ပြင်ဦးလွင်က ဝိုင်ကောင်းကောင်းရတဲ့ Woodland စားသောက်ဆိုင်

Wednesday, July 1, 2015


ဓာတ်ပုံများ- တေဇလှိုင်/ The Irrawaddy

အခုလို အုံ့ဆိုင်းဆိုင်းနဲ့မိုးအေးတဲ့ ရာသီဥတုမှာ အေးအေးချမ်းချမ်းနဲ့ ခရီးသွားနေသူတွေ အနေနဲ့ ကြုံကြိုက်လို့ပဲဖြစ်ဖြစ်၊ တမင်သွားလည်တာပဲဖြစ်ဖြစ် အေးချမ်းတဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ပန်းမြို့တော်ပြင်ဦးလွင်ဘက်ကို ရောက်တုန်း ရောက်ခိုက် အနောက်တိုင်း အစားစာတွေစားသုံးရင်း ဝိုင်လေးသောက်လို့ အေးဆေးဇိမ်ကျချင်သူတွေအတွက် ဥရောပအစားစာတွေနဲ့ ထိုင်း၊ တရုတ်စတဲ့အစားအစာတွေ ရနိုင်တဲ့ စားသောက်ဆိုင်လေးတဆိုင်နဲ့ မိတ်ဆက် ပေးချင်ပါတယ်။

ကျနော် မိတ်ဆက်ပေးချင်တဲ့ ဆိုင်ကတော့ ပြင်ဦးလွင်မြို့ရဲ့အလှပေါင်းစုံရာ၊ ပန်းပေါင်းစုံရာ အမျိုးသား ကန်တော်ကြီးဥယျာဉ်နဲ့ အရမ်းမဝေးဘဲ ကန်တော်ကြီးကိုသွားရာလမ်းဖြစ်တဲ့ ပြင်ဦးလွင် မြို့ပတ်လမ်း ပေါ်က Woodland Restaurant & Café ပဲဖြစ်ပါတယ်။

ယူကလစ်ပင်၊ ထင်းရှုးပင် စတဲ့ သစ်ပင်ကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်းရှိနေတတ်တဲ့ ပြင်ဦးလွင်ရဲ့ မြို့ပတ်လမ်းပေါ်မှာ ကန်တော်ကြီးဥယျာဉ် မရောက်ခင် ပြည်တော်သာရပ်ကွက် အနီးတဝိုက်မှာရှိတဲ့ Woodland စားသောက်ဆိုင်က ဆိုင်အတွင်းကို ဝင်သွားလိုက်တာနဲ့ အတွင်းပိုင်း အပြင်အဆင်က ဓာတ်ပြားစက်၊ ရေဒီယို၊ စန္ဒရား စတဲ့ ရှေးဟောင်း Antique ပစ္စည်းတွေ သေချာ စုဆောင်း အလှဆင်ထားတာကို တွေ့ရပါတယ်။

ဆိုင်ရဲ့ အနောက်ဘက်မှာတော့ ဝိုင်တွေသိုလှောင်ထားတဲ့ Wine Cellar အခန်းတခန်း ထားရှိတာကို တွေ့ခဲ့ရပါတယ်။ ဆိုင်မှာတော့ ထူးခြားချက်အနေနဲ့ ဝိုင်တွေကို ပုလင်းနဲ့သာမက၊ မေမြို့ရဲ့ ဒေသထွက် ဝိုင်ကို By glass ဆိုပြီး တခွက်ချင်း မှာယူသောက်သုံး မြည်းစမ်းလိုသူတွေအတွက် စီစဉ်ပေးထားတယ်ဆိုတာကိုလည်း သိရပါတယ်။


ဥရောပအစားအစာ၊ ထိုင်းစာ၊ တရုတ်စာတွေအမျိုးမျိုးရရှိနိုင်တဲ့ ဆိုင်ရဲ့ Menu ကို လှန်လှောရင်း ဆိုင်မှာလည်း ထူးထူးခြားခြားဖြစ်နေတဲ့ Italian အစားအစာတွေနဲ့ Russian အစားအစာတွေကို မှာယူလိုက်ပါတယ်။

ပြီးတော့ ဆိုင်ရဲ့ Menu ထဲကနေ တရုတ်အစားအစာတမျိုး ဖြစ်တဲ့ ဝက်သားနီ ကိုက်လံမြေပဲဆော့စ် (၄၂၀၀ ကျပ်)၊ Russian Salad (၄၀၀၀ ကျပ်)၊ Italian Style Steak (၆၅၀၀ကျပ်) ၊ Italian Seafood Soup (၃၅၀၀ ကျပ်) တို့ကို မှာယူလိုက်ပါတယ်။ သောက်စရာအနေနဲ့ ပြည်တွင်းဖြစ် Local Wine တလုံးနဲ့ Purple Rain လို့အမည်ရတဲ့ Juice တခွက် မှာယူလိုက်ပါတယ်။


မှာယူထားတဲ့ အစားအသောက်တွေ ရောက်လာတဲ့အခါ မြည်းစမ်းကြည့်တော့ ဝက်သားနီ ကိုက်လံ မြေပဲဆော့ ဟင်းလျာက နာမည်ကလည်း ထူးခြားသလို၊ ချက်ထားပုံ၊ အရသာကလည်း စားရတာ ထူးခြားပါတယ်။ ဝက်သားပြားကို နီရဲအောင် တရုတ်အရောင်တင်မှုန့်နဲ့ ရောကြော်ထားတဲ့ ဝက်သားပြား အနီကြော်နဲ့ ကိုက်လံကို မြေပဲဆော့အုပ်ထားတဲ့ ပုံစံမျိုးပါ။

ထူးခြားတာကတော့ မြေပဲဆော့စ်ကို ပြုလုပ်တဲ့အခါ အရောင်လှအောင် ဝက်သားပြားမှာ ရောနယ်ကြော်ထားတဲ့ တရုတ်အရောင်တင်မှုန့်နဲ့ ဆော့စ်ကိုပြုလုပ်ထားတာလို့ သိရပါတယ်။ အရသာကတော့ မြေပဲနဲ့ပြုလုပ်ထားတဲ့ အနှစ်ဖြစ်တာကြောင့် ချိုဆိမ့်ဆိမ့်လေးနဲ့စားကောင်းပြီး ဝက်သားပြားကြော်၊ ကိုက်လံတို့နဲ့ အစပ်အဟပ် တည့်တဲ့ တရုတ်ဟင်းလျာတခုလို့ ညွှန်းဆိုချင်ပါတယ်။

ထပ်မံပြီး Russian Salad ကိုမြည်းစမ်းကြည့်ပါတယ်။ သူက Salad တို့ရဲ့ ထုံးစံအတိုင်း ခရမ်းချဉ်သီး၊ ပန်းမုန်လာ၊ Broccoli၊ တူနာငါး စတာတွေကို ကြက်သွန်နီနဲ့ ရောနယ်သုပ်ထားပြီး အောက်မှာဆလပ်ရွက်ခင်းပြီး အလှဆင်သုပ်ထားတာမျိုးပါ။

Russian Salad ရဲ့ အလှဆင်ထားမှု ထူးခြားချက်ကတော့ Salad အပေါ်မှာ ကြက်ဥပြုတ်ကို ထက်ခြမ်း ခြမ်းပြီး ကြက်ဥအနှစ်နေရာမှာ ကြက်ဥအနှစ်ရယ် Mayonnaise၊ ငရုပ်ကောင်းတို့နဲ့ အရသာရှိအောင် ပြုလုပ်ထားတဲ့ အနှစ်ကိုထည့်ပြီး အလှဆင်ထားတာ တွေ့ရပါတယ်။ ဟင်းသီးဟင်းရွက်စုံကို တူနာငါး၊ ကြက်သွန်နီနဲ့ ရောသုပ်ထားတာကြောင့် အအီလည်းပြေ၊ အရသာလည်း ရှိပါတယ်။


Italian Style Steak နဲ့ Italian Soup ကို မြည်းစမ်း စားသုံးကြည့်ချိန်မှာတော့ Steak က အလှဆင်ထားတာကအစ အရောင်အသွေးစုံလှပြီး စားချင်စဖွယ် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ Soup ကတော့ ခါတိုင်းသောက်နေကျ Soup တွေလို အရောင်အဖျော့ထဲက မဟုတ်ဘဲ အရောင်နီရဲရဲ ဖြစ်တာကို တွေ့ရပါတယ်။

အရသာကတော့ Steak က ပုံမှန်ပဲ Medium rare grilled လုပ်ထားတာဖြစ်ပြီး ထူးခြားတာက အမဲသားဟင်းအနှစ်ကို ဆော့စ်အဖြစ်တို့စားရတာမျိုးပါ။ Steak နဲ့ အတူ Grilled လုပ်ထားတဲ့ ကညွတ်၊ မုန်လာဥနီ၊ ပန်းမုန်လာ၊ Broccoli တို့ပါဝင်ပြီး အာလူးကို အပြားလိုက်လေးတွေ လွှာပြီး မုန့်နှစ်နဲ့ရောကြော်ထားတဲ့ အာလူးပြားကြော်လည်း ပါဝင်ပါတယ်။ အဲဒီ အာလူးအပြားကြော်ကလည်း Steak နဲ့ တွဲစားဖို့ပေးထားတဲ့ အမဲသားနှစ်နဲ့ တို့စားတဲ့အခါ အရသာ စပ်ဟပ်တာကို ခံစားမိပါတယ်။

Soup ကတော့ ခရမ်းချဉ်သီး ပင်လယ်စာ Soup ဖြစ်တာကြောင့် ချဉ်ချိုချိုလေးနဲ့ ပင်လယ်စာအရသာ ပုစွန်၊ ဂဏန်း၊ ပြည်ကြီးငါးစတာတွေနဲ့ ပြုလုပ်ထားတာ တွေ့ရပါတယ်။ အရသာရှိတဲ့ အနောက်တိုင်းအစားအစာတွေနဲ့အတူ မေမြို့ဒေသထွက် ဝိုင်ကို အေးအေးဆေးဆေးသောက်သုံးရင်း မိုးရာသီအေးအေးလေးကို ဖြတ်သန်းရတာ ဇိမ်ပဲပေါ့။

ဆိုင်အတွင်းမှာ အလှဆင်ထားတဲ့ နှစ်ပေါင်းအတော်ကြာတဲ့ ရှေးဟောင်းပစ္စည်းတချို့ကလည်း ဆိုင်ရဲ့ အသွင်အပြင်ကို ထူးခြားစေသလို၊ ဆိုင်အနောက်ဘက်မှာရှိတဲ့ Wine Cellar က ဝိုင်ထွက်ရှိတဲ့မေမြို့အတွက်တော့ ထူးခြားပြီး စိတ်ဝင်စားစရာပါ။ ညဘက်တွေဆိုရင်လည်း Woodland မှာက Unplugged တီးဝိုင်းတွေ ရှိတတ်တဲ့အတွက် နိုင်ငံခြားသားတွေ အထိုင်များတဲ့ စားသောက်ဆိုင်တခု ဖြစ်တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်ကို အလည်လာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေအတွက် ရွေးချယ်စရာ စုံလင်ပြီး အနောက်တိုင်း၊ အရှေ့တိုင်းအစားအစာတွေနဲ့အတူ၊ ဝိုင်၊ အရက်ကောင်းကောင်းတွေ ရရှိနိုင်ပါတယ်။ ပြင်ဦးလွင်မှာ Woodland Sushi bar, Woodland စားသောက်ဆိုင်စတဲ့ Woodland ဆိုင်ခွဲတွေ ဖွင့်ထားပြီး ၂ နှစ်ကျော် နီးပါး ဖွင့်ပြီးဖြစ်တဲ့ Woodland စားသောက်ဆိုင်ကို နေပြည်တော်မှာလည်း ဆိုင်ခွဲထပ်ဖွင့်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ဆိုင်လိပ်စာ- Woodland Restaurant & Café အမှတ် (၅၃-D)၊ မြို့ပတ်လမ်း၊ပြင်ဦးလွင်မြို့။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved