အွန်လိုင်းက ၀ယ်နိုင်တဲ့ Limited T-Shirt တွေ

Thursday, June 11, 2015



ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းထဲက လူငယ်တွေအတွက်နေ့စဉ်ဝတ်စားဆင်ယင်မှုတွေထဲမှာ ဘယ်တော့မှ ရိုးမသွားဘဲ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ အမြဲတမ်းအထာကျနေမယ့် အရာကတော့ ဒီဇိုင်းဆန်း တီရှပ် (T-shirt) တွေပဲ ဖြစ်ပါတယ်။

တီရှပ်က စမတ်ကျကျတက်ရမယ့်ပွဲ အခမ်းအနားတွေကလွဲလို့ ဘယ်လိုရာသီ၊ဘယ်လို အချိန်မျိုးမှာမဆို ဂျင်းဘောင်းဘီ အရှည်နဲ့၊ အတိုနဲ့တွဲပြီး ဝတ်လိုက်တာနဲ့ အထာကျပြီး လွတ်လပ်ပေါ့ပါးတဲ့ လူငယ်အသွင်ကို ရရှိနိုင်တဲ့ အလွယ်ကူ အရိုးရှင်းဆုံး ဖက်ရှင်အဝတ်ထည်တမျိုးပါ။

တီရှပ်က ဘယ်တော့မှ ရိုးမသွားဘူးဆိုပေမယ့်လည်း တီရှပ်ဒီဇိုင်းဆန်းတွေက တနေ့တမျိုး မရိုးရအောင် အသစ်သစ်တွေ ပေါ်နေတာမို့ ခေတ်နဲ့ အမီလည်း ဝတ်နိုင်အောင် ဒီနေ့ခေတ်မှာ ဘယ်လိုဒီဇိုင်းတွေ ခေတ်စားနေတယ်၊ ဘယ်လို ပုံစံတွေက လူဝတ်များပြီး ရောင်းအားကောင်းနေလဲဆိုတာကို မျက်ခြေမပြတ် သိထားသင့်ပါတယ်။



အခု မြန်မာနိုင်ငံမှာဆိုရင် လက်ရှိအွန်လိုင်းအသုံးပြုနေတဲ့ လူငယ်တွေအကြားမှာ ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ထုတ်လုပ်ထားတဲ့ What’s up Burma ဆိုတဲ့ တီရှပ်၊ ခရိုနီပုံ လူကောင်ဝဝ ဆေးလိပ်ခဲ ထားတဲ့ ပုံနဲ့ လူကြီးလူကောင်းဆိုတဲ့ Notorious တီရှပ်၊ မြန်မာစာလုံး အက္ခရာ “ကကြီးကနေ အ” အထိ ရေးဆွဲ ထားတဲ့ Myanmar Wild Alphabet ဒီဇိုင်းတွေဟာ အထူး ရေပန်းစား လူကြိုက်များ၊ အဝတ်များတာကို တွေ့ရပါ တယ်။

နိုင်ငံရေးကို Troll လုပ်ပြီး သရော်ထားတဲ့ မြန်မာပြည်ထုတ် Limited Edition ကိုယ်ပိုင် ဒီဇိုင်းတီရှပ်တွေကို လူငယ်တွေ အကြိုက်များရတာကတော့ကိုယ်တိုင်ကလည်း Limited ဖြစ်ချင်သလို အရမ်းကြီး ခေတ်မဆန်၊ အရမ်းကြီး ရှေးမကျလွန်းဘဲ မြန်မာဆန်တဲ့ မြန်မာထုတ် ဒီဇိုင်းတွေဖြစ်တာကြောင့်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လလောက်ကနေ စပြီး ထုတ်ခဲ့တဲ့ 022 ရဲ့ Limited Edition တီရှပ်တွေက ဒီဇိုင်းတခုကို တခါထုတ်ရင် ၁၀ ထည်၊ ၁၅ ထည်အထိပဲ ဖြစ်ပါတယ်။ လက်ရှိ ၂၀၁၄ သြဂုတ်ကနေ ၂၀၁၅ မေလ အထိ ထုတ်ထားတဲ့ ဒီဇိုင်းတွေကတော့ Padung Revolution, Timelapse Revolution, Gangland Yangon Represent, Myanmar Wild Alphabet (ကကြီးကခွေး) ၊ Defend our Country, What’s up Burma (ဗိုလ်ချုပ်ပုံ)၊ Notorious (လူကြီးလူကောင်းပုံ) ၊ Mexicano နဲ့ Mr.Peackmaker စတဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။

မြန်မာလူငယ် ဒီဇိုင်နာနှစ်ယောက် ကိုယ်တိုင်ရေးဆွဲတဲ့ ဒီ တီရှပ် ဒီဇိုင်းတွေက လူငယ် အမျိုးသား၊ အမျိုးသမီးတွေ အကြားမှာ အထူးပန်းရေးပန်းစား၊ လူကြိုက်များပြီး အဝယ်များပါတယ်။ အဝယ်များပြီး လူကြိုက်များတဲ့  ဒီဇိုင်းတွေကတော့ What’s up Burma ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့လူကြီးလူကောင်း Notorious တီရှပ် ဒီဇိုင်းပုံတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး နိုင်ငံရေးကိုသရော်တဲ့ Troll လုပ်ထားတဲ့ ဒီဇိုင်းတွေ တီရှပ် အဖြစ် ထုတ်လုပ်ဖြစ်ခဲ့တာကတော့ တီရှပ်တွေကို စလုပ်ကတည်းက ဘယ် Trend ကို သွားမလဲလို့ စဉ်းစားရင်း Troll လုပ်မယ်၊ ဖောက်မယ်၊လက်ရှိ ဖြစ်ပျက်နေတဲ့အရာတွေကို သရော်မယ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ ဂီတရုပ်ရှင်ပဲဖြစ်ဖြစ်၊ Troll မယ် သရော်မယ် ဆိုတဲ့ စိတ်ကူးနဲ့ ဒီဇိုင်းတွေ ရေးဆွဲခဲ့တာလို့ 022 Online Shopping ရဲ့ Co-founder တဦးဖြစ်သူ၊ တီရှပ် ဒီဇိုင်းတွေကိုလည်း ကိုယ်တိုင်ရေးဆွဲတဲ့ မပန်ပန်က ဧရာဝတီကိုပြောပါတယ်။



ဒီ တီရှပ် ဒီဇိုင်းတွေကိုတော့ပုံမှန်အားဖြင့် လူငယ်တွေကြားမှာ အသက်(၂၀) နှစ်၊ (၃၀) နှစ်ကနေ (၃၅) နှစ် ဝန်းကျင်တွေအထိ ဝတ်ကြပြီး အသက် (၁၆) နှစ်၊ (၁၇) နှစ် ဆယ်ကျော်သက် လူငယ်တွေလည်း ဝတ်ကြတယ်လို့ သိရပါတယ်။ Underground က လူငယ်တွေလည်း ဒီတီရှပ်ဒီဇိုင်းတွေ ကြိုက်ကြတယ်လို့ ဆိုပါတယ်။ ဒီတီရှပ်တွေကို အစပိုင်းမှာ ယောက်ျားလေးတွေ လောက်သာ အဝတ်များပြီး အခုနောက်ပိုင်းမှာ မိန်းကလေးတွေလည်း ဝတ်လာကြတာကို တွေ့မြင်ရပါတယ်။

ဒီတပတ်မှာတော့ ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိသတ်လူငယ်တွေအတွက် ဖက်ရှင်ကျတဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ လွယ်ကူရိုးရှင်းပြီး အများကြီးအထွေအထူးစဉ်းစားစရာမလိုဘဲ အထာကျတဲ့ ဝတ်စားဆင်ယင်မှု ဖြစ်အောင် Zero to Two (022 Online Shopping) က ထုတ်တဲ့ မြန်မာပြည်ထုတ်၊ မြန်မာဟန် မြန်မာဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ Limited Edition တီရှပ်ဒီဇိုင်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။

တီရှပ်ဈေးနှုန်းတွေက Medium Size ဆိုရင် ၁၇၀၀၀ ကျပ်၊ Large နဲ့ Free Size ဆိုရင် ၁၈၀၀၀ ကျပ်၊ XL Size ဆိုရင် ၁၉၀၀၀ ကျပ် ကျသင့်တယ်လို့ သိရပါတယ်။

ပုံမှာပြထားတဲ့ တီရှပ်တွေကိုတော့ Zero to Two (022) Clothing, Online Shopping Facebook Page (https://www.facebook.com/ZER0to2) ကနေ ရယူထားတာပဲ ဖြစ်ပါတယ်။


သီဟတိုး 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved