ကျောင်းထားပေးခဲ့တဲ့ မိဘမဲ့ ဆယ်တန်းကျောင်းသားတွေအားလုံး ဆယ်တန်းအောင်လို့ ပီတိဖြစ်နေတဲ့ မိုးစက်ဝိုင်

Thursday, June 11, 2015


Miss Universe Myanmar အလှမယ် မိုးစက်ဝိုင် (ဓာတ်ပုံ - စိုင်းဇော်/ The Irrawaddy)

Miss Universe Myanmar အလှမယ် မိုးစက်ဝိုင် တယောက် ဆိပ်ဖူးတောင် ပရဟိတဂေဟာမှ မိဘမဲ့ ဆယ်တန်း ကျောင်းသား ကျောင်းသူ ကလေး သုံးယောက်ကို မနှစ်က စိုးစံဘော်ဒါကျောင်းမှာ ကျောင်းထားပေးရာကနေ အခု ဆယ်တန်းစာမေးပွဲကို အောင်မြင်သွားကြပါပြီတဲ့။

သူ ဘယ်လိုကြောင့် မိဘမဲ့ ကလေးသုံးယောက်ကို ကျောင်းထားပေးရသလဲဆိုတော့…

“ဆိပ်ဖူးတောင် မိဘမဲဂေဟာကနေပြီး မိုးစက် Miss Universe Myanmar မဖြစ်ခင်က သွားတဲ့အချိန်မှာ တွေ့ခဲ့တာပါ။ အဲ့တုန်းကတော့ ယောကျာ်းလေးတယောက်ပဲ တွေ့ခဲ့တာပါ။ နောက်တခေါက် Miss Universe Myanmar ဖြစ်ပြီးတဲ့အခါမှာ အလှူသွားလုပ်တယ်။ အဲ့မှာ သူတို့ကို တခုခု လုပ်ပေးမယ်ဆိုပြီးတော့ စကော်လားရှစ်ထားဖို့အတွက် အကြံရသွားတာပါ။ အဲ့တော့ ထားပေးမယ်ဆိုပြီး အကြံရသွားတဲ့အချိန်မှာ ဘုန်းဘုန်းဆီကနေ နောက်ထပ်ကလေး နှစ်ယောက် ထပ်တောင်းတာပေါ့။ ဘုန်းဘုန်းကနေပြီး စာ  အတော်ဆုံး ကောင်မလေး နှစ်ယောက် ထပ်ထည့်ပေးလိုက်တယ်။ ကောင်လေးကိုလည်း ကျမက သံယောဇဉ်ရှိလို့ ခေါ်လာ တယ်။ သူကတော့ စာအတော်ကြီး မဟုတ်ဘူးပေါ့။

ပြီးတော့ စိုးစံ ဘော်ဒါကျောင်းမှာ အဲ့ဒီကလူနဲ့လည်း သိနေတော့ သူတို့လည်း နည်းနည်း discount တောင်းတာပေါ့။ သူတို့ကလည်း ၀ိုင်းကူပြီး အစစအရာရာ စောင့်ရှောက်တယ်။ အမြဲတမ်း ကျမကို သတင်းပို့ပေးနေတယ်။ ၀ိုင်းဝန်းကြည့်ပေးကြတယ်။ အစကတော့ ယောကျာ်လေးကို အောင်ပါ့မလားလို့ စိတ်ပူမိတယ်။ သူကတော့ ကျမ သံယောဇဉ်ရှိလို့သာ ခေါ်လာတာ။ စာအရမ်းအတော်ကြီးထဲမှာ မပါဘူးလေ။ သူလည်း တော်တော် ကြိုးစားပါတယ်။ နောက်ဆုံးတော့ သုံးယောက်စလုံးအောင်သွားတဲ့အတွက် အရမ်းကို ၀မ်းသာပါတယ်။ ကလေးမလေး တယောက်က Eco ဂုဏ်ထူးပါထွက်တယ်ဆိုတော့ ပိုပြီး ၀မ်းသာပါတယ်။” လို့ မိုးစက်ဝိုင်က ဧရာဝတီကို ပြောပါတယ်။

အခုလို သူ ကျောင်းထားပေးခဲ့တဲ့ မိဘမဲကျောင်းသားသုံးယောက်စလုံး စာမေးပွဲအောင်မြင်သွားခဲ့တဲ့အပေါ် သူ့ရဲ့ဝမ်းသာ ပီတိစကားကိုလည်း ဆက်ပြောပါတယ်။

“ကလေးတွေကတော့ ကျမ မှန်းထားတဲ့အတိုင်း ကြိုးစားတယ်။ ပြီးတော့ ကျမ ဖြစ်စေချင်တာ စာချည်းပဲ ဂုဏ်ထူးတွေထွက်ပြီး အဲ့လိုမျိုးမဟုတ်ဘူး။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဆယ်တန်းစာမေးပွဲက အရေးကြီးဆုံးလေ။ ဆယ်တန်းကတော့ အောင်ကို အောင်ရမယ်။ မအောင်ရင် ဘာမှ ဆက်လုပ်လို့ မရဘူး။ အဲ့ဒီအတွက် ဒါဟာ သူတို့ဘ၀အတွက် အချိုးအကွေ့တခုလို့လည်း ကျမမြင်ပါတယ်။ ဆယ်တန်းအောင်သွားပြီ ဆိုရင် ကိုယ်က ဘာလုပ်လုပ် လုပ်ဖို့ လမ်းစ ပွင့်သွားပါပြီ။ နောက်ပြီး စိုးစံကျောင်းမှာ သူတို့ သူငယ်ချင်းတွေ ရလာတယ်။ သူတို့ခါတိုင်းနေနေကျ ပတ်ဝန်းကျင် မဟုတ်ဘဲနဲ့ တခြားပတ်ဝန်းကျင် အသစ်က သူငယ်ချင်း တွေပေါ့။ နောင်တချိန်ကျရင် ပြန်တွေ့ကြမယ်။ ဒါလေးကို ပြန်တွေးရင်းနဲ့ကို ပီတိဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

အဲ့ဒီ ဆယ်တန်းစာမေးပွဲ အောင်မြင်သွားကြတဲ့ ကျောင်းသားတယောက် ကျောင်းသူနှစ်ယောက်ရဲ့ ရှေ့ဆက် ပညာရေးအတွက် သူဘာတွေ ဆက်လုပ်ပေးမလဲဆိုတာကို မေးမြန်းကြည့်တော့

“အခုလောလောဆယ်မှာတော့ ကျမ မအားသေးဘူးပေါ့နော်။ ဇူလိုင်လကျရင်တော့ သူတို့ကို သွားတွေ့မယ်လို့ စီစဉ်ထားပါတယ်။ ဘုန်းဘုန်းတွေနဲ့လည်း စကားပြောကြည့်ရဦးပါမယ်။ တိုင်ပင်ရပါဦးမယ်။ ဘုန်းဘုန်းက ဘယ်လိုဖြစ်စေချင်သလဲ ကျမက ဘာလုပ်ပေးနိုင်မလဲပေါ့။ ပြီးတော့ ကလေးတွေကလည်း ဘာဆက်ပြီး လုပ်ချင်သလဲဆိုတာပေါ် မူတည်တာပေါ့။ ဒါကလည်း အကုန်လုံးထိုင်ပြီး စကားပြောမှပဲ သိမှာပါ။” လို့ မိုး စက်ဝိုင်က ပြောပါတယ်။

အခုလိုပဲ နောက်ထပ် မိဘမဲ့ ဆယ်တန်းကျောင်းသားကလေးငယ်တွေ ရှိလာမယ်ဆိုရင်ကော မိုးစက်ဝိုင်အနေနဲ့ ထောက်ပံ့ ကူညီပေးသွားဖို့ ရှိမရှိ မေးမြန်းကြည့်တော့ သူ့အနေနဲ့ နှစ်တိုင်းပုံမှန် လုပ်ဆောင်သွား ချင်ပေမယ့် လက်ရှိ စာမေးပွဲ အောင်မြင်ထားတဲ့ ကလေးသုံးယောက်အတွက် အားနည်သွားမှာ စိုးတဲ့   အတွက် ဒီကလေး သုံးယောက်ကိုပဲ အဓိက အာရုံထားလုပ်သွားချင်တာဖြစ်ပြီး သူ နိုင်သလောက်ပဲ လုပ်သွားချင်တယ်လို့ ဆိုပါတယ်။

မိဘမဲ့ ကလေးတွေကို အဓိက အာရုံထားပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတဲ့ မိုးစက်ဝိုင်က   “ဗုဒ္ဓဘာသာအရဆိုရင်တော့ ကံကံချင်း မတူလို့ အခြေအနေ အမျိုးမျိုးကွဲနိုင်တယ်။ ဒါပေမယ့် ကိုယ်က အခြေအနေတခု ပေးလာတဲ့အခါမှာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်ဖြစ်လာနိုင်ပါတယ်။” လို့ အားပေးစကားဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved