လာမယ့်နှစ်မှာ ခဏအနားယူဖို့ အစီအစဉ်ရှိတဲ့ One Direction အဖွဲ့

Monday, June 8, 2015


photo - mirror.co.uk

ယောကျာ်းလေး အဆိုတော်များနဲ့ ဖွဲ့စည်းထားတဲ့ One Direction အဖွဲ့ဟာ နောက်နှစ်မှာ ခေတ္တခဏ အနားယူဖို့ အစီအစဉ်ရှိကြောင်း သတင်းပေးလာပါတယ်။ (၅)ခုမြောက် ထွက်ရှိလာမယ့် သူတို့ရဲ့တေးစီးရီးနဲ့ အဖွဲ့ဝင်လေးယောက်ရဲ့အသံကို နောက်ထပ်တစ်နှစ်မျှသာ နားဆင်ရတော့မှာမို့ သန်းနဲ့ချီတဲ့ ၄င်းတို့ရဲ့     ပရိတ်သတ်များဟာ စိတ်မကောင်းဖြစ်နေကြပါတယ်။

အဖွဲ့ထဲက အသက်(၂၁)နှစ်အရွယ် ဟယ်ရီစတိုင်းလ်စ်ဆိုသူကတော့ တစ်ကိုယ်တော် တေးစီးရီး ထုတ်ဖို့အတွက် အာသီသပြင်းပြနေကြောင်း သတင်းပေးထားပါတယ်။ နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် (၂၃)နှစ်အရွယ် လူးဝစ်တော်မ်လင်ဆန် ကတော့ သူ့ရဲ့ အိမ်မက်ဖြစ်တဲ့ X Factor အစီအစဉ်မှာ ဒိုင်တစ်ဦး  ဖြစ်ဖို့ ဆန္ဒပြင်းပြနေပါတယ်။

One Directionအဖွဲ့ရဲ့သတင်းပေးချက်အရ ၄င်းတို့အဖွဲ့ဟာ (၅)ခုမြောက်တေးစီးရီး ထွက်ရှိပြီး ကမ္ဘာ အနှံ့အပြားမှာ လှည့်လည်ဖျော်ဖြေမှုများအပြီးမှာတော့ အနားယူမှာဖြစ်ပါတယ်။ (၂၀၁၀)ခုနှစ်ကတည်းက X Factor အစီအစဉ်ရဲ့ဒိုင်အကြီးအကဲဖြစ်သူ ဆိုင်မွန်ကိုဝဲလ် မြေတောင်မြှောက်ပေးလိုက်တဲ့ One Directon အဖွဲ့အတွက် အဖွဲ့ဝင်များဖြစ်သူ အသက် (၂၁)နှစ်အရွယ်ရှိ လိုင်ယမ်း ပိန်းနဲ့ နေးလ် ဟော်ရမ်း နှစ်ဦးစလုံးဟာ တေးစီးရီးတွေ၊ လှည့်လည်ဖျော်ဖြေရေးကိစ္စတွေ ဖြစ်မြောက်အောင် ကြိုးပမ်းလာခဲ့ပါတယ်။ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇေးန် နုတ်ထွက်သွားချိန် မတ်လကတည်းက One Direction ပရိသတ်များရဲ့ အားပေးမှုတွေဟာလည်း ဖရိုဖရဲဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ဆိုင်မွန် ကိုဝဲလ် ကတော့ အဖွဲ့ကို ရေရှည်တည်တန့်အောင် ပြန်လည်ထိန်းထားလိမ့်မယ်လို့    ယုံကြည်ရတဲ့အပြင် အခုလို အနားပေးလိုက်တာဟာလည်း နောက်တစ်ကျော့ ပြန်လာတဲ့အခါ အားအင်အပြည့်နဲ့ ပိုလို့ ခိုင်ခံ့စွာရပ်တည်သွားဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေရာအနှံ့အပြားမှာရှိနေတဲ့ One Directionရဲ့ ပရိသတ်တွေကို အားမလျော့ဘဲ မျှော်လင့်ချက်ထားဖို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက အားပေးခဲ့ပါတယ်။ ထိုသူကပဲ “ ဒီလိုအနားယူဖို့ အစီအစဉ်ဟာ ပြုလုပ်ဖို့ မျှော်မှန်းထားတဲ့ အရာတစ်ခုသာဖြစ်ပြီး   အကြောင်း အရာတစ်ခုခုကြောင့် အနားယူဖို့ လုပ်လိုက်ရတာမျိုးမဟုတ်ပါဘူး။ အဖွဲ့ဝင်တွေအားလုံးဟာလည်း ထွက်ရှိလာမယ့် သူတို့ရဲ့ (၅)ခုမြောက် တေးစီးရီးနဲ့ လာမယ့် နယ်လှည့်ဖျော်ဖြေရေးပွဲတွေအတွက် စိတ် လှုပ်ရှားနေကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။ ။ http://www.mirror.co.uk/3am/celebrity-news/one-direction-planning-take-break-5825882 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved