ပြည်မြို့က တက္ကသိုလ်ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ စာပေဟောပြောပွဲ

Tuesday, July 14, 2015


စာပေဟောပြောပွဲ  (ဓါတ်ပုံများ-ကိုရဲစွမ်း PDL)

ပြည်မြို့ ခေတ္တရာယဉ်ကျေးမှုပြဇာတ်ရုံမှာ ကျောင်းသားနဲ့ အနာဂတ် စာပေဟောပြောပွဲ ကို  ဗကသများ    အဖွဲ့ချုပ် (မြေလတ်ဒေသ) ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂနဲ့ ပြည် ဝိဇ္ဇာ- သိပ္ပံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတို့က ဦးဆောင်ပြီး တနင်္ဂနွေနေ့( ဇူလိုင်လ ၁၂ ) ရက်နေ့ မနက်ပိုင်းမှာ ကျင်းပပြု  လုပ်ခဲ့ပါတယ်။

စာပေဟောပြောပွဲကို စာရေးဆရာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ ဆရာချစ်ဦးညိုတို့က ကျောင်းသားနဲ့ အနာဂတ်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လူငယ်ကျောင်းသားတွေအတွက် အဓိကထား ဦးစားပေးဟောပြောခဲ့ပါ တယ်။


ကျောင်းသားလူငယ်တွေ အချင်းချင်း စည်းလုံးညီညွတ်ရေးနဲ့ ကျောင်းသားသမဂ္ဂတွေရဲ့သမိုင်းကြောင်းနဲ့ အရေးပါပုံတွေကို ကျောင်းသားတွေ သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ စီစဉ်ကျင်းပခဲ့တာဖြစ်တယ်လို့ ပြည်နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုသန့်စင်ထွန်းက ဧရာဝတီကို ပြောပါတယ်။

“ကျောင်းသားသမဂ္ဂသမိုင်းအကြောင်းတွေနဲ့ ကျောင်းသားသမဂ္ဂရဲ့ အရေးပါပုံတွေရယ်။ နောက်ပြီး စာရေးဆရာတွေပြောတဲ့ ရသစာပေတွေ နားထောင်ပြီးတော့ ကျောင်းသားသမဂ္ဂတွေဟာ ဘယ်လောက်ထိ အရေးပါသလဲ ဘာကြောင့် လုပ်သင့်သလဲဆိုတာ သိစေချင်တာလဲပါတယ်။ ကျောင်းသားသမဂ္ဂ ၂ ခုတွဲပြီး အလုပ် လုပ်ခြင်းအားဖြင့် အားလုံး စည်းလုံးညီညွတ်မှုကို ရစေချင်တဲ့အတွက် လုပ်ဖြစ်တာပါ။” လို့ ကိုသန့်စင်ထွန်းက ပြောပါတယ်။


စာရေးဆရာတွေဖြတ်သန်းခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘဝနဲ့ ယခုလက်ရှိကြုံတွေ့နေရတဲ့ တက္ကသိုလ်ကျောင်းသား တွေရဲ့ အခြေအနေ ကွာခြားမှုတွေကိုလည်း သိခဲ့ရကြောင်း ပြည်နည်းပညာတက္ကသိုလ်ကျောင်းသား (လျှပ်စစ်စွမ်းအား တတိယနှစ်) ကိုရန်နိုင်ကျော်ကလည်း အခုလိုပြောပါတယ်။

“ကျောင်းသားလှုပ်ရှားမှုတွေမှာ ကျနော်တို့ ကျောင်းသားထု ဘယ်လောက်ပါဝင်နိုင်သလဲ ဘယ်လောက်    အောင်မြင်မှုရှိသလဲ ဆိုတာကို စမ်းသပ်ချင်လို့ ကျောင်းသားနဲ့ အနာဂတ်ခေါင်းစဉ်နဲ့ ကျင်းပတာပါ။         ဆရာတွေဟောတာက အရင်တုန်းက တနိုင်ငံလုံးမှာ တက္ကသိုလ်ကျောင်းက ရန်ကုန်နဲ့ မန္တလေး ၂ ကျောင်းပဲရှိလို့ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားထုက တနေရာတည်းမှာပဲ စုစည်းပြီးသားဖြစ်တယ်။ အစိုးရက မတရားဖိနှိပ်မှု တခုခုလုပ်လာရင် ကျောင်းသားထုက စုစည်းပြီးသားဖြစ်တဲ့အတွက် တခါတည်း ဆန့်ကျင်မှုတွေကို အချိန်တိုတိုအတွင်းမှာပြုလုပ်နိုင်တယ်။ အခုချိန်မှာ တက္ကသိုလ်တွေက နိုင်ငံအနှံ့မှာ ပြန့်ကျဲနေတဲ့အတွက် စုစည်းရတာ ခက်ခဲမှုတွေရှိတယ်။ အဲဒါကြောင့်မို့လို့ ကျောင်းသားတွေအနေနဲ့ စည်းလုံးညီညွတ်ဖို့ လိုအပ် တယ်ဆိုတာကို ဟောပြောသွားတယ်။” လို့ ကိုရန်နိုင်ကျော်က ဆက်ပြောပါတယ်။

တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်မှာ ပြုလုပ်တဲ့ပွဲဖြစ်လို့ ကျောင်းသားတွေ မလာနိုင်မှာစိုးရိမ်ပေမယ့် ထင်ထားတာထက် ကျောင်းသားတွေတော်တော်များများလာရောက်ကြောင်းနဲ့ အခုလိုစာပေဟောပြောမှာပွဲဖြစ်မြောက်ရေးမှာ ကျောင်းသားတွေနဲ့အတူ ပြည်မြို့ပေါ်မှ မိဘပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရဲ့ ကူညီထောက်ခံ အားပေးမှုတွေကြောင့် အောင်မြင်ခြင်းသာဖြစ်ကြောင်း ပြည်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုရန်နိုင်ကျော်က ပြောပါတယ်။


ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved