဲ့ကနေ ဖျော်ဖြေ တင်ဆက်သွားမှာပါ။ မြန်မာရိုးရာ အကအလှတွေ လည်း ကိုရီးယားနိုင်ငံမှာ တင်ဆက်ပြသနိုင်ဖို့အတွက် မြန်မာနိုင်ငံက အနုပညာရှင်တွေ ဖိတ်ခေါ်ဖို့ အမျိုးသား ယဉ်ကျေးမှု အနုပညာတက္ကသိုလ်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးထားပါတယ်” လို့ မစ္စရှင်းဂျောင်ဟွန်း (Shin Joung Hoon) က ဆိုပါတယ်။



သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved