Honda CR-V ဆိုသည်မှာ

Thursday, June 4, 2015





Honda CR-V(2015)

ကျနော် အခုတပတ် ပြောပြချင်တာကတော့ လက်ရှိ ပြည်တွင်းအနေအထားမှာ လူစီးများတဲ့ SUV တန်းဝင် မော်ဒယ်တခုဖြစ်တဲ့ CR-V အကြောင်းပါ။

သူကတော့ ဂျပန် အခြေစိုက် မော်တော်ကားကုမ္ပဏီတခုဖြစ်တဲ့ Honda ကနေ ထုတ်လုပ်တာဖြစ်ပြီးတော့ အရည်အသွေးပိုင်းကောင်းမွန်မှုနဲ့ ဈေးနှုန်းပိုင်း သင့်တင်မှုတွေကြောင့် ပြည်တွင်းမှာ လူကြိုက်များတာ ဖြစ်ပါတယ်။

Honda CR-V(2007)

၁၉၉၅ ခုနှစ်ကတည်းကနေ စတင်ထုတ်လုပ်လာခဲ့တဲ့ မော်ဒယ်ဖြစ်တာကြောင့် လက်ရှိအချိန်မှာ ထုတ်လုပ်မှုသက်တမ်းက နှစ်နှစ်ဆယ် ရှိနေတာ တွေ့နိုင်လို့ မော်ဒယ်အနေနဲ့ ဘယ်လောက်တောင်မှ လူကြိုက်များတယ်ဆိုတာကို မပြောဘဲသိနိုင်တဲ့ အနေအထားတခုလည်း ဖြစ်နေပါတယ်။ မော်ဒယ်က ၁၉၉၅ ခုနှစ်ကနေ စတင်ထုတ်လုပ်ပေမယ့် အဆိုပါ ထုတ်လုပ်ချိန်ကနေ မော်ဒယ်နှစ်ကိုတော့ ကြိုပြီးထုတ်လုပ် ကင်ပွန်းတပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်မှာပါ။ အကြောင်းကတော့ ၁၉၉၅ ခုနှစ်မှာ ထုတ်ပေမယ့် ၁၉၉၇ ခုနှစ် မော်ဒယ်အနေနဲ့ စတင်ထွက်ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ သူ့ကို ဘယ်အမျိုးအစားထဲထည့်မလဲဆိုရင်တော့ SUV ထဲမှာထည့်သွင်းသတ်မှတ်ရတာ ဖြစ်ပေမယ့် အဲဒီ SUV ထဲမှာမှ အမျိုးအစားအများကြီးရှိနေသေးတာဆိုတော့ အသေးစိတ်ပြောရမယ်ဆိုရင် Compact SUV လို့လည်း ဆိုနိုင်ပါတယ်။ တချို့နေရာဒေသတွေမှာတော့ Compact Crossover SUVအဖြစ်နဲ့လည်း ခေါ်ပါတယ်။ compact ဆိုတာကတော့ မော်တော် ကားလောကမှာ အလယ်အလတ်တန်းအရွယ်ရှိတဲ့၊ အထူးသဖြင့် မြို့တွင်းလမ်းကြောင်းတွေမှာ မောင်းနှင်ရ၊ အဆင်ပြေတဲ့ မော်ဒယ်တွေကို သတ်မှတ်ခေါ်ဝေါ်တာ ဖြစ်ပြီးတော့ Crossover အနေနဲ့လည်းအခေါ်ကွဲပေမယ့် အတူတူပါပဲ။

Honda CR-V(1998)

တံခါးလေးပေါက်စနစ်အနေနဲ့ပဲ သတ်မှတ်တာဖြစ်ပြီးတော့ အင်ဂျင်အထိုင်စနစ်ကတော့ ရှေ့ဘက် အင်ဂျင်အထိုင်ပုံစံကို အလျားနဲ့ ကန့်လန့် အထိုင်နှစ်မျိုးရှိတဲ့ အထဲက အခု CR-V က ကန့်လန့်အထိုင် ပုံစံနဲ့ဖြစ်ပါတယ်။ ရုန်းအားယူ စနစ်မှာတော့ ရှေ့ဘီးယက်စနစ်နဲ့ ထုတ်လုပ်တာလည်း ရှိသလို လေးဘီးယက် စနစ်နဲ့လည်း ထုတ်လုပ်တာတွေ့နိုင်ပေမယ့် နောက်ဘီးယက်စနစ်နဲ့တော့ မလာပါဘူး။  Honda Civicvdk မော်ဒယ်ကနေ သွေဆင်းလာတဲ့ မော်ဒယ်လို့လည်း ဆိုနိုင်မှာဖြစ်ပြီး ဆီဒင်နဲ့ SUV အဖြစ်ပုံစံတော့ ကွဲလွဲတာ ဖြစ်ပါတယ်။ ဒီနေရာမှာ CR-V ရဲ့ အဓိပ္ပာယ် အရှည်ကောက်ကိုလည်း ကြုံလို့ပြောချင်ပါသေးတယ်။ Comfortable Runabout Vehicle ဖြစ်ပြီးတော့ ဇိမ်ခံတန်းဝင် မဟုတ်ပေမယ့် ခရီးဝေးမောင်းနှင်မှုနဲ့ လမ်းကြမ်းပိုင်းမောင်းနှင်မှုအတွက်ပါ အဆင်ပြေအောင် ထုတ်လုပ်ထားတဲ့ မော်ဒယ်ဖြစ်ပါ တယ်။ ဒါပေမယ့် အဆိုပါအရှည်ကောက်စာသားကို ကမ္ဘာ့နိုင်ငံတိုင်းမှာ ရေးသားတင်ပို့ရောင်းချတာဖြစ်ပေမယ့်  ခြွင်းချက်အနေနဲ့ အင်္ဂလန်မှာတော့ Com-pact Recreational Vehicle လို့ ရေးသားသုံးနှုန်းတာတွေ့နိုင်ပါတယ်။

ရှေ့ပိုင်းမှာတော့  Honda က မော်ဒယ်ကို ဂျပန်နဲ့ အင်္ဂလန်မှာပဲထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀ဝ၇ ခုနှစ် လောက်ရောက်မှ အမေရိကန် ဈေးကွက်အတွက်ကိုပါ ဂျပန်နိုင်ငံ အိုဟိုင်းယိုးနဲ့ မက္ကဆီကိုတွေမှာ စက်ရုံတွေ ထပ်မံအားဖြည့်ပြီး ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်အတွင်းမှာလည်း ကနေဒါနိုင်ငံမှာ စက်ရုံသစ်ဆောက်လုပ်ထုတ်လုပ်ခဲ့တာတွေ့နိုင်သလို လက်ရှိကမ္ဘာ့အကြီးဆုံးမော်တော်ကား ဈေးကွက် တရုတ်အတွက်ကိုတော့ ဒေသခံ မော်တော်ကားကုမ္ပဏီတခုဖြစ်တဲ့ Dongfeng နဲ့ တွဲဖက်ပြီးDongfeng Honda Automobile Company ဆိုတဲ့ နာမည်နဲ့ မော်တော်ကားထုတ်လုပ် ရောင်းချတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း CR-V အနေနဲ့  Honda က ထုတ်လုပ်သမျှ SUV မော်ဒယ်တွေထဲမှာ အသေးဆုံးတန်းဝင် မော်တော်ကားဖြစ်ပြီးတော့ တခြားထုတ်လုပ်ရောင်းချနေတဲ့ မော်ဒယ်တွေကတော့ အမေရိကန်နဲ့ ကနေဒါမှာ ရောင်းချနေတဲ့ Element နဲ့ ဥရောပမှာ ရောင်းချနေတဲ့  HR-V မော်ဒယ်တွေထက် သေးငယ်တာ ဖြစ်ပါတယ်။

Honda CR-V (2002)
မော်ဒယ်အနေနဲ့ကတော့ အခုလို နှစ်ပေါင်း နှစ်ဆယ်ကျော် ဖြတ်သန်းထုတ်လုပ်လာပြီးချိန်မှာ မျိုးဆက်အနေနဲ့  လေးဆက်ထိအောင် ပြောင်းလဲအဆင့်မြှင့်ထုတ်လုပ်မှုတွေ လုပ်ဆောင်ထားပြီဖြစ်ပါတယ်။ တဆက်တည်းမှာပဲ အဆိုပါမော်ဒယ်မျိုးဆက်တွေအကြောင်းကိုပြောပြချင်ပါတယ်။ ပထမမျိုးဆက်ကိုတော့ ၁၉၉၅ ခုနှစ်ကနေ ၂၀ဝ၁ ခုနှစ် အတွင်းထုတ်လုပ်ခဲ့သမျှ မော်ဒယ်တွေကိုခေါ်ဝေါ်တာဖြစ်ပါတယ်။ မော်ဒယ်နှစ်ကတော့ ၁၉၉၇ ခုနှစ်ကနေ ၂၀ဝ၁ ခုနှစ်တွေ ဖြစ်ပါတယ်။ အင်္ဂလန်၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ တပ်ဆင်ထုတ်လုပ်မှုတွေရှိခဲ့ပြီး CR-V ရဲ့ ဒီဇိုင်းကို ရေးဆွဲပေးသူကတော့ HiriyukiKawase ဖြစ်ပါတယ်။ ပထမဆုံးဒီဇိုင်းကို ၁၉၉၃ ခုနှစ်ကတည်းကရေးဆွဲပေးထားခဲ့ပါတယ်။ ပထမမျိုးဆက်အနေနဲ့ Honda Civic နဲ့ Integra မော်ဒယ်တွေနဲ့ ဆင်တူတာတွေ့ရပြီးအဆိုပါ မျိုးဆက်မှာတော့ ၂ ဒသမ ဝ လီတာသုံး အင်ဂျင်တပ် မော်ဒယ်တွေကိုပဲ ထုတ်လုပ်ခဲ့တာတွေ့ရသလို ဂီယာချက် ၅ ချက် Manual နဲ့ လေးချက် Auto စနစ်တွေ ထုတ်ခဲ့ပါတယ်။ ရုန်းအားစနစ်မှာတော့ အဆိုပါအချိန်ကတည်းက ရှေ့ဘီးယက်နဲ့ရော လေးဘီးယက်နဲ့ပါ ရနိုင်ခဲ့တာပါ။

ဒုတိယမျိုးဆက်ကိုတော့ ၂၀ဝ၁ ခုနှစ်မှာ စတင်ပြောင်းလဲထုတ်လုပ်လာတာ ဖြစ်ပြီးတော့ ၂၀ဝ၆ ခုနှစ်အတွင်းထိအောင် မော်ဒယ်နှစ် ၂၀ဝ၂ နဲ့ ၂၀ဝ၆ အတွင်း မော်ဒယ်တွေ ဖြစ်လာပါတယ်။ တပ်ဆင်မှုအပိုင်းမှာ အရင်က ထုတ်လုပ်နေကျ စက်ရုံတွေအပြင် အင်္ဂလန်၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတွေမှာ ထုတ်လုပ်တာ တွေ့ရပါတယ်။ ဒုတိယမျိုးဆက်ကိုတော့ ဒီဇိုင်နာ Mitsuhiro Honda က ၁၉၉၉ ခုနှစ်မှာ ရေးဆွဲပေးတာဖြစ်ပြီးတော့ Honda Element လို မော်ဒယ်နဲ့ပါ ဆင်တူအောင် ပုံစံယူရေးဆွဲမှုတွေရှိလာတာ တွေ့ရပါတယ်။ ဒီမျိုးဆက်အတွင်းမှာတော့ ရွေးချယ်နိုင်စရာ အင်ဂျင်စနစ် ပိုများအောင် ထုတ်လုပ်လာပြီး ၂ ဒသမ ဝ လီတာသုံး၊ ၂ ဒသမ ၂ လီတာသုံးနဲ့ ၂ ဒသမ ၄ လီတာသုံး အင်ဂျင်စနစ်တွေပါ ထုတ်လုပ်လာခဲ့တာပါ။ ဒါ့အပြင် Transmission ပိုင်းမှာလည်း ၅ ချက်နဲ့ ၆ ချက်သုံး Manual စနစ်တွေနဲ့ ၄ ချက်နဲ့ ၅ ချက်သုံး Autoစနစ်နဲ့ပါ ရနိုင်လာခဲ့ပါတယ်။

တတိယမျိုးဆက်ကိုတော့ ၂၀ဝ၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၁ ခုနှစ်ထိအောင် သတ်မှတ်ခဲ့တာပါ။ အဆိုပါ မော်ဒယ်ကတော့ ဒီဇိုင်းပိုင်း သိသိသာသာပြောင်းလဲလာတဲ့ မော်ဒယ်လို့ ဆိုနိုင်မှာဖြစ်ပြီး လူကြိုက်လည်း အရမ်းများလာခဲ့ပါတယ်။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀ဝ၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မော်ဒယ်နှစ်တွေ ဖြစ်ပြီးတော့ အင်ဒိုနီးရှား၊ အမေရိကန်၊ မက္ကဆီကို၊ ထိုင်ဝမ်၊ ဂျပန်၊ ထိုင်း၊ အင်္ဂလန်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေမှာ ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တတိယမျိုးဆက်အတွက် ဒီဇိုင်းကတော့ Daisuke Sawai ရဲ့ လက်ရာဖြစ်ပြီးတော့ ၂၀ဝ၄ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်သလို Acura RDX ရဲ့ အငွေ့ အသက်တွေပါ ပါလာပါတယ်။ အင်ဂျင်စနစ်မှာတော့ အရင်မျိုးဆက်ကအတိုင်း အင်ဂျင်စနစ်သုံးမျိုး ထုတ်လုပ်တာတွေ့နိုင်သလို Transmission ပိုင်းမှာတော့ ရွေးချယ်နိုင်စရာ ပြန်လျော့လိုက်တာတွေ့ရပြီး ၆ ချက် Manual စနစ်နဲ့ ၅ ချက် Auto စနစ် နှစ်မျိုးပဲ ထုတ်လုပ်တော့တာ တွေ့ရပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ အဆိုပါမျိုးဆက်အတွင်းမှာ မော်ဒယ်က အကြမ်းခံပိုင်းစစ်ဆေးမှု ရမှတ်တွေ ကောင်းခဲ့ပြီး လူကြိုက်အထူးများခဲ့တာပါ။ စမ်းသပ်မှုတွေအရ ရှေ့ဘက်ခြမ်း ထိခိုက်မှုမှာ ကြယ်ငါးပွင့်ရသလို ဘေးဘက်ခြမ်း စစ်ဆေးမှုမှာလည်း ကြယ်ငါးပွင့်ရခဲ့ပြီး တစီးလုံးအနေအထားမှာ ကြယ်လေးပွင့်ရခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိ နောက်ဆုံးအနေနဲ့ စတုတ္ထမျိုးဆက်ကို ထုတ်လုပ်နေတာတွေ့နိုင်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ မျိုးဆက်ပြောင်းလဲထုတ်လုပ်လာတာ အခုချိန်ထိအောင် ဖြစ်ပြီးတော့  မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၁၂ ခုနှစ်ကနေအခုချိန်ထိအောင် ထုတ်လုပ်နေတဲ့ မော်ဒယ်တွေဖြစ်ပါတယ်။ အမေရိကန်၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ ကနေဒါ၊ အင်ဒိုနီးရှား၊ အင်္ဂလန်နဲ့ တရုတ်နိုင်ငံတွေမှာ ထုတ်လုပ်တာတွေ့ရပြီး ဒီဇိုင်းရေးဆွဲပေးသူကတော့ Manab က Konaka ဖြစ်ပြီးတော့ ၂၀၁၀ ခုနှစ်အတွင်းက ရေးဆွဲထားတာဖြစ်ပါတယ်။

အင်ဂျင်စနစ်မှာ အနည်းငယ်ဆန်းသစ်လာပြီး ထုတ်လုပ်နေကျ ၂ ဒသမ ၂ လီတာသုံး အင်ဂျင်ထုတ်လုပ်မှု လျှော့ချလိုက်တာ တွေ့နိုင်သလို ၂ ဒသမ ဝ လီတာသုံးနဲ့ ၂ ဒသမ ၄ လီတာသုံး အင်ဂျင်စနစ်တွေကို ဆက်လက်ထုတ်လုပ်သလို တဖက်ကလည်း ၁ ဒသမ ၆ လီတာသုံး အင်ဂျင်စနစ်ကို အသစ်အနေနဲ့ စတင် တပ်ဆင်ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ၁ ဒသမ ၆ လီတာသုံး မော်ဒယ်တွေကတော့ ဥရောပဈေးကွက် တခုတည်းအတွက် ထုတ်လုပ်တာလည်း ဖြစ်ပါတယ်။ Transmission ပိုင်းမှာ ၅ ချက် Auto စနစ်ကို တကမ္ဘာလုံးဈေးကွက်အတွက် ထုတ်လုပ်ပေမယ့် ဥရောပဈေးကွက်အတွက် ၉ ချက် Auto စနစ်ကို ထုတ်လုပ်ရောင်းချတာတွေ့ရသလို ဂျပန်ဈေးကွက်အတွက်ကိုတော့ ၆ ချက်  CVT စနစ်နဲ့ ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။

ကောင်းပါပြီ၊ ဒါဆိုရင် CR-V ဆိုတဲ့ မော်ဒယ်တခုအကြောင်းကို တော်တော်လေး စုံလောက်ပြီလို့ ထင်ပါတယ်နော်။ နောက်ဆုံးအနေနဲ့တော့ လုံခြုံစိတ်ချရမှုအပိုင်းမှာ အရွယ်ရောက်သူတွေအတွက် ၉၃ ရာခိုင်နှုန်း၊ ကလေးငယ်တွေအတွက် ၇၄ ရာခိုင်နှုန်းလုံခြုံမှုရှိတယ်လို့ နောက်ပိုင်း စစ်ဆေးချက်တွေ အရသိရသလိုအခြားသောအရေးကြီးစစ်ဆေးချက်တွေမှာလည်း ရမှတ်ကောင်းတွေရထားတာတွေ့ရ တယ်ဆိုတာပြောချင်သလို ပြန်လည်ခေါ်ယူပြင်ဆင်မှုအနေနဲ့တော့ နှစ်ကြိမ်လုပ်ထားဖူးတာ တွေ့ရပြီး ပထမတကြိမ်က ၁၇၂၀ဝ၀ ကို တံခါးစနစ်အားနည်းချက်ကြောင့် ခေါ်ယူပြင်ဆင်ခဲ့သလို ၂၀၁၂ ခုနှစ် အတွင်းမှာ အစီးရေ ၄၈၂၀ဝ၀ ကို Power Window အတွင်း မိုးရေယိုစိမ့်မှုကြောင့် ခေါ်ယူခဲ့တာတွေ့ရပါတယ်။ ထုတ်လုပ်ရောင်းချရမှုနှုန်းများကတော့ ၂၀၁၃ ခုနှစ်မှာ ၃၀၃၉၀၄ စီးထုတ်လုပ်ခဲ့ရသလို ပြီးခဲ့တဲ့နှစ် အတွင်းကတော့ ၃၃၅၀၁၉ စီးထုတ်လုပ်ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။


လင်းထက်(IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved